backup og meta

အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ

    လှုပ်ရှားရုန်းကန်မှု၊ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာတဲ့ ယနေ့ခေတ်မှာ လူအများစုဟာ အစားတစ်နပ်အတွက် ချက်ပြုတ်ပြင်ဆင်ဖို့ သိပ်ပြီး အချိန်မပေးလိုကြတော့ပါဘူး။ စူပါမားကတ်ကပဲဖြစ်ဖြစ်၊ လမ်းဘေးဆိုင်ကပဲ ဖြစ်ဖြစ် အသင့်စား စားစရာတစ်မျိုးမျိုးကိုပဲ အလွယ်တကူဝယ်ယူ စားသောက်ကြပါတယ်။

    တကယ်တော့ အသင့်စား အစားအသောက် (Junk food) များဟာ ကယ်လိုရီပါဝင်မှု များပြားပြီး အာဟာရဓာတ်ပါဝင်မှု နည်းပါးတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ခြင်း မရှိလှပါဘူး။ ရေရှည်ခံနိုင်အောင်လည်း ပြုပြင်ထားတဲ့အတွက်ကြောင့် လတ်ဆတ်မှုလည်း မရှိပါဘူး။

    အသင့်စားစားစရာတွေမှာ သကြားနဲ့ အဆီဓာတ်များစွာပါဝင်တာမို့ ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်းဟာ ဆီးချိုရောဂါနဲ့ ဆက်နွယ်နေပါတယ်။ ဒီတစ်ခေါက်တော့ အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ အကြောင်း ပြောပြပေးချင်ပါတယ်။

    အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ

    အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ အကြောင်း လေ့လာကြည့်ရအောင်လား ….. အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ကိုယ်အလေးချိန် မြင့်တက်နေခြင်းလည်း ပါဝင်ပါတယ်။ ကိုယ်ခန္ဓာမှာ အဆီတွေစုလာတဲ့အခါ ဆဲလ်များဟာ အင်ဆူလင်ဟော်မုန်းကို တုံ့ပြန်မှု ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အင်ဆူလင်ဟာ သွေးထဲက သကြားဓာတ်ကို ဖယ်ထုတ်ပြီး ဆဲလ်တွဆီ ဖြန့်ချိပေးတဲ့ဟော်မုန်းဖြစ်ပါတယ်။ ဆဲလ်များဟာ အင်ဆူလင်ဟော်မုန်းကို ကောင်းစွာ အသုံးမပြုနိုင်တော့တဲ့အခါ လိုအပ်တဲ့ အာနိသင်ရလာအောင် ပန်ခရိယကနေ အင်ဆူလင်ကို ပိုမိုထုတ်လုပ်လာရပါတယ်။

    နောက်ဆုံးမှာ မနိုင်ဝန်ထမ်းရတဲ့ ပန်ခရိယပါ ထိခိုက်လာပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးမယ့် အင်ဆူလင်ကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။ အဆိုပါ အခြေအနေမှာ ဆီးချိုရောဂါ ဖြစ်လာပါတယ်။

    အသင့်စား သရေစာများဟာ အမြင်လှအောင် စားကောင်းအောင်သာ ပြုလုပ်ထားခြင်းဖြစ်ပြီး ကယ်လိုရီမြင့်မားပါတယ်။ ဗီတာမင်နည်းပါးပြီး အမျှင်ဓာတ်ပါဝင်မှုလည်း နည်းပါတယ်။ သဘာဝအလျောက်မဟုတ်ဘဲ ထပ်မံဖြည့်တင်းထားတဲ့ သကြားများအပြင် ပြည့်ဝဆီ၊ ပုံပြောင်းဆီတွေလည်း ပါဝင်နေပါတယ်။ အဆိုပါ ပစ္စည်းတွေဟာ အစာခြေရမြန်ပြီး သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ မြင့်တက်လာတတ်ပါတယ်။ မကောင်းတဲ့ ကိုလက်စထရောများကိုလည်း မြင့်တက်လာစေပါတယ်။

    အမေရိကန်ဆီးချိုရောဂါအသင်းကြီးရဲ့ အဆိုအရ ပြည့်ဝဆီများဟာ ကိုလက်စထရောပမာဏကို မြင့်တက်စေနိုင်ပါတယ်။ အဲဒီအခါ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း စတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ပုံပြောင်းဆီများဟာလည်း ကိုလက်စထရောပမာဏကို မြင့်တက်စေနိုင်ပါတယ်။ ပုံပြောင်းဆီဟာ မကောင်းတဲ့ LDL ကိုလက်စထရောကို မြင့်တက်စေပြီး အကျိုးပြုကိုလက်စထရောကို ကျဆင်းစေတာကြောင့် ပြည့်ဝဆီထက် ပိုပြီးဆိုးကျိုးပေးပါတယ်။

    ဆီးချိုရောဂါသည်များအနေနဲ့ သကြားနဲ့ အဆီဓာတ်ကို လျှော့ချဖို့အတွက် အသင့်စား သရေစာများကို ရှောင်ရှားဖို့လိုပါတယ်။ ကိုယ်အလေးချိန်ထိန်းသိမ်းပြီး သွေးတွင်းသကြားဓာတ်ကို ကောင်းစွာထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။ အဆိုပါ စားစရာတွေအစား အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။

    ဆီးချိုရောဂါသမားများအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်စေဖို့ အောက်ပါအစားအစာတွေကို စားသုံးသင့်ပါတယ်။

    – ဆိုဒီယမ်နည်းသော အစားအစာများ

    – ပြည့်ဝဆီ၊ ပုံပြောင်းဆီပါဝင်မှုနည်းသော အစားအစာများ

    – ပြုပြင်ထားခြင်းမရှိသော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်များ

    – သင့်တင့်ရုံမျှသော ကာဘိုဟိုက်ဒရိတ်ပမာဏ

    – သင့်တော်သော ပရိုတိန်းပမာဏ စသဖြင့် ဖြစ်ပါတယ်။

    သင့်အနေနဲ့ အသင့်စား စားစရာတွေကို လုံးဝရှောင်ဖို့ မဖြစ်နိုင်သေးရင်တောင် တတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။ အသင့်စား junk food များရဲ့ သဘောသဘာဝကတော့ သူတို့ကို မစားမစားချင်အောင် အနံ့အရသာအရရော ထုတ်ပိုးမှုပုံစံအရပါ ဆွဲဆောင်ထားပါတယ်။ ဒါ့အပြင် စားပြီးရင် ထပ်စားချင်စိတ်ပေါ်အောင်လည်း ဆွဲဆောင်ပြီး ထုတ်လုပ်ထားပါသေးတယ်။ ဒါကြောင့် တတ်နိုင်သလောက် အသင့်စား စားစရာတွေရှောင်ပြီး လတ်ဆတ်တဲ့ အသီးအနှံနဲ့ သားငါးတွေကို စားသုံးသင့်ပါတယ်။

    သုတေသနတချို့အရ စိတ်ဖိစီးမှုများချိန်မှာ အသင့်စား အစားအစာတွေကို စိတ်ထွက်ပေါက်အနေနဲ့ ပိုမိုစားသုံးတတ်ကြပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူများအနေနဲ့ စိတ်ဖိစီးမှုလျှော့ချပြီး ကျန်းမာရေးကောင်းအောင် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂပြုလုပ်ခြင်း စတဲ့အလေ့အကျင့်ကောင်းတွေ ပြုလုပ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 30/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement