Homocysteine Test

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

Homocysteine Test ဆိုတာဘာလဲ။

Homocysteine ဟာ အမိုင်နိုအက်ဆစ် အမျိုး ၂၀ ထဲက တစ်မျိုးဖြစ်ပါတယ်။ အမိုင်နိုအက်ဆစ် တွေဟာ ကိုယ်ခန္ဓါက ပရိုတင်းဓါတ်ပြုလုပ်ဖို့ လိုအပ်တဲ့ မော်လီကျူးတွေပဲဖြစ်ပါတယ်။ Homocysteine ကို အစားအသောက်ကနေ တိုက်ရိုက်ရယူဖို့ မဖြစ်နိုင်တာကြောင့် အစားအသောက်က ရရှိတဲ့ အခြား အမိုင်နိုင်အက်ဆစ် (ဥပမာ- အသား၊ ငါး၊ နို့ထွက်ပစ္စည်းများမှ ရရှိသော methionine)တွေဆီကတစ်ဆင့် ပြန်လည်ရယူရမှာ ဖြစ်ပါတယ်။
Homocysteine ပမာဏ တက်နေခြင်းဟာ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ သွေးခဲခြင်းတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ ဒီရောဂါတွေ ဖြစ်လာပြီး သူ့ကို ဖြစ်စေတဲ့အချက်တွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ ကိုလက်စထရောများခြင်း၊ ဆီးချို၊ အစရှိတဲ့ အချက်တွေ မရှိဘူးဆိုရင် သမားတော်က သွေးအတွင်း Homocysteine စစ်ဆေးခြင်း အပါအဝင် အခြား သမရိုးကျမဟုတ်တဲ့ အကြောင်းရင်းတွေကို ရှာဖွေနိုင်ပါတယ်။

Homocysteine Test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

တကယ်လို့ ကလေးငယ်တွေမှာ မိသားစု ရာဇဝင်ရှိရင် (သို့) အခြားကျန်းမာရေးအခြေအနေတွေ ဖြစ်တဲ့ မျက်စိမှန်ဘီလူးနေရာလွဲနေခြင်း၊ Marfan syndrome (မျိုးရိုးဗီဇဆိုင်ရာ တွယ်ဆက်တစ်ရှူးမူမမှန် ပြဿနာ)၊ ဉာဏ်ရည်မမီခြင်း၊ သို့ လေဖြတ်ခြင်းရဲ့လက္ခဏာတွေရှိရင် သူတို့ရဲ့ သွေးနဲ့ ဆီးတွေကို Homocysteine ပမာဏ တက်မတက်ရှာဖွေဖို့ အသုံးပြုကြပါတယ်။ အသက်ငယ်စဉ်မှာ စောစီးစွာ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ သွေးခဲခြင်း ရှိသူတွေမှာလည်း Homocysteine သွေးပမာဏ တိုင်းတာခြင်းအပါအဝင် သွေးခဲနှုန်းဆိုင်ရာ ပုံမှန်မဟုတ်ခြင်းတွေကို စစ်ဆေးသင့်ပါတယ်။
Homocysteine ပမာဏ စစ်ဆေးခြင်းကို လူနာတစ်ယောက် နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း အစရှိတာတွေ ခံစားနေရပြီး သူ့မှာ ဖြစ်နှုန်းများစေတဲ့ အချက်တွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ ကော်လက်စထရောတက်ခြင်း၊ ဆီးချို အစရှိတဲ့ အချက်တွေကို မတွေ့ရရင် ပြုလုပ်လေ့ရှိပါတယ်။

ပြင်ဆင်မှု

Homocysteine Test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

ဆီးစစ်ဆေးမှုဟာ ဆီးတွင်း Homocysteine ပါဝင်မှုရှိမရှိ ကို သိရှိနိုင်ပါတယ်။ ဒါပေမယ့် သွေးစစ်ဆေးမှုကတော့ ပိုတိကျပါတယ်။
တကယ်လို့ တစ်စုံတစ်ယောက်မှာ နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူ မိသားစုအတွင်းမှာ ရှိတယ်ဆိုရင် (သို့) မိသားစုဝင် တစ်ဦးဦးဟာ ဆီးတွင်းမှာ homocysteine ပါဝင်ခြင်း ရှိနေတယ်ဆိုရင် ဒီသူကိုလည်း မိသားစုတွေမှာ တွေ့ရှိတဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုကို စစ်ဆေးသင့်ပါတယ်။
Homocysteine ပမာဏတွေဟာ အသက်ကြီးလာရင်၊ ဆေးလိပ်သောက်ရင်၊ carbamazepine၊ methotrexate၊ phenytoin အစရှိတဲ့ ဆေးတွေ အသုံးပြုရင် တတ်လာတတ်ပါတယ်။ အမျိုးသမီးတွေမှာတော့ Homocysteine ပမာဏဟာ အမျိုးသားတွေထက် နည်းတတ်ပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးပြီးရင်တော့ Homocysteine ပမာဏ တက်လာတတ်ပြီး ဒါဟာ estrogen ထုတ်လုပ်မှုနည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

Homocysteine Test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

စစ်ဆေးမှုမပြုခင် အနည်းဆုံး ၈နာရီ အတွင်းစားသောက်ခြင်း မပြုသင့်ပါဘူး။
အခြားဆေးတွေဟာ စစ်ဆေးမှုအဖြေကို ပြောင်းလဲစေတာကြောင့် သောက်နေတဲ့ ဆေးအကုန်ကို ဆရာဝန်ကိုပြောပြသင့်ပါတယ်။
စစ်ဆေးမှုလိုအပ်ချက်တွေ၊ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ၊ စစ်ဆေးမှု ဘယ်လိုလုပ်မလဲဆိုတာနဲ့ အဖြေတွေက ဘာကိုဆိုလိုတာလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး သိချင်တာတွေ ရှိရင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

စစ်ဆေးမှု

Homocysteine Test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သင့်ဆရာဝန်ဟာ လက်မောင်း (သို့) တံတောင်ဆစ်နားက နေရာကို ပိုးသတ်ဆေးနဲ့ သန့်စင်မှာ ဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ လက်မောင်းအပေါ်မှာ သားရေကြိုးကိုချည်နှောင်ပြီး သွေးပြန်ကြောကို ဖောင်းတင်းစေပါတယ်။ ဒီလိုလုပ်ခြင်းဟာ သွေးပြန်ကြောတွေကနေ သွေးယူဖို့ လွယ်ကူစေပါတယ်။
သင့်လက်မောင်းကို အပ်နဲ့ဖေါက်ပြီး သွေးပြန်ကြောထဲကို အပ်ထည့်လိုက်မှာ ဖြစ်ပါတယ်။ သွေးယူမယ့် ဖန်ချောင်းကိုတော့ အပ်ရဲ့ အခြားထိပ်တစ်ခုမှာ ဆက်လိုက်မှာ ဖြစ်ပါတယ်။
သွေးအလုံအလောက်ရသွားရင်တော့ ဆရာဝန်ဟာ အပ်ကိုဖယ်လိုက်မှာ ဖြစ်ပြီး အပ်ဖေါက်ထားတဲ့နေရာကို ဂွမ်းနဲ့ သွေးတိတ်သွားအောင် ဖိထားမှာ ဖြစ်ပါတယ်။

စစ်ဆေးပြီးနောက်

Homocysteine Test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

စစ်ဆေးမှု ပြုလုပ်ပြီးရင်တော့ အိမ်ပြန်နိုင်ပြီဖြစ်ပါတယ်။
သွေးအဖြေကို ရရှိဖို့ ရက်ချိန်းပေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သွေးအဖြေက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းပြမှာ ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Homocysteine Test အဖြေတွေက ဘာကို ဆိုလိုတာလဲ။

အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အပိုင်းတစ်ခြားတစ်ခုနဲ့ ဖေါ်ပြထားပြီး အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအပိုင်းအခြားတွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ အသုံးပြုတဲ့ ပုံမှန် အပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။
ပုံမှန် – 0.54–2.3 mg/L (သို့) 4–17 micromoles per liter (mcmol/L)
အခြေအနေ အတော်များများဟာ homocysteine ပမာဏကို လွှမ်းမိုးနိုင်ပါတယ်။ သင့်ဆရာဝန်က ပုံမှန်မဟုတ်တဲ့ အခြေအနေတွေအတွက် သင့်ရောဂါလက္ခဏာတွေနဲ့ အရင်က ကျန်းမာရေးအခြေအနေတွေကို ဆွေးနွေးနိုင်ပါတယ်။
ပမာဏ များခြင်း
ပမာဏများခြင်းဟာ အောက်ပါ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။
• သင့်အစားအသောက်ထဲတွင် ဖောလစ်အက်ဆစ်၊ ဗီတာမင် ဘီ ၆၊ ဗီတာမင် ဘီ၁၂ အလုံအလောက်မပါခြင်း
• homocystinuria၊ ကျောက်ကပ်ရောဂါ၊ hypothyroidism၊ Alzheimer’s ရောဂါ၊ အခြားကင်ဆာများ
• အရက်အလွန်အကျွံသောက်ခြင်း
• လိင် (Homocysteine ပမာဏတွေဟာ အမျိုးသားတွေမှာ အမျိုးသမီးတွေမှာထက် ပိုများနိုင်ပါတယ်။)
• အသက် (Homocysteine ပမာဏဟာ အသက်ကြီးလာတာနဲ့ အမျှ ပိုများလာနိုင်ပါတယ်)
ပမာဏ နည်းခြင်း
Homocysteine ပမာဏ နည်းခြင်းဟာ အခြားဆေးတွေ (သို့) ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ ၁၂ (သို့) niacin တို့ကြောင့် ဖြစ်နိုင်ပါတယ်။
ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Homocysteine Test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Homocysteine Test နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Share now :

တည်းဖြတ်သည့်နေ့ ဇူလိုင် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 19, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။