backup og meta

အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ

    ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အာဟာရဓာတ်တွေရအောင် ကူညီလုပ်‌ဆောင်ပေးနေတဲ့ အစာခြေအူလမ်းကြောင်းစနစ် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ပြောပြပေးသွားပါ့မယ်။

    အစာခြေအူလမ်းကြောင်းတလျှောက်မှာပါဝင်တဲ့ အစိတ်အပိုင်းတိုင်းက ကျွန်တော်တို့စားလိုက်တဲ့ အစားအသောက်တွေကို ခန္ဓာကိုယ်အတွက်အသုံးပြုနိုင်မယ့် အာဟာရဓာတ်တွေဖြစ်လာအောင်ပြောင်းလဲပေးပါတယ်။ လူတစ်ယောက်ပုံမှန်လှုပ်ရှားသွားလာနိုင်ဖို့ လိုအပ်တဲ့စွမ်းအင်တွေကို အစားအသောက်ကနေတဆင့် ရရှိနေတာမို့ အစာခြေအူလမ်းကြောင်းစနစ်တစ်ခုလုံး မှန်မှန်အလုပ်လုပ်နေဖို့ အထူးအရေးကြီးပါတယ်။

    ဒီစနစ်ထဲမှာ ပါဝင်လုပ်ဆောင်ပေးနေတဲ့ အစိတ်အပိုင်းတွေကတော့ ပါးစပ်၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ ပန်ကရိယ၊ သည်းခြေအိတ်၊ အသည်းနဲ့ စအိုတို့ပဲဖြစ်ပါတယ်။ တစ်ပိုင်းချင်းစီက အစာခြေဖျက်မှု၊ အစာပို့ဆောင်မှုနဲ့ အာဟာရစုပ်ယူမှု တွေမှာဘယ်လိုပါဝင်လုပ်ဆောင်ပေးနေသလဲဆိုတာကို အသေးစိတ်ရှင်းပြပေးပါ့မယ်။

    ပါးစပ် – စားသောက်လိုက်သမျှအရာတွေပါးစပ်ထဲရောက်တာနဲ့ အစာခြေအူလမ်းကြောင်းစနစ်ကြီး စအလုပ်လုပ်ပါတယ်။ စားလိုက်တဲ့အစားအသောက်တွေကို တံတွေးနဲ့ပျော့ပျောင်းစေပြီး သွားတွေကကြိတ်ဝါးပစ်ပါတယ်။ အပိုင်းပိုင်းပြတ်ပြီး ပျော့ပျောင်းသွားတဲ့အတွက် အစားအစာတွေကို နောက်တစ်နေရာပို့ဖို့ ပိုလွယ်ကူသွားပါတယ်။

    အစာမျိုပြွန် – ပါးစပ်ထဲမှာ ချေဖျက်ပြီးအစားအစာတွေကိုမျိုချလိုက်တာနဲ့ အစာခြေစနစ်ကအလိုအလျောက် အလုပ်စလုပ်ပါပြီ။ ရောက်လာတဲ့အစားအစာတွေ အစာအိမ်ထဲရောက်အောင် အစာမျိုပြွန်နံရံကြွက်သားတွေက တွန်းပို့လိုက်ပါတယ်။

    အစာအိမ် – အစာအိမ်နံရံကထုတ်ပေးတဲ့အစာခြေအက်စစ်အရည်၊ အင်ဇိုင်းဓာတ်နဲ့ အစားအစာတွေရောနှော ပစ်လိုက်ပါတယ်။ စားလိုက်တဲ့အစားအစာတွေကိုခြေဖျက်ပစ်ဖို့ အစာအိမ်အက်စစ်ဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ စားလိုက်တဲ့အစားအစာမျိုးစုံကိုချေဖျက်ဖို့ အစာခြေအက်စစ်ဓာတ်မျိုးစုံလိုပါတယ်။ အများစုကို အစာအိမ်ကထုတ်လုပ်ပေးပြီးတချို့ကိုတော့ ပန်ကရိယ၊ သည်းခြေအိတ်နဲ့အသည်းတို့ကနေ ထုတ် ပေးပါတယ်။

    ပန်ကရိယ– ကာဘိုဟိုက်ဒရိတ်၊ အဆီနဲ့ အသားဓာတ်ကိုခြေဖျက်ပေးနိုင်တဲ့ အစာခြေရည်ကို ပန်ကရိယက ထုတ်လုပ်ပေးပြီး ပြွန်လေးတွေကတဆင့်အူသိမ်လမ်းကြောင်းထဲကိုပို့ပေးပါတယ်။

    အသည်း – အဆီနဲ့ ဗီတာမင်ဓာတ် တချို့ကိုခြေဖျက်ပေးနိုင်တဲ့ သည်းခြေရည်ကို အသည်းက ထုတ်လုပ်ပေးပါတယ်။ ထုတ်လုပ်လိုက်တဲ့အစာခြေရည်တွေကို သည်းခြေပြွန်တွေကနေတဆင့် သည်းခြေအိတ် မှာသိမ်းဆည်းပါတယ် (ဒါမှမဟုတ်) အစာအိမ်ထဲကို အစာခြေဖို့ပို့ပေးပါတယ်။

    သည်းခြေအိတ် – အစာမစားတဲ့အချိန်တွေမှာ သည်းခြေအိတ်က သည်းခြေရည်တွေသိုလှောင်ပေးထားပါတယ်။ စားသောက်ပြီး အစားအစာတွေကိုခြေဖျက်ဖို့ လိုအပ်လာချိန်မှာ ဒီသည်းခြေရည်တွေကို ပြန်ထုတ်ပေးပါတယ်။

    အူသိမ်ပိုင်း – အစာခြေအက်စစ်ရည်တွေနဲ့ ရောနှောခြေဖျက်ထားတဲ့ အစားအသောက်တွေ အူသိမ်ထဲရောက်လာပါပြီ။ အစားအစာထဲက အာဟာရဓာတ်တွေဖြစ်တဲ့ အသားဓာတ်၊ အဆီဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ် တွေကို အများဆုံးစုပ်ယူပြီး ခန္ဓာကိုယ်ထဲပြန်ပို့ပေးတဲ့အလုပ်ကို အူသိမ်ပိုင်းက အဓိကလုပ်ပါတယ်။ အူသိမ်ပိုင်းကိုအလျားလိုက် ဆန့်လိုက်ရင် ပေ ၂၀ ကနေ ၂၅ ပေလောက်အထိရှိပြီး အတွင်းမှာပါတဲ့ကြွက်သားတွေ၊ အသားလွှာတွေကြောင့် မျက်နှာပြင်ဧရိယာလည်း အများကြီးကျယ်ပါတယ်။ အူသိမ်ဦးပိုင်း၊ အူသိမ်အလယ်ပိုင်းနဲ့ အူသိမ်နှောင်းပိုင်း (၃) ပိုင်းနဲ့အူသိမ်ကိုဖွဲ့စည်းထားပြီး အစာအိမ်နဲ့ဆက်သွယ်တာ၊ အစာအာဟာရတွေစုပ်ယူတာနဲ့ အူမကြီးကိုပို့ပေးတာတွေ အသီးသီးလုပ်ဆောင်ပါတယ်။

    အူမကြီး – အူမကြီးထဲက ဘက်တီးရီးယားတွေက ခြေဖျက်ထားတဲ့အစားအသောက်တွေထဲက ရေဓာတ်၊ ဆားဓာတ်နဲ့ တခြားဓာတ်တွေကို ဆက်စုပ်ယူပါတယ်။ ကျန်တဲ့အကြွင်းအကျန်တွေကိုတော့ မစင်ဖြစ်အောင် ပြောင်းလဲပေးလိုက်ပါတယ်။ အူမကြီးမှာ အူပိတ်၊ အူအတက်၊အူမကြီးအရှေ့ပိုင်းနဲ့ အူမကြီးနှောင်းပိုင်းဆိုပြီး အပိုင်း (၄) ပိုင်းပါဝင်ပါတယ်။

    အူပိတ်ဟာ အူသိမ်ပိုင်းကပို့လိုက်တဲ့အစားအစာတွေကိုလက်ခံပြီး အူအတက်ကတော့ အူပိတ်နဲ့တွဲလျက်ရှိနေ တဲ့အစိတ်အပိုင်းတစ်ခုပါ။ အူမကြီးမှာ အရေးပါဆုံးအစိတ်အပိုင်းက အူမကြီးအရှေ့ပိုင်းဖြစ်ပြီး အာဟာရစုပ်ယူတဲ့အလုပ်ကို အဓိကလုပ်ပေးပါတယ်။ အူမကြီးနှောင်းပိုင်းကတော့ (သူ့နာမည်အတိုင်း) စအိုပေါက်နဲ့ ဆက်စပ်နေတဲ့အူမကြီးနောက်ဆုံးပိုင်း ဖြစ်ပါတယ်။

    စအို – အစာခြေအူလမ်းကြောင်းရဲ့ နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ ဘာအာဟာရဓာတ်မှစုပ်ယူစရာမကျန်တော့ တဲ့အတွက်အညစ်အကြေးတွေကို ခန္ဓာကိုယ်ပြင်ပစွန့်ပစ်ပေးတဲ့နေရာပါ။

    ဒါကတော့ အစာခြေလမ်းကြောင်းစနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုချင်းစီနဲ့ လုပ်ဆောင်ပေးတဲ့ လုပ်ငန်းတွေ ပဲဖြစ်ပါတယ်။ တကယ်တမ်း အစာခြေလမ်းကြောင်းစနစ်ကြီးက ခန္ဓာကိုယ်တစ်ခုလုံးအာဟာရဓာတ် လုံလုံလောက်လောက်ရဖို့ ဒီအလုပ်တွေအပြင်တခြားကိစ္စတွေလည်းလုပ်ပေးပါသေးတယ်။

    အူလမ်းကြောင်းထဲ ကစုပ်ယူလိုက်တဲ့ ဓာတ်တွေကို ခန္ဓာကိုယ်က လွယ်လွယ်ကူကူသုံးစွဲနိုင်အောင်ဖြိုခွဲပေးပါတယ် ဥပမာ – ပရိုတင်း ဓာတ်ကို အမိုင်နိုအက်စစ်၊ အဆီဓာတ်ကို fatty acid၊ glycerol၊ ကာဘိုဟိုက်ဒရိတ်ကို သကြားဓာတ် စသည်ဖြင့် ပြောင်းလဲပေးတဲ့အလုပ်ကိုလည်းလုပ်ပါတယ်။ အူလမ်းကြောင်းစနစ်မှန်မှန်အလုပ်လုပ်နိုင်အောင် ဟော်မုန်းဓာတ်တွေနဲ့ အာရုံကြောအမျိုးမျိုးက ယှဉ်တွဲထိန်းချုပ်ပေးပါတယ်။

    Dr.Htoo Tint Ko Ko

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement