backup og meta

မျှဝေပါ။

နှလုံးသွေးကြောကျဉ်းရောဂါ သေချာဂရုစိုက်ပါ။

နှလုံးက ရှင်သန်မှုရဲ့ လက္ခဏာတစ်ခုနော်။ နှလုံးခုန်သံ စည်းချက်မှန်မှန်လေးက ရှင်သန်နေတယ်ဆိုတာကို အသိပေးနေတယ်။ ဒီနှလုံးလေး ခုန်နေစေဖို့ ထောက်ပံ့ပေးထားတာက နှလုံးသွေးကြောတွေလေ။

နှလုံးသွေးကြောတွေက နှလုံးဆီကို သွေးတွေ၊အောက်ဆီဂျင်တွေ နဲ့ အာဟာရဓာတ်တွေ ပို့ဆောင်ပေးတယ်။ သူတို့လေးတွေ ကျန်းမာနေမှ နှလုံးကျန်းမာမယ်။ ခန္ဓာကိုယ်လည်း ကျန်းမာမယ်လေ။

ဒီထောက်ပံ့ပေးနေတဲ့ သွေးကြောလေးတွေထဲမှာ အဆီတွေ စုပုံလာတဲ့အခါ သွေးကြောလေးတွေက နှလုံးဆီကို သွေးစီးဆင်းနိုင်မှု ကျဆင်းလာတယ်။ ဒီလို သွေးစီးဆင်းရောက်ရှိမှုနည်းလာတဲ့အခါ ရင်ဘတ်အောင့်တာ၊ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလိုသွေးကြောလေးတွေ ပိတ်ဆို့လာတဲ့အခြေအနေကို နှလုံး သွေးကြောကျဉ်းတယ်လို့ ခေါ်တာပါ။

နှလုံးသွေးကြောကျဉ်းရောဂါ အဖြစ်များသလား။

အခုနောက်ပိုင်းကာလတွေမှာ အစားအသောက်နဲ့ နေထိုင်မှု ပုံစံတွေကြောင့် သွေးတွင်းကိုလက်စထရောများရာကနေတဆင့် နှလုံးသွေးကြောကျဉ်းရောဂါက အဖြစ်များလာပါတယ်။ ဒီရောဂါက ဆယ်စုနှစ်နဲ့ကြာအောင် အစပျိုးတတ်ပါတယ်။

သွေးကြောတွေထဲမှာ အဆီတွေ အရမ်းများလာပြီး သွေးကြောတွေကို ကျဉ်းလာတာကြောင့် ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်တာ နဲ့ သွေးကြောကအတော်လေး ပိတ်ဆို့သွားချိန်မှာ ရုတ်တရက် နှလုံးရပ်တာတွေဖြစ်မှ သိတာများပါတယ်။

ဘယ်လိုလက္ခဏာတွေရှိလဲ။

နှလုံးသွေးကြောကျဉ်းရောဂါက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ သွေးကြောနံရံတွေမှာ အဆီတွေစုပုံရာက နှလုံးကို ထောက်ပံ့ပေးနေတဲ့ ပင်မ သွေးကြောပိတ်ဆို့သွားတဲ့ အနေအထားပေါ့။ နှလုံးသွေးကြောကျဉ်းလာတဲ့အခါ ရောဂါပြင်းထန်မှုအလိုက် အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။

  • ပင်ပန်းတဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ ရင်ဘတ်ထဲက အောင့်တာ
  • လက်ဖဝါးတွေ ချွေးစေးထွက်ပြီး အေးစက်လာတာ
  • ခေါင်းမူးတာ
  • မအီမသာဖြစ်တာ
  • ရင်ထဲက တလှပ်လှပ်ဖြစ်တာ
  • အသက်ရှူတာ ပြတ်တောင်းပြတ်တောင်းဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။

နောက်ဆက်တွဲ ဘာတွေခံစားရနိုင်လဲ။

  • နှလုံးစည်းချက် မမှန်တာ
  • ရုတ်တရက်နှလုံးရပ်တာ
  • နှလုံးညှစ်အားကျတာတွေ ခံစားလာရနိုင်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ သေချာဂရုစိုက် ကုသပါ။

နှလုံးသွေးကြောကျဉ်းရောဂါ ခံစားရတဲ့အခါ အမြန်ဆုံးကုသမှု ခံယူပေးဖို့လိုပါမယ်။ ကုသမှု ခံယူတဲ့အခါ ခံစားနေရတဲ့ ရောဂါအခြေအနေကို လိုက်ပြီး သင့်တော်တဲ့ ကုသမှုကို ခံယူဖို့လိုပါမယ်။ နှလုံးသွေးကြောကျဉ်းရောဂါကို ကုသရာမှာ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့က အတော်လေး အဓိကကျပါတယ်။

ကျန်းမာတဲ့ နေထိုင်မှုပုံစံ

ဒါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို သက်သာစေဖို့ နဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့အတွက်

  • သွေးပေါင်ချိန်ကို ထိန်းညှိပါ။
  • သွေးတွင်းကိုလက်စထရော ပုံမှန် စစ်ဆေးပါ။
  • သွေးတွင်းသကြားဓာတ် ထိန်းပါ။
  • လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။
  • ကိုယ်အလေးချိန်ထိန်းပါ။
  • ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားသုံးပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • အရက်ဖြတ်ပါ။
  • စိတ်ဖိစီးမှု ဖြေလျော့ပါ။
  • ဆရာဝန်ညွှန်ကြားတဲ့ နှလုံးအတွက်ဆေးများကို မှန်မှန်သောက်ပါ။
  • နှလုံးခုန်နှုန်းကို ပုံမှန်စစ်ဆေးရပါမယ်။

ဒီလို ဂရုစိုက်နေထိုင်တာက နှလုံးသွေးကျဉ်းရောဂါကို သက်သာစေမှာဖြစ်သလို နောက်ဆက်တွဲ နှလုံးကျန်းမာရေး ပြဿနာတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။

ခွဲစိတ်ကုသမှု

အပေါ်က ပြောခဲ့တဲ့နည်းလမ်းတွေနဲ့ ကုသဖို့ အဆင်မပြေဘူး။ ရောဂါအနေအထားက ပြင်းထန်မယ်ဆိုရင်တော့ နှလုံးသွေးကြောထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့အတွက် ခွဲစိတ်မှု လုပ်ဖို့လိုပါမယ်။ ခွဲစိတ်တဲ့အခါ

  • နှလုံးမှာ ပျက်စီးသွာတဲ့ သွေးလွှတ်ကြောကို တခြားနေရာကနေရယူပြီး အစားထိုးဆက်ပေးနည်း (Coronary artery bypass surgery) နဲ့
  • ပိတ်နေတဲ့သွေးကြောလေး ပြန်ပွင့်စေဖို့ သေးငယ်တဲ့ပူဖောင်းလေး ထည့်သွင်းပြီး သွေးစီးဆင်းမှု ပြန်ကောင်းအောင်လုပ်ပေးတဲ့ ကုသနည်း (coronary angioplasty)
  • နှလုံးသွေးကြောပြန်ပွင့်စေဖို့ ပိုက်ထည့်ကုသခြင်း (stent) ထည့်ကုသနည်းတွေနဲ့ကုသလို့ ရပါတယ်။

ကုသနည်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်နဲ့ သင့်တော်မယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရွေးချယ်နိုင်ပါတယ်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coronary Artery Disease (CAD) https://www.cdc.gov/heartdisease/coronary_ad.htm Accessed Date 21 October 2020

Coronary heart disease https://www.nhs.uk/conditions/coronary-heart-disease/ Accessed Date 21 October 2020

ယခုပုံစံ

22/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/09/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement