backup og meta

Upper Gi Endoscopy (အစာအိမ်မှန်ပြောင်းကြည့်ခြင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်နဲ့အူလမ်းကြောင်းမှန်ပြောင်းကြည့်တယ်ဆိုတာဘာလဲ။

    ပျော့ပြောင်းတဲ့မှန်ပြောင်းပိုက်လေးကိုသုံးပြီး အစာရေမြို၊ အစာအိမ်နဲ့အူသိမ်အရှေ့ပိုင်းတို့ရဲ့အတွင်းပိုင်းကိုကြည့်ရှုစစ်ဆေးတာကို ဆိုလိုပါတယ်။ အစာအိမ်မှန်ပြောင်းကြည့်တာလို့လည်း အလွယ်ခေါ်တတ်ကြပါသေးတယ်။

    အစာအိမ်မှန်ပြောင်းကြည့်ဖို့ဘယ်အချိန်မှာ လိုအပ်သလဲ။

    အစာရေမြိုပြွန်၊ အစာအိမ်နဲ့အူသိမ်အစပိုင်း အပါအဝင် အစာခြေလမ်းကြောင်းအပေါ်ပိုင်းမှာ ဖြစ်ပွားတတ်တဲ့ ပြဿနာ၊ ရောဂါတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့နဲ့တစ်ခါတစ်ရံမှာ ကုသပေးနိုင်ဖို့အတွက်ပါ မှန်ပြောင်းကြည့်လေ့ရှိပါတယ်။

    သင့်ဆရာဝန်အနေနဲ့အောက်ပါအခြေအနေတွေမှာ အစာအိမ်မှန်ပြောင်းကြည့်ဖို့ညွှန်ကြားပါလိမ့်မယ်။

    • ရောဂါလက္ခဏာတွေကို ရှာဖွေဖော်ထုတ်ရန်။ ပျို့အန်ခြင်း၊ ဗိုက်နာ/အောင့်ခြင်း၊ အစာ/ရေ မြိုရခက်ခြင်း၊ အူလမ်းကြောင်းသွေးယိုစီးခြင်းအစရှိတဲ့ အစာချေလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေရဲ့ မူလဇစ်မြစ်အကြောင်းရင်းကိုသိရှိနိုင်ဖို့အတွက် မှန်ပြောင်းကြည့်ခြင်းက ကူညီပေးပါလိမ့်မယ်။

    ရောဂါစမ်းသပ်စစ်ဆေးရန်။ သွေးအားနည်းခြင်း၊ သွေးယိုစီးခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းလျှောခြင်း၊ အစာအိမ်အူလမ်းကြောင်းကင်ဆာဖြစ်ခြင်း အစရှိတဲ့ ရောဂါအခြေအနေတွေကို စစ်ဆေးစမ်းသပ်ဖို့အသားစနမူနာယူတဲ့ နေရာမှာလည်းမှန်ပြောင်းကို အသုံးပြုနိုင်ပါတယ်။

    ကုသပေးဖို့။ သွေးယိုစီးနေတဲ့ သွေးကြောကိုမီးရှို့လောင်ကျွမ်းစေပြီးသွေးတိတ်စေခြင်း၊ ကျဉ်းနေတဲ့ အစာရေမြိုလမ်းကြောင်းကို ချဲ့ပေးခြင်း၊ အသားပိုဖယ်ရှားခြင်းအပြင်က ပစ္စည်းတစ်ခုခုမြိုချမိတာကို ဖယ်ရှားပစ်ခြင်းအစရှိတဲ့ အစာအိမ်အူလမ်းကြောင်း ပြဿနာတွေကို ကုသပေးဖို့အတွက်မှန်ပြောင်းထဲကတဆင့် အမျိုးမျိုးသောကိရိယာတွေကို ထည့်သွင်းကုသပေးနိုင်ပါတယ်။

    အစာအိမ်မှန်ပြောင်းကြည့်တာဘာအန္တရာယ်တွေရှိသလဲ။

    မှန်ပြောင်းကြည့်ရင်း အစာရေမြို ဒါမှမဟုတ် အစာအိမ်နံရံတွေကို ထိခိုက်မိလို့သွေးထွက်တာမျိုးရှိနိုင်ပေမယ့် အင်မတန်ရှားပါတယ်။

    မှန်ပြောင်းကြည့်တာအပြင် တခြားဘာတွေလုပ်နိုင်သေးလဲ။

    barium လို့ခေါ်တဲ့ အရည်တစ်မျိုးကို သောက်ပြီး ဓါတ်မှန်ရိုက်တာမျိုးလည်းလုပ်လို့ရပါတယ်။ အစာအိမ်အနာဖြစ်စေတဲ့ ဘက်တီးရီးယားတမျိုးဖြစ်တဲ့ helicobacter pylori အစာအိမ်အနာပိုးရှိမရှိသိနိုင်ဖို့ urea breath test မှုတ်ထုတ်လိုက်သောလေမှာ urea ဓါတ်ပစ္စည်းပါဝင်မှု စမ်းသပ်ခြင်းကဲ့သို့သော စမ်းသပ်စစ်ဆေးမှုကိုလည်း ပြုလုပ်နိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့မရှင်းလင်းတာ၊မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။

    အစာအိမ် မှန်ပြောင်းမကြည့်ခင် ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ။

    မှန်ပြောင်းမကြည့်ခင် လိုအပ်တဲ့အသေးစိတ်အချက်တွေကို သင့်ဆရာဝန်ကလမ်းညွှန်ပါလိမ့်မယ်။ဥပမာ-

    • မှန်ပြောင်းမကြည့်ခင် အစာမစားဖို့။ မှန်ပြောင်းကြည့်တဲ့အချိန် အစာအိမ်ထဲမှာ အစာမရှိဘဲ ရှင်းလင်းနေစေဖို့အတွက် မှန်ပြောင်းမကြည့်ခင် ရှစ်နာရီလောက်ကြိုပြီး အစာနဲ့ရေကို ဖြတ်ထားဖို့လိုအပ်ပါတယ်။

    • တချို့ဆေးတွေကို ဖြတ်ထားပါ။ မှန်ပြောင်းမကြည့်ခင် ရက်အနည်းငယ်အတွင်းမှာ သွေးကျဲဆေးလို ဆေးမျိုးကိုရှောင်ကြဉ်ရပါမယ်။ ဘာလို့လဲဆိုတော့ ဒီဆေးတွေဟာ မှန်ပြောင်းကြည့်နေစဉ် ကာလမှာသွေးယိုစီးတာမျိုးကို ပိုဖြစ်စေနိုင်တဲ့အန္တရာယ်ရှိလို့ပဲ ဖြစ်ပါတယ်။ သင့်မှာ နှလုံး၊ သွေးတိုး၊ ဆီးချိုတို့လို နာတာရှည်ရောဂါတွေရှိမယ်ဆိုရင် သင့်ဆရာဝန်က ထပ်မံပြီး အသေးစိတ်လိုအပ်သလို ညွှန်ကြားပါလိမ့်ဦးမယ်။ သင်သောက်နေတဲ့ ဆေးတွေ၊ ဖြည့်စွက်အားဆေးတွေနဲ့ပတ်သက်ပြီး သင့်ဆရာဝန်ကိုကြိုတင်ပြောပြထားပါ။

    အစာအိမ် မှန်ပြောင်းကြည့်တဲ့အခါ ဘာတွေလုပ်မှာလဲ။

    ပုံမှန်အားဖြင့် ဆယ်မိနစ်လောက်ပဲ ကြာတတ်ပါတယ်။ လိုအပ်ရင် သင့်ကိုစိတ်ငြိမ်ဆေး၊ အိပ်ဆေးပေးပါလိမ့်မယ်။ ခပ်ပျော့ပျော့မှန်ပြောင်းကို လည်ချောင်းထဲကတဆင့် အစာအိမ်ထဲထိထည့်ပါမယ်။ အစာအိမ်ကတဆင့် အူသိမ်အရှေ့ပိုင်းအထိ ဆက်သွားပါမယ်။ ရောင်ရမ်းတာ ဒါမှမဟုတ် အနာဖြစ်တာအစရှိတဲ့ပြဿနာတွေကို တွေ့ရှိနိုင်မှာဖြစ်ပြီး ရောဂါအမည်တပ် ရှာဖွေဖော်ထုတ်တာကို ကူညီနိုင်စေဖို့အသားစယူစစ်ဆေးတာ ဒါမှမဟုတ် ဓါတ်ပုံရိုက်တာတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။]

    အစာအိမ် မှန်ပြောင်းကြည့်ပြီးတဲ့အခါ ဘာတွေလိုက်နာဆောင်ရွက်ရမလဲ။

    သင့်ကိုအိပ်ဆေးပေးထားခဲ့တယ်ဆိုရင် တစ်နာရီလောက်အတွင်းမှာ ပြန်နိုးလာမှာဖြစ်ပြီး နာရီအနည်းငယ်ကြာအောင် မအီမသာခံစားနေရမှာ ဖြစ်ပေမယ့် တဖြည်းဖြည်းပျောက်ကွယ်သွားပါလိမ့်မယ်။ သင့်ဆရာဝန်အနေနဲ့မှန်ပြောင်းကြည့်တဲ့အခါ တွေ့ရှိခဲ့ရတဲ့တွေ့ရှိချက်တွေကို ပြောပြမှာဖြစ်ပြီး လိုအပ်တဲ့ကုသမှုတွေအကြောင်း ဆွေးနွေးမှာပဲ ဖြစ်ပါတယ်။

    အထူးတလည် မှာကြားထားတာမျိုးမရှိဘူးဆိုရင် နောက်တစ်ရက်မှာ ပုံမှန်အတိုင်းလုပ်ငန်းခွင်ပြန်ဝင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာမေးစရာတွေရှိနေမယ်ဒါမှမဟုတ်စိုးရိမ်ပူပန်မှုတွေရှိနေမယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်ကို သိလိုသမျှမေးမြန်းသင့်ပါတယ်။

    အစာအိမ် မှန်ပြောင်းကြည့်တာကြောင့် ဘာတွေဖြစ်နိုင်သလဲ။

    မှန်ပြောင်းကြည့်တာဟာ အင်မတန်မှကို လုံခြုံစိတ်ချရပြီး အန္တရာယ်ကင်းတဲ့လုပ်ဆောင်မှု ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာလည်း နောက်ဆက်တွဲပြဿနာအနည်းအကျဉ်းတော့ ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါး ဖြစ်တတ်တဲ့ ပြဿနာတွေက-

    သွေးထွက်များခြင်း။ မှန်ပြောင်းကြည့်ရင်း အသားစယူခြင်း ဒါမှမဟုတ် အစာချေလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုခုကို ကုသခြင်း ပြုလုပ်မယ်ဆိုရင် သွေးယိုစီးနိုင်ချေပိုများပါတယ်။ ဖြစ်တောင့်ဖြစ်ခဲဆိုသလို သွေးသွင်းဖို့ပါလိုတတ်ပါတယ်။

    ပိုးဝင်ခြင်း။ မှန်ပြောင်းကြည့်ခြင်းအများစုဟာ ကြည့်ရှုစစ်ဆေးဖို့နဲ့ အသားစနမူနာယူဖို့ဖြစ်ပြီး ပိုးဝင်နိုင်ချေအရမ်းနည်းပါတယ်။ ဒါတွေအပြင် တခြားလုပ်ဆောင်ချက်တွေကိုပါ ထပ်ဆောင်းလုပ်မယ်ဆိုရင်တော့ ပိုးဝင်နိုင်ချေပမာဏပိုများလာနိုင်ပါတယ်။ အကယ်၍ ပိုးဝင်တာမျိုးရှိခဲ့ရင်လည်း ထွေထွေထူးထူးကုသဖို့မလိုဘဲ ပိုးသတ်ဆေးလေးသောက်ဖို့ပဲ လိုပါတယ်။ တကယ်လို့သင်ဟာပိုးဝင်နိုင်ချေများတယ်ဆိုရင်တော့ သင့်ဆရာဝန်အနေနဲ့ပဋိဇီဝပိုးသတ်ဆေးတွေ ကြိုပေးထားပါလိမ့်မယ်။

    အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်မှာစုတ်ပြဲဒါဏ်ရာရခြင်း။အစာရေမြို ဒါမှမဟုတ် အစာခြေလမ်းကြောင်းရဲ့ တစ်နေရာရာမှာ စုတ်ပြဲဒါဏ်ရာရသွားခဲ့မယ်ဆိုရင်ဆေးရုံတင်ဖို့လိုမှာဖြစ်သလိုတစ်ခါတစ်ရံခွဲစိတ်ဖို့ပါလိုကောင်းလိုမှာဖြစ်ပါတယ်။ မှန်ပြောင်းကြည့်တာကြောင့်ဒီလိုစုတ်ပြဲတာမျိုးဟာအင်မတန်ရှားပြီးလူတစ်သောင်းမှာဆိုရင်လေးငါးယောက်လောက်ပဲ ဖြစ်လေ့ရှိတယ်လို့သိရပါတယ်။ အစာအိမ်အူလမ်းကြောင်းကိုမှန်ပြောင်းမကြည့်ခင်အစာမစားဖို့ညွှန်ကြားတာမျိုး ဒါမှမဟုတ် သောက်နေကျဆေးတချို့ကို ရပ်ခိုင်းတာမျိုး အစရှိတဲ့ ဆရာဝန်ရဲ့ လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင် ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကို အနည်းဆုံး ဒါမှမဟုတ် လုံးဝမဖြစ်အောင် လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement