backup og meta

အစာခြေခြင်း အကြောင်းသိကောင်းစရာ


Dr. Thant Zin မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာခြေခြင်း အကြောင်းသိကောင်းစရာ

    အစာစားခြင်းဟာ လူသားတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး အသက်ရှင်ရပ်တည်ရေးအတွက် စွမ်းအင်နဲ့ အာဟာရဓာတ်တွေ အထောက်အပံ့ပေးပါတယ်။ ယခုဆောင်းပါးမှာတော့ အစာစားပြီးချိန်မှာ အစာဘယ်လိုခြေသလဲ၊ ဘာတွေဆက်လက်လုပ်ဆောင်သလဲ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

    အစာခြေဖို့ ဘယ်လောက်ကြာသလဲ

    သင်စားသုံးလိုက်တဲ့ အစားအစာဟာ အစာအိမ်အူလမ်းကြောင်းတခုလုံးကို ဖြတ်သန်းသွားဖို့ ၂၄ နာရီကနေ ၇၂ နာရီထိ ကြာတတ်ပါတယ်။ သင်စားလိုက်တဲ့ အစားအစာအမျိုးအစားပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဒါ့အပြင် ကျား/မကွဲပြားခြင်း၊ ဇီဝဖြစ်ပျက်မှုနဲ့ အစာအိမ်အူလမ်းကြောင်းမှာ ပြဿနာ တစ်စုံတစ်ရာရှိမရှိဆိုတာပေါ် မူတည်ပါသေးတယ်။

    စတင်စားသောက်ချိန်မှာ အစားအသောက်များဟာ အူလမ်းကြောင်းထဲကို လျင်မြန်စွာ ဝင်ရောက်နိုင်ပါတယ်။ ၆ နာရီကနေ ၈ နာရီအတွင်းမှာ အစာများဟာ အစာအိမ်၊ အူသိမ်နဲ့ အူမကို ဖြတ်သန်းသွားနိုင်ပါတယ်။ အူမထဲရောက်ရင်တော့ တစ်ဝက်တစ်ပျက်ချေဖျက်ပြီးသား အစားအစာများကို အပြီးတိုင်ချေဖျက်ဖို့ တစ်ရက်ခန့် အချိန်ယူပါတယ်။

    ယေဘုယျအားဖြင့် အစာအိမ်အတွင်း အစာခြေချိန်ဟာ ၂နာရီမှ ၅နာရီ၊ အူသိမ်ထဲဖြတ်သန်းချိန်ဟာ ၂နာရီမှ ၆နာရီ၊ အူမကြီးထဲ ဖြတ်သန်းချိန်ဟာ ၁၀ နာရီမှ ၅၉ နာရီ စသဖြင့် စုစုပေါင်း ၁၀ နာရီနဲ့ ၇၃ နာရီလောက် ဖြစ်ပါတယ်။

    အသား၊ ငါးများဆိုရင်အားလုံးကို ချေဖျက်နိုင်ဖို့ ၂ ရက်လောက်ထိ အချိန်ယူရတတ်ပါတယ်။ အသား၊ ငါးများမှာပါဝင်တဲ့ ပရိုတိန်းနဲ့ အဆီဓာတ်တွေကို ချေဖျက်နိုင်ဖို့ အချိန်ပိုယူရတတ်ပါတယ်။

    အသီးအနှံများ၊ အသီးအရွက်များကတော့ အမျှင်ဓာတ်များဖြစ်ပြီး အူလမ်းကြောင်းထဲမှာ နေ့တစ်ဝက်လောက်ပဲ အချိန်ယူပြီး ရွေ့လျားသွားနိုင်ပါတယ်။ ယေဘုယျအားဖြင့် အမျှင်ဓာတ်များတဲ့ အစားအစာများဟာ အစာအိမ်အူလမ်းကြောင်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။

    အစာခြေဖို့ အမြန်ဆုံးအစားအစာတွေကတော့ အဆင့်ဆင့်ပြုပြင်ပြီးသား စားစရာတွေ၊ အသင့်စားသရေစာတွေ ဖြစ်ပါတယ်။ နာရီအနည်းငယ်အတွင်း အားလုံးကို ချေဖျက်နိုင်သလို သင့်ကိုလည်း ပြန်ပြီးဆာလောင်လာစေမှာ ဖြစ်ပါတယ်။

    အစာဘယ်လိုခြေသလဲ

    အစာခြေခြင်းဆိုတာ စားလိုက်တဲ့အစားအသောက်တွေကို ချေဖျက်ပြီး သူတို့မှာပါတဲ့ အာဟာရဓာတ်တွေကို ကိုယ်ခန္ဓာက လိုအပ်သလို အသုံးပြုဖို့စုပ်ယူခြင်း ဖြစ်ပါတယ်။ အားလုံးချေဖျက်စုပ်ယူပြီးချိန်မှာ ကျန်တာတွေကို အစာဟောင်းအနေနဲ့ ပြန်လည်စွန့်ထုတ်ပါတယ်။

    အစာခြေစနစ်မှာ အစိတ်အပိုင်း ၅ခုပါဝင်ပါတယ်။ ပါးစပ်၊ အစာရေမျို၊ အစာအိမ်၊ အူသိမ်၊ အူမကြီး စတာတွေ ဖြစ်ပါတယ်။

    အစားအစာတွေကို ကြိတ်ဝါးချိန်မှာ တံတွေးဂလင်းတွေထဲကနေ တံတွေးထွက်လာပါတယ်။ တံတွေးမှာ အင်ဇိုင်းတွေပါဝင်ပြီး အစာထဲက ကစီဓာတ်ကို စတင်ချေဖျက်ပါတယ်။ အဲဒီကနေ အစာရေမျိုထဲရောက်ပြီး အစာအိမ်ထဲဝင်ပါတယ်။ အစာအိမ်ထဲမှာ အစာခြေရည်ပါထွက်လာပြီး အစာများကို ပိုမိုချေဖျက်ပါတယ်။ အဲဒီနောက် အစာခြေရည်နဲ့ အစာ ရေနေတဲ့ အရောအနှောများဟာ အစာအိမ်ထဲကတဆင့် အူသိမ်ထဲကို ရောက်ပါတယ်။

    အူသိမ်ထဲမှာ ပန်ခရိယနဲ့ အသည်းကနေပါ အစာခြေရည်ထုတ်လွှတ်ပေးပါတယ်။ ဗီတာမင်နဲ့ တခြားအာဟာရဓာတ်တွေကို အူသိမ်ကနေတဆင့် သွေးထဲကို စုပ်ယူပါတယ်။ ချေဖျက်ဖို့ ကြွင်းကျန်တဲ့ အစာများဟာ အူမထဲကို ထပ်မံရွေ့လျားသွားပါတယ်။ အူမကြီးထဲရောက်တဲ့အခါ ကျန်ရှိနေတဲ့ ရေနဲ့အာဟာရဓာတ်များကို ထပ်မံစုပ်ယူပါတယ်။ ကျန်တာတွေကိုတော့ မစင်အနေနဲ့ စွန့်ထုတ်ပါတယ်။ မစင်များကို အစာဟောင်းအိမ်ထဲမှာ ဝမ်းသွားချင်စိတ်ဖြစ်လာတဲ့အထိ ထားရှိပါတယ်။

    အစာအိမ်အူလမ်းကြောင်းမှာ ဘာပြဿနာတွေ ရှိနိုင်သလဲ

    အစာအိမ်အူလမ်းကြောင်းမှာ ပြဿနာရှိရင် အစာမကြေရင်ပူခြင်း၊ လေပွလထခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း စတဲ့ပြဿနာတွေ ဖြစ်ပွားတတ်ပါတယ်။ အစာရေမျို အပိတ်အဖွင့်လုပ်တဲ့ကြွက်သားအားနည်းရင် အစာအိမ်ထဲက အစာခြေရည်တွေ ပြန်ဆန်တက်ပြီး ရင်ပူတတ်ပါတယ်။

    အစာခြေ စနစ်ကောင်းမွန်ဖို့ ဘာတွေလုပ်ဆောင်သင့်သလဲ

    အစာခြေစနစ်ကောင်းမွန်စေဖို့ အမျှင်ဓာတ်များတဲ့ အစားအစာတွေ ပိုမိုစားသုံးသင့်ပါတယ်။ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ စားသောက်ဖွယ်ရာတွေ ဖြစ်ပါတယ်။ အစာလမ်းကြောင်းကို လွယ်ကူချောမောစွာ ရွေ့လျားနိုင်စေပါ တယ်။ အနီရောင်အသားများ (ဥပမာ အမဲသား၊ ဝက်သား)နဲ့ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်တွေကို  လျှော့စားသင့်ပါတယ်။ လေ့ကျင့်ခန်းတခုခုကို နေ့စဉ်လုပ်ဆောင်သင့်ပါတယ်။ အိပ်ရေးဝအောင်အိပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်း အကျိုးပြုဘက်တီးရီးယားတွေ တိုးပွားစေဖို့ ဒိန်ချဉ်၊ ကီဖာ (kefir) စတာတွေ စားသုံးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement