backup og meta

သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်း အကြောင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်း အကြောင်း

    သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်း ဟာ မပေါ့ဆသင့်တဲ့ အခြေအနေဖြစ်ပါတယ်။ ဝမ်းမည်းခြင်းဟာ အစာအိမ်အူလမ်းကြောင်းမှာ သွေးယိုစီးခြင်း၊ ထိခိုက်မှုဖြစ်ထားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အရောင်ရင့်တဲ့ အစားအစာတွေ စားပြီးချိန်မှာလည်း ဝမ်းအရောင်မည်းတာမျိုး ဖြစ်တတ်ပါတယ်။

    သင့်အနေနဲ့ ဝမ်းအမည်းရောင်တွေ၊ သွေးဝမ်းတွေ သွားနေပြီဆိုရင်တော့ အထူးသတိထားရမယ့် ရောဂါအခြေအနေဟုတ်၊ မဟုတ် သိရအောင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    ကတ္တရာဝမ်းသွားခြင်း ဘာကြောင့်ဖြစ်ရတာလဲ

    အစာအိမ်အူလမ်းကြောင်း အပေါ်ပိုင်းလောက်မှာ သွေးယိုစီးရင် အမည်းရောင်၊ ကတ္တရာရောင်ဝမ်းများ သွားတတ်ပါတယ်။ အစာအိမ်အူလမ်းကြောင်း အနာများ၊ ဒါမှမဟုတ် အစာရေမျိုနဲ့ အစာအိမ်မှာ ထိခိုက်မှုတခုခု ရှိနေရင် သွေးယိုစီးနိုင်ပါတယ်။

    သွေးများဟာ အစာချေရည်များနဲ့ ရောနှောသွားတဲ့အတွက် ကတ္တရာစေးရောင်များ ပြောင်းသွားခြင်း ဖြစ်ပါတယ်။ ဆေးဝါးတချို့ကို သောက်သုံးချိန်မှာလည်း ကတ္တရာရောင်ဝမ်းတွေ သွားတတ်ပါတယ်။ ဥပမာ သံဓာတ်အားဖြည့်ဆေးတွေ သောက်သုံးချိန်မှာ ဝမ်းမည်းသွားတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်ရင်လည်း အစာအိမ်အနာကနေ  သွေးယိုစိမ့်ပြီး ဝမ်းမည်းမည်းသွားတတ်ပါတယ်။

    တခါတရံမှာ အစာအိမ်အူလမ်းကြောင်းမှာ ဆိုးရွားတဲ့ သွေးကြောဆိုင်ရာ ချို့ယွင်းခြင်းတွေ ဖြစ်ပွားရင်လည်း ဝမ်းအမည်းရောင်များ သွားတတ်ပါတယ်။ အဆိုပါ အခြေအနေများကတော့ အူလမ်းကြောင်း သွေးအရောက်နည်းသွားခြင်း၊ သွေးကြောများ ပုံမှန်ဖွဲ့စည်းမှုမရှိခြင်း၊ အူလမ်းကြောင်းအတွင်း သွေးကြောများ ဖောင်းထွက်နေခြင်း စတာတွေ ဖြစ်ပါတယ်။

    သွေးဝမ်း ဘာလို့သွားသလဲ

    အစာအိမ်အူလမ်းကြောင်း အောက်ပိုင်းမှာ သွေးယိုရင်တော့ အနီရောင်၊ ဒါမှမဟုတ် သွေးဝမ်းသွားတတ်ပါတယ်။ ကင်ဆာကျိတ် ဒါမှမဟုတ် အသားပိုများ အူလမ်းကြောင်းအတွင်း ထိုးထွက်နေရင်လည်း ဖြစ်တတ်ပါတယ်။ အူအနာဖြစ်ရောင်ရမ်းခြင်း၊ ခရွန်းရောဂါ စတဲ့ အစာအိမ်အူလမ်းကြောင်း ပြဿနာတွေဟာလည်း အူလမ်းကြောင်းမှာ သွေးယိုခြင်း ဖြစ်တတ်ပါတယ်။

    လိပ်ခေါင်းရောဂါရှိသူတွေမှာလည်း သွေးဝမ်းသွားတတ်ပါတယ်။ အူမကြီးအောက်ပိုင်း၊ ဒါမှမဟုတ် စအိုမှာ သွေးပြန်ကြောတွေ ဖောင်းနေခြင်း ဖြစ်ပါတယ်။ ဝမ်းသွားဖို့ အားစိုက်ညှစ်ရတဲ့အခါ သွေးယိုတတ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းမှာ ပိတ်ဆို့မှုတခုခုရှိရင်တော့ ဝမ်းအမည်းရောင်၊ ကတ္တရာဝမ်း၊ ဒါမှမဟုတ် သွေးဝမ်းသွားတတ်ပါတယ်။

    အစားအသောက်ကြောင့်ရော ဖြစ်သလား

    သင်စားသောက်လိုက်တဲ့ အစားအစာတွေကလည်း ဝမ်းအရောင်ကို သွေးရောင်၊ အမည်းရောင် စသဖြင့် ဖြစ်စေနိုင်ပါသေးတယ်။ ဖြစ်နိုင်ခြေများတဲ့ အစားအစာတွေကတော့

    • အမည်းရောင်နွယ်ချို
    • ဘလူးဘယ်ရီ
    • ချောကလက်အနက်
    • ဂျယ်လတင် အနီရောင် စတာမျိုးတွေ ဖြစ်ပါတယ်။

    သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်း အတွက် ရောဂါရှာဖွေစစ်ဆေးခြင်း

    ဆရာဝန်ဟာ ရောဂါရာဇဝင်မေးပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ သွေးစစ်ခြင်း၊ ဝမ်းနမူနာ စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ ပုံရိပ်ဖော်စစ်ဆေးခြင်း နည်းလမ်းတွေနဲ့လည်း စစ်ဆေးနိုင်ပါတယ်။ လိုအပ်ရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းကြည့်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။

    သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်း ကို ဘယ်လိုကုသမလဲ

    သွေးဝမ်း၊ ဝမ်းမည်းသွားရတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး ဆရာဝန်များက လိုအပ်သလို ကုသပေးပါလိမ့်မယ်။ လိပ်ခေါင်းရှိသူများ၊ ကင်ဆာကျိတ်ရှိသူများအတွက် ဝမ်းသွားရတာ ချောမွေ့အောင် ဝမ်းပျော့ဆေးတွေ သုံးနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းမှာ အနာဖြစ်နေရင် အနာကျက်အောင် ကုသရပါမယ်။ ပဋိဇီဝဆေးတွေလည်း သုံးစွဲရတတ်ပါတယ်။

    သွေးပြန်ကြောတွေ ပုံမှန်မဟုတ်ရင် ခွဲစိတ်ပြုပြင်ဖို့ လိုအပ်နိုင်ပါတယ်။ သွေးဝမ်းသွားခြင်းဟာ သွေးအားနည်းခြင်းကိုလည်း ဖြစ်စေနိုင်တာကြောင့် သွေးအားကောင်းစေဖို့ ကုသမှုတွေ လိုနိုင်ပါတယ်။

    အစာအိမ်အူလမ်းကြောင်းက အကျိတ်တွေ၊ အသားပိုတွေကို ခွဲစိတ်ဖယ်ရှားဖို့လည်း လိုနိုင်ပါတယ်။ အသားစ စစ်ဆေးပြီး ကင်ဆာဖြစ်နိုင်ခြေ အကျိတ်တွေဆိုရင် ဓာတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသရတတ်ပါတယ်။ အကြောင်းအရင်းပေါ် မူတည်ပြီး ကုသမှုမျိုးစုံ ဖြစ်နိုင်ပါတယ်။

    သွေးဝမ်းမသွားအောင် ဘယ်လိုနေထိုင်မလဲ

    အဓိကကတော့ အစာအိမ်အူလမ်းကြောင်းကို ဂရုစိုက်ရပါမယ်။ ရေများများသောက်ပြီး အမျှင်ဓာတ် များများစားရပါမယ်။ ဒါမှသာ ဝမ်းမှန်မှာ ဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေတဲ့ အရာတွေ ဥပမာ ဆေးလိပ်၊ အရက် စတာတွေ ရှောင်ကြဉ်ရပါမယ်။ အစားကို အချိန်မှန် စားရပါမယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ အစပျိုးလာရင် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement