အခုလတ်တလောဖြစ်ပွားနေတဲ့သက်ငယ်မုဒိမ်းကိစ္စနဲ့ပတ်သက်ပြီး DNA စစ်ဆေးတဲ့အကြောင်းတွေ လူတွေကြားထဲသိချင်လာကြပါတယ်။ ဒါတင်မကပါဘူး။ အမှုအခင်းတစ်ခုခုဖြစ်ပြီဆိုတာနဲ့ DNA စစ်ကြည့်လိုက်။ DNA လောက်မှန်တဲ့အဖြေမရှိဘူး။ DNA ကိုက်နေရင် အဲဒီသူက တရားခံပဲဆိုတဲ့ အကြောင်းလေးတွေကြားဖူးမှာပါ။ ဒီလိုပဲ သွေးသားတော်စပ်တဲ့ကိစ္စတွေမှာလည်း DNA စစ်လိုက်ရင် အားလုံး အဖြေပေါ်သွားမယ်ဆိုတာတွေက အမြဲကြားနေကျ ကိစ္စတွေပါ။ ဒီတော့ DNA ဆိုတာဘာလဲ။ DNA စစ်ဆေးတယ်ဆိုတာကရော ဘာလဲမသိချင်ကြဘူးလား။
DNA ဆိုတာဘာလဲ။
DNA ဆိုတာ Deoxyribonucleic Acid ရဲ့ အတိုကောက်ကို ခေါ်တာဖြစ်ပါတယ်။ ကွန်ပျူတာတွေမှာ code ကုဒ်တွေက အဓိကဆို လူတွေမှာလည်း DNA ဆိုတာ အဓိကကုဒ်တွေပါပဲ။ လူတစ်ယောက်ရဲ့ ဆဲလ်တစ်ခုချင်းစီဟာ ပုံစံတူ DNA ကုဒ်တွေနဲ့ ဖွဲ့စည်းထားပြီး လူတစ်ဦးစီတိုင်းဟာ ကိုယ်ပိုင် DNA တွေ ရှိကြပါတယ်။ ကိုယ်ခန္ဓါမှာ AT နဲ့ CG လို့ခေါ်တဲ့ ကြောင်လိမ်လှေကားပုံသဏ္ဍန် DNA letters အတွဲပေါင်း ၃ ဘီလျံခန့်ရှိပြီး တစ်ယောက်နဲ့တစ်ယောက်မှာ ဖွဲ့စည်းထားတဲ့ DNAကုဒ် ချင်းကမတူပါဘူး။ ဒါ့ကြောင့် DNA ဟာ တရားခံပေါ်အောင် အမှုလိုက်တဲ့ နေရာမှာ အဓိကကျတဲ့ သက်သေအဖြစ် အသုံးအဝင်ဆုံး အရာဖြစ်လာတာပါ။
DNA တစ်ခုက ဘယ်လောက်ခံလဲ။
DNA တစ်ခုရဲ့ သက်တမ်းဘယ်လောက်ရှိလဲဆိုတာလည်း စိတ်ဝင်စားစရာ အချက်တစ်ခုပါ။ DNA တစ်ခု့ရဲ့သက်တမ်းက နှစ်ပေါင်း ၆.၈ သန်း တောင်ရှိပါတယ်။ လေ့လာချက်တွေအရ DNA မော်လီကျူးတစ်ခုရဲ့ ချိတ်ဆက်ထားတဲ့ အတွဲပေါင်း တစ်ဝက်လောက်ပျက်သွားပါစေဦး DNA တစ်ခုက နှစ်ပေါင်း ၅၂၁ နှစ်တောင်ခံပါတယ်တဲ့။
DNA တွေက ပျက်စီးသွားတတ်လား ။
ဒီ အရမ်းအသုံးဝင်တဲ့ DNA ဟာ ရေနဲ့ နေနဲ့ ထိသွားရင် အထဲမှာပါတဲ့ အင်ဇိုင်းတွေ ဖျက်ဆီးခံလိုက်ရသလိုဖြစ်ပြီး ပျက်စီးသွားတတ်ပါတယ်။ ဒါပေမယ့် လုံးဝအစအနပါရှာမရအောင်ဖျက်ဆီးဖို့ဆိုရင်တော့ Bleach (အစွန်းချွတ်ဆေး)လိုမျိုး ပြင်းထန်တဲ့ဓါတုပစ္စည်းတွေအသုံးပြုမှရနိုင်ပါတယ်။
DNA စစ်ဆေးခြင်းကို ဘယ်လိုလုပ်ဆောင်ကြလဲ ။
ကိုယ်ခန္ဓါပေါ်ကဆံပင်၊ သွေး၊ အရေပြား၊ သုတ်ရည် နဲ့ အခြားတစ်ရှူးဆဲလ်တွေကိုသုံးပြီး DNA ကိုစစ်ဆေးကြပါတယ်။ ဥပမာ မှုခင်းဖြစ်ပွားတဲ့နေရာမှာ တရားခံနဲ့ ဆံပင်ဖြစ်ဖြစ် သွေးဖြစ်ဖြစ်ကျန်ခဲ့ရင် အဲဒါကို DNA စစ် ပြီးရင် သံသယရှိတယ်လို့ ယူဆရတဲ့ လူတွေရဲ့ ဆံပင် နဲ့ သွေးတွေကို DNA စစ်ပြီး ကိုက်ညီမှု ရှိမရှိ ဆောင်ရွက်တာကို ပြောတာပါ။ ဒါတွေကို ဓါတ်ခွဲခန်းထဲမှာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ရလာတဲ့ စစ်ဆေးချက်အဖြေကို သက်ဆိုင်ရာတာဝန်ရှိသူထံဆီ လက်ရေးမူနဲ့ ပို့ပေးရတာဖြစ်ပါတယ်။ အမှုရင်ဆိုင်နေရလို့မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် DNA စစ်ချင်တယ်ဆိုရင်တော့ မစစ်ခင် DNA စစ်ဆေးခြင်းကြောင့် ရလာမယ့် ကောင်းကျိုး ဆိုးပြစ်တွေ အားလုံးကို သိရှိပြီး သဘောတူကြောင့်လက်မှတ်ရေးထိုးဖို့တော့လိုပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။