backup og meta

အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

    ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေ ပိုင်ဆိုင်ဖို့ စားသုံးရမယ့် အစားအသောက်တွေကို သိရှိရုံနဲ့ မပြီးသေးပါဘူး။ အရိုးကို တဖြည်းဖြည်း အားနည်းစေနိုင်တဲ့ အစားအသောက်တွေကိုလည်း လျှော့ပြီးစားသောက်ဖို့ လိုအပ်ပါသေးတယ်။ ဘယ်လို အစားအစာတွေလည်းဆိုတာ တစ်ချက်လေ့လာကြည့်ပါဦး။

    အရိုးတွေက ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ကန်ပေးထားတဲ့ စနစ်ကြီးပါပဲ။ ကိုယ်တွင်းကလီစာတွေကို ကာကွယ်ပေးထားတယ်။ ကြွက်သားတွေ ကူညီတည်ဆောက်ပေးတယ်။ နောက်ပြီးလူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း ဆုံးဖြတ်ပေးနိုင်တဲ့အတွက် သိပ်အရေးကြီးတဲ့ အစိတ်အပိုင်းတွေလို့ ပြောရမှာပါ။ ငယ်ငယ်ကတည်းက တဖြည်းဖြည်းသန်မာလာတဲ့အရိုးတွေကို ဆက်ပြီးထိန်းသိမ်းဖို့အတွက် အစားအစာတွေကို ရွေးချယ်စားသုံးပေးဖို့လိုပါတယ်။

    အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

    အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ က ဘာတွေဖြစ်မလဲ ဆိုတော့ အရိုးကျန်းမာရေးအတွက်တတ်နိုင်သလောက်လျှော့ပြီး စားသုံးသင့်တဲ့ အဓိကအစားအစာ (၃) မျိုးရှိပါတယ်။

    နံပါတ် (၁) – ဆားပါဝင်မှုများတဲ့အစားအသောက်များ

    ဆားဆိုတဲ့အမျိုးက စားတိုင်းကောင်းတာ မဟုတ်ပါဘူး။ အငန်ဓာတ်ကဲတဲ့ အစားအသောက်တွေက သွေးတိုး၊ နှလုံးရောဂါတွေကို လက်ယပ်ခေါ်နေသလိုပါပဲ။ အစားအသောက်တွေမှာ ဆားကို လိုအပ်တာထက် ပိုထည့်ပြီး စားသုံးခြင်းက အရိုးပွရောဂါဖြစ်စေနိုင်ပါတယ်။ ဆားစားသုံးမှုများလေ ကိုယ်ထဲက ကယ်လ်စီယမ်ဓာတ်တွေ ပိုဆုံးရှုံးလေဖြစ်ပါတယ်။

    ယေဘုယျအားဖြင့် ဆား ၂၃၀၀မီလီဂရမ်လောက် စားသုံးလိုက်တိုင်း ဆီးထဲကနေ ကယ်လ်စီယမ်ဓာတ် ၄၀မီလီဂရမ်လောက် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အရွယ်ရောက်ပြီးသူ လူကြီးတစ်ယောက်ဟာ တစ်ရက်ကို ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းပမာဏထက်ပိုပြီး မစားသုံးဖို့ အကြံပြုချင်ပါတယ်။

    ဆားပါဝင်မှုများတဲ့ အစားအစာတွေဖြစ်တဲ့ အသင့်စားသွားရေစာတွေ (ဟမ်ဘာဂါ၊ ပီဇာ၊အာလူးကြော်)၊ စည်သွပ်ဘူးအမျိုးမျိုး၊ ဝက်ပေါင်ခြောက်နဲ့ အသားပြားတွေ၊ ပေါင်မုန့်နဲ့ ကိတ်မုန့်တွေကို တတ်နိုင်သလောက် လျှော့စားပါ။ ဒီအစားအစာတွေ စားတော့မယ်ဆို ပါဝင်တဲ့ ဆားပမာဏကို သေချာစိစစ်ပါ။

    ဘယ်သူမှတော့ ဆားကို ဇွန်းလိုက်ခပ်မစားပါဘူး။ ဒါပေမဲ့ ကိုယ်နေ့စဉ်မသိလိုက်မသိဖာသာ စားသုံးနေမိတဲ့ အစားအသောက်တွေထဲမှာ ပါဝင်တဲ့ ဆားပမာဏတွေ အားလုံးပေါင်းလိုက်ရင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာမက ရှိနေနိုင်ပါတယ်။

    အငန်တွေစားမိတာများနေပြီလို့ ကိုယ့်ကိုယ်ကိုသံသယရှိရင် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ (ဒါမှမဟုတ်) ဆရာဝန်နဲ့ တိုင်ပင်ပြီး ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီပါတဲ့ အားဆေးသောက်ပေးပါ။ အငန်စားပြီးမှ နောက်ကနေ ကယ်ဆီယမ်တွေ လိုက်ဖြည့်တာထက် အစတည်းက လျှော့စားတာက ပိုကောင်းပါတယ်။

    နံပါတ် (၂) – အချိုရည်များ

    အသင့်သောက်အချိုရည် အတော်များများထဲမှာ ဖော့စ်ဖော်ရစ်အက်စစ်ပါဝင်ပြီး ဒီအက်စစ်ဓာတ်က ကယ်လ်စီယမ်ဓာတ်တွေကို စွန့်ပစ်ဖို့ အားပေးပါတယ်။ နောက်ပြီး အချိုရည်အမျိုးအစားအကုန်လုံးနီးပါးမှာ ကယ်လ်စီယမ် မပါဝင်ပါဘူး။ ဒီ (၂) ချက်နဲ့တင် သင့်အနေနဲ့ အချိုရည်တွေကို လက်ရှောင်သင့်နေပါပြီ။ အချိုရည် ခဏခဏသောက်တတ်သူတွေမှာ အရိုးပွရောဂါဖြစ်ပွားမှုမြင့်မားတာကို ဒီ(၂)ချက်က သက်သေပြနေပါတယ်။

    နောက်ထပ်ပြဿနာတစ်ခုကတော့ လူတစ်ယောက်က အချိုရည်သောက်သုံးမှုများလာလေ သစ်သီးဖျော်ရည်တွေ၊ နွားနို့နဲ့ ဒိန်ချဉ်လို ကယ်လ်စီယမ်ပါဝင်ပြီး အရိုးအတွက် အကျိုးရှိစေမယ့် သောက်စရာတွေကို သောက်သုံးမှုနည်းလာလေပါပဲ။ ဒီလိုပြောလို့ ကိုကာကိုလာတို့၊ ပက်စီတို့လို အသင့်သောက်အချိုရည်တွေကို တစ်သက်လုံးမသောက်ရတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။

    တစ်ခါတစ်လေသောက်သုံးတာမျိုးကတော့ ပြဿနာမရှိပါဘူး။ ဒါတွေပဲ တောက်လျှောက်သောက်နေရင်တော့ အရိုးကိုတဖြည်းဖြည်းအားနည်းလာစေမှာ ဖြစ်တဲ့အတွက် ဆင်ခြင်ကြဖို့ အကြံပြုတာဖြစ်ပါတယ်။

    နံပါတ် (၃) – ကဖိန်းပါဝင်သော သောက်စရာများ

    ကဖိန်းဓာတ်က အရိုးထဲက ကယ်လ်စီယမ်တွေကို စုပ်ယူတဲ့အတွက် အရိုးတွေကို အားနည်းစေပါတယ်။ ဆားစားသုံးခြင်းလောက် အန္တရာယ်မများပေမယ့် ကဖိန်းပါဝင်တဲ့ သောက်စရာတွေကလည်း အရိုးပွရောဂါဖြစ်စေနိုင်တာကို တွေ့ရပါတယ်။ ကော်ဖီမှုန့်အကြမ်း (ground coffee) တွေက အသင့်သောက်ကော်ဖီ (instant coffee) တွေထက် ကဖိန်းပိုပါဝင်ပါတယ်။ ဒါပေမယ့် အသင့်သောက်ကော်ဖီတွေကျတော့လည်း သကြားပါဝင်မှု များပါတယ်။

    ကိုယ်က ကော်ဖီကြိုက်တဲ့သူဖြစ်နေလို့ မသောက်ရမနေနိုင်ဖြစ်နေမယ်ဆို သောက်တဲ့ပမာဏကို လျှော့ကြည့်ပါ (တစ်ရက်ကို လေးခွက်ထက်မပိုသင့်ပါ)။ ကဖိန်းဓာတ်ကြောင့် ဆုံးရှုံးသွားတဲ့ ကယ်လ်စီယမ်ဓာတ်ကို ပြန်ဖြည့်နိုင်ဖို့ ကော်ဖီနဲ့ နွားနို့ရောဖျော်သောက်သင့်ပါတယ်။ ဒါမှမဟုတ်လည်း ကဖိန်းထုတ်ထားတဲ့ ကော်ဖီလိုမျိုး သောက်ကြည့်ပါ။

    လူတိုင်းနီးပါးအသက်ကြီးလာရင် အရိုးအားနည်းလာပြီး အရိုးပွဝေဒနာခံစားရနိုင်ပါတယ်။ ဒါပေမဲ့ အရိုးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်တွေကို ရှိသင့်တဲ့ပမာဏထဲမှာ ကောင်းကောင်း ထိန်းသိမ်းထားနိုင်လေ အရိုးပွလာဖို့ ပိုကြာလေပါပဲ။ ဒါ့ကြောင့် ကိုယ်ရဲ့ နေ့စဉ်စားသောက်မှုပုံစံကို ပြုပြင်ပြောင်းလဲပြီး အရိုးပွရောဂါအန္တရာယ်ကို ကာကွယ်နိုင်ကြောင်း ပြောကြားလိုပါတယ်။

    Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement