backup og meta

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

    ပန်ကရိယဆိုတာက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိဖို့ အင်ဆူလင်ကိုထုတ်ပေးသလို အစာအိမ် အက်ဆစ်ပမာဏကို ထိန်းညှိပေးဖို့ပါ တာဝန်ယူထားတဲ့ အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းလေး တစ်ခုပါ။

    ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။ ဒီတော့ ဆီးချိုရောဂါကို ကာကွယ်ဖို့အတွက် ပန်ကရိယလေး ကျန်းမာအောင် လိုက်နာသင့်တဲ့ အလေ့အထလေးတွေက ဘာတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်လား……………

    ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထ အချို့

    သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတာနဲ့ အစာခြေတဲ့နေရာမှာ အင်တိုက်အားတိုက် လုပ်ဆောင်ပေးနေတဲ့ ပန်ကရိယ( မုန့်ချိုအိတ်)လေး ကျန်းမာစေဖို့ဆိုရင်

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပါ

    အဆီများတာတွေ ဥပမာ တိရစ္ဆာန် အဆီတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ထောပတ်သီး၊ ငါးအဆီ၊ အသီးအရွက်အဆီ၊ အခွံမာသီး စတာတွေကနေရတဲ့ အဆီတွေကိုပဲ စားပေးပါ။

    ဆီကြော်စာတွေ ရှောင်ပါ

    အများစု ကြိုက်ကြတဲ့ ကြက်ကြော်၊ အာလူးချောင်းကြော်နဲ့ ဟမ်ဘာဂါတို့လိုမျိုး အသင့်စား အစားအစာတွေမှာ အဆီတွေ အများကြီး ပါတတ်ပါတယ်။ ဒီလို အဆီများတဲ့ ဆီကြော်စာတွေက မုန့်ချိုအိတ် ရောင်ရမ်းတာ အပါအဝင် မုန့်ချိုအိတ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆီကြော်စာတွေကို တတ်နိုင်သမျှ ရှောင်ပါ။

    ရေသောက်ပါ

    ရေသောက်တာက ခန္ဓာကိုယ်ကို ကျန်းမာစေတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ရေသောက်နည်းတာက အသားအရေကျောက်ကပ်အပါအဝင် ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ပန်ကရိယကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၆ ခွက် ပြည့်အောင် သောက်ပါ။ ပိုသောက်လို့လည်း ရပါတယ်။ ရေသောက်ပေးတာကလည်း ပန်ကရိယ ကျန်းမာရေးကို စောင့်ရှောက်တဲ့ နည်းလမ်းတစ်ခုပါ။

    အဆီမပါတဲ့ ပရိုတင်း စားပါ

    ပရိုတင်းက ခန္ဓာကိုယ်အတွက် လိုအပ်တာ မှန်ပေမယ့် ပန်ကရိယလေး ကျန်းမာစေဖို့ဆိုရင် အဆီမပါတဲ့ ပရိုတင်း ဖြစ်ဖို့တော့ လိုပါမယ်။ ဒါကြောင့် အနီရောင်အသားတွေကို တတ်နိုင်သမျှ လျှော့စားပါ။ စားဖြစ်ရင်တောင် အဆီမပါဖို့ ဂရုစိုက်ပါ။

    ကြက်သား၊ ငါးစတာတွေကို ပိုစားပေးပါ။ ဥအမျိုးမျိုး၊ အခွံမာသီး၊ ပဲအမျိုးမျိုးစတဲ့ ပရိုတင်း အရင်းအမြစ်တွေကို စားသုံးပေးလို့လည်း ရပါတယ်။

    အချို လျှော့စားပါ

    အချိုကို တတ်နိုင်သမျှ လျှော့စားပါ။ အချို လျှော့စားတာက ကျန်းမာရေးကို ဂရုစိုက်ရာကျသလို ပန်ကရိယလေး ကျန်းမာစေဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။ အချိုအစားများတဲ့အခါ ပန်ကရိက အင်ဆူလင်တွေကို အများကြီး ထုတ်ပေးရပြီး ရေရှည်မှာ သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး ဖြစ်နိုင်ပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာကကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလို ကျန်းမာရေးကိုလည်း အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။ တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ပန်ကရိယလေးကိုလည်း ကျန်းမာစေပါတယ်။

    တစ်နေ့တာမှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ gym ဆော့တာလိုမျိုး လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးပါ။

    ဒီအချက်တွေအပြင်

  • အရက်ဖြတ်တာ
  • ဆေးလိပ်ဖြတ်တာ
  • အစားကို နည်းနည်းချင်းစီ စားတာ
  • စိတ်ဖိစီးမှုကို ဖြေလျှော့တာကလည်း ပန်ကရိယလေး ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement