backup og meta

အရိုးအဆစ်ရောင်ရောဂါ(Osteoarthritis) သင့်မှာရှိနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးအဆစ်ရောင်ရောဂါ(Osteoarthritis) သင့်မှာရှိနေပြီလား

    အရိုးအဆစ်ရောင်ရမ်းမှုကြောင့် အရိုးနုပျက်စီးသွားတဲ့ရောဂါOsteoarthritis ဆိုတာ အဖြစ်များပါတယ်။ အဆစ်တွေကာလကြာရှည်ရောင်ရမ်းလို့ အရိုးအဆစ်တွေကြားက အရိုးနုပျက်စီးယိုယွင်းလာတဲ့အခါဖြစ်လာတတ်ပြီး ခန္ဓါကိုယ်ရဲ့အရိုးအဆစ်တိုင်းနီးပါးမှာOsteoarthritisဖြစ်နိုင်ပါတယ်။ အများအားဖြင့် ခန္ဓါကိုယ်အလေးချိန်ကိုထိန်းထားရတဲ့ အဆစ်တွေမှာ အဖြစ်များဆုံးဆိုပေမယ့် လက်ချောင်းတွေ၊ လည်ပင်းနဲ့ခြေမအဆစ်တွေမှာလည်းဖြစ်လာနိုင်ပါတယ်။

    အသက် ၆၀ အထက် အရွယ်အများစုမှာ ဒီရောဂါဖြစ်လေ့ရှိပေမယ့် လူငယ်တွေမှာလည်းဖြစ်တတ်ပါတယ်။ အသက် ၅၀ကျော်အရွယ်တွေဆို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ဒီဝေဒနာပိုခံစားရလေ့ရှိပါတယ်။

    ဘာလက္ခဏာတွေ သိသာလာမလဲ

    ရောဂါလက္ခဏာတွေက တဖြည်းဖြည်းချင်းဖြစ်လာတတ်သလို အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတတ်ပါတယ်။ ဘယ်လိုလက္ခဏာတွေလဲဆိုတော့ –

  • လှုပ်ရှားလိုက်တာနဲ့ အရိုးအဆစ်တွေနာကျင်တယ်။
  • အဆစ်နေရာကို သာသာလေးဖိလိုက်တာနဲ့ နာတယ်။ အထိမခံနိုင်ဘူး။
  • မနက်အိပ်ရာထလိုက်တဲ့အချိန် ဒါမှမဟုတ် အတော်ကြာကြာငြိမ်နေပြီးမှ ထလှုပ်ရှားလိုက်တဲ့အချိန် အရိုးအဆစ်တွေတောင့်တင်းနေတာ အသိသာဆုံးပါ။ ညည်းတွားသံနဲ့အတူ ကုန်းရုန်းထရတာမျိုး။
  • လှုပ်ရှားရတာ အဆင်မပြေဘူး။ အဆစ်တွေက အကွေးအဆန့် လိုသလိုလှုပ်ရှားလို့မရဘူး။
  • အသုံးပြုလိုက်၊ လှုပ်ရှားလိုက်တိုင်း အဆစ်က အသံတွေမြည်တာ ဒါမှမဟုတ်မြည်နေသလိုခံစားရတယ်။
  • အရိုးအတက်ထွက်ခြင်း။ အရိုးအဆစ်အနားမှာ ခပ်ဖုဖုလေးဖြစ်နေသလို နည်းနည်းသိသာနေတာမျိုးဖြစ်နိုင်ပါတယ်။
  • အသိသာဆုံးကတော့ လှုပ်ရှားဖန်များတဲ့ အဆစ်တွေမှာ နာကျင်လာတာပါပဲ။ ညနေပိုင်းမှာပိုဆိုးတတ်သလို အဲဒီအဆစ်တွေမှာရောင်ရမ်းလာတယ်၊ ပူတဲ့ခံစားချက်ရှိလာတယ်၊ အကွေးအဆန့်ဆို တဂျွတ်ဂျွတ်မြည်တယ်။ပြင်းထန်လာရင်တော့ အကာအကွယ်အရိုးနုပျက်စီးသွားလို့ အရိုးတွေကြားပွတ်တိုက်မှုဖြစ်လာတဲ့အခါ နာကျင်မှုကြောင့် လုံးဝအိပ်ရာထဲလဲတာ ဒါမှမဟုတ် လှုပ်ရှားမှုသိပ်လုပ်လို့မရတော့တဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်။
  • ဘယ်လိုတွေမှာ Osteoarthritis ဖြစ်နိုင်ခြေများနိုင်လဲ

    ရောဂါဖြစ်စေနိုင်တဲ့အချက်တွေက အများကြီးရှိပါတယ်။

    • အသက်ကြီးလာတာနဲ့အမျှ ဒီရောဂါဖြစ်နိုင်ခြေပိုများပါတယ်။
    • တိကျခိုင်မာတဲ့အကြောင်းပြချက်ကို မသိရသေးပေမယ့် အမျိုးသမီးတွေမှာဖြစ်နိုင်ခြေပိုများတယ်လို့ သုတေသနတွေက ဆိုကြပါတယ်။
    • အဝလွန်နေသူတွေဆို ပိုလေးလံတဲ့ခန္ဓါကိုယ်ကိုထမ်းထားရလို့osteoarthritis ပိုဖြစ်နိုင်ပါတယ်။ ပိုဝလေ အန္တရာယ်ပိုများလေဖြစ်ပါတယ်။ လွန်ကဲနေတဲ့ကိုယ်အလေးချိန်ဒဏ်ကို ပိုခံရတဲ့ ဒူးဆစ်၊ တင်ပါးဆုံရိုးတို့လို အဆစ်တွေမှာရောင်ရမ်းစေပါလိမ့်မယ်။
    • အားကစားလုပ်ရင်း ထိခိုက်တာ ဒါမှမဟုတ် မတော်တဆမှုတစ်ခုခုကြောင့် ထိခိုက်ထားတဲ့ဒဏ်ရှိသူမှာosteoarthritisဖြစ်နိုင်ခြေပိုများပါတယ်။ နှစ်အတော်ကြာပြီးတဲ့ ထိခိုက်မှုဆိုရင်တောင် သက်ရောက်မှုရှိနိုင်တယ်။
    • အဆစ်တစ်ခုတည်းကိုပဲ အမြဲအကြိမ်ကြိမ်ဖိလှုပ်ရှားရတဲ့ အလုပ်တွေ၊ အမူအကျင့်တွေနဲ့ဆို ဒီရောဂါခံစားရနိုင်ပါတယ်။
    • မျိုးဗီဇပါလာတာဆိုရင် အရိုးအဆစ်ရောင်ရောဂြါဖစ်နိုင်ခြေပိုများပါတယ်။
    • မွေးတည်းက အရိုးအဆစ်တည်ဆောက်ပုံမမှန်တာ၊ အရိုးနုမှာချို့ယွင်းချက်ရှိတာဆိုရင် ဒီရောဂါဖြစ်လာနိုင်ခြေပိုများပါတယ်။

    ဘယ်လိုကုသမလဲ

    Osteoarthritis က နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး အမြစ်ပြတ်ပျောက်ကင်းအောင်ကုသလို့မရပေမယ့် ပိုမဆိုးလာအောင်၊ဝေဒနာသက်သာသွားအောင် ကုသရပါတယ်။ လက္ခဏာမပြင်းထန်ရင်တော့

    • ပုံမှန်လမ်းလျှောက်မယ်
    • ကိုယ်အလေးချိန်ထိန်းမယ်
    • လှုပ်ရှားတဲ့အခါ အဆစ်တွေကို မထိခိုက်အောင်ထိန်းပေးမယ့် ကိရိယာ၊အသုံးအဆောင်တွေသုံးမယ်။
    • အကိုက်အခဲပျောက်ဆေးတွေက အရောင်မကျစေနိုင်ပေမယ့်နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ရေရှည်သောက်သုံးဖို့တော့ မသင့်ပါဘူး။
    • နာကျင်မှုကိုသက်သာစေမယ့် လိမ်းဆေးတွေလည်း သုံးပေးနိုင်ပါတယ်။
    • ထိခိုက်နေတဲ့ အရိုးအဆစ်ကို ပုံမှန်အတိုင်းပြန်လှုပ်ရှားနိုင်အောင် အရိုးအဆစ်ပြန်လည်သန်စွမ်းရေးကုထုံးတွေနဲ့ ကုသနိုင်ပါတယ်။

    ရောဂါလက္ခဏာကဆိုးရွားလာတယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုကိုလိုအပ်နိုင်ပါတယ်။ တခြားကုထုံးတွေနဲ့မသက်သာဘဲ ထိခိုက်ပျက်စီးနေတဲ့ အရိုးအဆစ်ကိုပြန်လည်ပြုပြင်ဖို့၊ ယိုယွင်းနေတဲ့အစိတ်အပိုင်းကို အစားထိုးဖို့ ခွဲစိတ်ကုသမှုလိုအပ်ပါလိမ့်မယ်။

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement