backup og meta

အရိုးပွခြင်းနှင့် ပတ်သက်သော ယုံတမ်းစကားများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးပွခြင်းနှင့် ပတ်သက်သော ယုံတမ်းစကားများ

    အရိုးပွခြင်းဆိုတာ အရိုးများသိပ်သည်းဆအားနည်းလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာတဝှမ်းက လူသန်းပေါင်းများစွာ ကြုံတွေ့နေရတဲ့ပြဿနာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အသက်ငါးဆယ်ကျော်အရွယ်တွေမှာ ဖြစ်တာ များပါတယ်။

    ယခုဖော်ပြမှာကတော့ အရိုးပွခြင်းနဲ့ပတ်သက်ပြီး ပြောဆိုနေကြတဲ့ ယုံတမ်းစကားတွေ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေဟာ လူထုကြားထဲမှာ စစ်တမ်းကောက်ပြီး ကြားရအများဆုံးစကားစုတွေ ဖြစ်ပါတယ်။

    ယုံတမ်းစကား ၁။ အရိုးပွခြင်းဟာ အသက်ကြီးလာရင် မလွဲမသွေကြုံနိုင်တယ်

    ဒီစကားရပ်ဟာ ယေဘုယျအားဖြင့် မှန်ကန်သယောင်ထင်ရပါတယ်။ အသက်ကြီးလေ အရိုးပွပြီး အရိုးကျိုးနိုင်ခြေ များလေဖြစ်ပါတယ်။ ဒါပေမယ့် မလွဲမသွေကြုံနိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အရိုးပွခြင်းမဖြစ်အောင် တတ်နိုင်သလောက် ကာကွယ်နိုင်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကယ်လ်ဆီယမ်၊ ဗီတာမင် D ကို လုံလောက်စွာ ရရှိပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ရင် အရိုးပွခြင်း၊ အရိုးကျိုးခြင်း ဖြစ်နိုင်ခြေ နည်းပါတယ်။

    ယုံတမ်းစကား (၂)။ အရိုးပွခြင်းဟာ အမျိုးသမီးတွေမှာပဲ ဖြစ်တတ်တယ်

    အမျိုးသမီးတွေမှာ အဖြစ်ပိုများပါတယ်။ ဒါပေမယ့် အမျိုးသားတွေလည်း ကြုံရပါတယ်။ အမေရိကန်မှာဆိုရင် အသက် ၅၀ ကျော်အရွယ် အမျိုးသားများရဲ့ နှစ်ဆယ်ရာခိုင်နှုန်းဟာ အရိုးပွပြီး အရိုးကျိုးခြင်းကို ကြုံတတ်ကြပါတယ်။ အာဖရိကနိုင်ငံတချို့မှာဆိုရင် အမျိုးသားနဲ့ အမျိုးသမီး ဖြစ်နိုင်ခြေ ဆတူရှိတယ်ဆိုတာကို တွေ့ရှိရပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များရတဲ့ အကြောင်းအရင်းကတော့ သွေးဆုံးပြီးချိန်မှာ ကိုယ်ခန္ဓာတွင်း ဟော်မုန်းဓာတ်အပြောင်းအလဲတွေ ကြုံရလို့ ဖြစ်ပါတယ်။

    ယုံတမ်းစကား (၃)။ အသက်မကြီးသေးရင် အရိုးပွခြင်းအတွက် ပူစရာမလိုဘူး

    အရိုးများရဲ့ထုထည်အားလုံးနီးပါးဟာ မိန်းကလေးဆိုရင် အသက် ၁၈ နှစ်၊ ယောကျ်ားလေးဆိုရင် အသက် ၂၀ မှာ ဖွဲ့စည်းဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ်မှာ အရိုးပွခြင်းပြဿနာအတွက် ပူစရာမလိုပေမယ့် ထိုအချိန်ကတည်းက အရိုးများရဲ့ ကျန်းမာရေးကို အလေးထားမှသာ နောင်အသက်ကြီးလာရင် အရိုးပွခြင်းမဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက အရိုးများကို အကျိုးပြုမယ့် အာဟာရဓာတ်တွေကို စနစ်တကျစားသောက်သွားဖို့ လိုပါတယ်။

    ယုံတမ်းစကား (၄)။ အရိုးတွေကျိုးတာလောက်ပဲ အန္တရာယ်ရှိတယ်

    အရိုးပွခြင်းဟာ တခါတရံမှာ အသက်အန္တရာယ်အထိ ဒုက္ခပေးပါတယ်။ မတော်တဆမှုတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပေါင်ရိုးကျိုးတတ်ပါတယ်။ ပေါင်ရိုးကျိုးတဲ့အခါ ခွဲစိတ်ကုသမှု ခံယူရာကနေ နှလုံးခုန်မမှန်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ အဆုတ်ရောင် နမိုးနီးယားဖြစ်ခြင်း၊ ရောဂါပိုးဝင်ခြင်း စတဲ့ပြဿနာတွေကို ကြုံတွေ့ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ အသက်ကြီးပိုင်းတွေမှာ ကိုယ်ခံအားနည်းတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

    ယုံတမ်းစကား (၅)။ ချော်လဲမှသာ အရိုးကျိုးတယ်

    အရိုးပွရောဂါခံစားနေရသူအများစုဟာ ချော်လဲမှသာ အရိုးကျိုးတတ်ကြပေမယ့် တခါတရံမှာ အားနည်းလွန်းတဲ့ အရိုးတွေဟာ သူ့အလိုလိုကျိုးတတ်ပါတယ်။ အိပ်ရာပေါ်မှာတင် တခုခုကို အားပြုပြီး မှီလိုက်ထောက်လိုက်ချိန်မှာ ကျိုးတတ်ပါတယ်။ လမ်းလျှောက်နေရင်းကပဲ ကိုယ်ခန္ဓာအပေါ်က သက်ရောက်တဲ့ဖိအားကြောင့် အလိုအလျောက် ကျိုးတတ်ပါသေးတယ်။

    ယုံတမ်းစကား (၆)။ အရိုးများကြံ့ခိုင်မှု နည်းလာခြင်းကို ခံစားသိရှိနိုင်တယ်

    တကယ်တော့ အရိုးများ သိပ်သည်းဆနည်းလာတဲ့ အခြေအနေကို ကြိုမသိရပါဘူး။ တခါတရံမှာ အရိုးကျိုးမှသာ အရိုးပွခြင်းဖြစ်နေတဲ့ အခြေအနေကို သိရတာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးလာရင် အရိုးအဆစ်အခြေအနေတွေကို ဂရုစိုက်ပြီး အရိုးပွခြင်း အခြေအနေကို ကြိုသိရအောင် အရိုးသိပ်သည်းဆစစ်ဆေးခြင်းကို ပြုလုပ်သင့်ပါတယ်။

    ယုံတမ်းစကား (၇)။ အရိုးပွခြင်းဖြစ်ပြီးရင် ပြန်မကောင်းနိုင်တော့ဘူး

    အရိုးပွခြင်းဖြစ်ပြီးရင် ယခင်အနေအထားကို ပြန်မရနိုင်တော့ပါဘူး။ ဒါပေမယ့် အရိုးတွေကို တတ်နိုင်သမျှ ပြန်လည်ကြံ့ခိုင်အောင် ကုသနိုင်ပါသေးတယ်။ ဆေးဝါးကုသမှုခံယူပြီး ၃-၄ နှစ်ခန့်ကြာရင် အရိုးသိပ်သည်းဆ အနည်းငယ်ပြန်တက်လာတယ်လို့ သုတေသနတခုမှာ ဆိုထားပါတယ်။

    ………………………….

    အရိုးပွခြင်းပြဿနာဟာ နေ့စဉ် လူနေမှုဘဝကို အနှောင့်အယှက်ပေးနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ငယ်ရွယ်စဉ်ကတည်းက အရိုးများကို အကျိုးပြုစေမယ့် အစားအသောက်တွေ စားသုံးသလို အသက်အရွယ်ကြီးလာရင်လည်း အရိုးသိပ်သည်းဆစစ်ဆေးသင့်ပါတယ်။

    အရိုးပွခြင်းပြဿနာနဲ့ ပတ်သက်တဲ့ အကြောင်းအရာကိုတွေလည်း မှန်ကန်စွာ သိရအောင် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement