backup og meta

အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

    အမျိူးအစား-၂ ဆီးချိုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ၊ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်မှုတွေ လုပ်ဆောင်ပြီး ထိန်းသိမ်းလို့ ရပါတယ်။ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာက ဆီးချိုကို ကာကွယ်ရာ ရောက်သလို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ကျောက်ကပ် ပျက်စီးတာနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ရာရောက်ပါတယ်။ ဒီတော့ အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ ကို လေ့လာကြည့်ရအောင်လား။

    ဆီးချို ရောဂါ ခံစားနေရသူတွေမှာရော ဆီးချိုရောဂါ မရှိသူတွေမှာပါ  သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့က အတော်လေး အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်တာက ဆီးချို အပြင် အဝလွန်တာနှလုံးရောဂါတို့လိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

    ဆီးချိုဖြစ်တဲ့အခါမှာ ကုသတာအပြင် ဆီးချိုကြောင့် နောက်ဆက်တွဲ ထိခိုက်မှု နည်းစေဖို့ဆိုရင် ကိုယ်တိုင် သေချာလေး ဂရုစိုက် နေထိုင်ဖို့လည်း လိုပါမယ်။ ဒါကြောင့်  ဆီးချို ရှိသူရော မရှိသူတွေပါ  သွေးတွင်း သကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိနိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို ဒီဆောင်းပါးလေးကနေ မျှဝေပေးလိုက်ပါရစေ။

    အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ

    ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချဖို့ သွေးတွင်းသကြားဓာတ်ကို ဒီလိုထိန်းပါ။

    လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။

    ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း ပုံမှန်လုပ်တာက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ဆီးချိုရှိသူတွေမှာ သွေးတွင်း သကြားဓာတ် ကျစေနိုင်ပါတယ်။

    လေ့ကျင့်ခန်း လုပ်တဲ့အခါ အင်ဆူလင် တုံ့ပြန်မှုပိုကောင်းလာပြီး သကြားဓာတ်တွေက ဆဲလ်တွေဆီကို ပိုမိုရောက်ရှိသွားပြီး စွမ်းအင်အဖြစ် အထိရောက်ဆုံး အသုံးချနိုင်တာကြောင့်ပါ။

    ဒါကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိဖို့ နေ့စဉ် လမ်းလျှောက်တာ၊ ပြေးတာ၊ ခပ်ရွရွလေး ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ ကတာလိုမျိုး ကိုယ်လက်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းလေးတွေ နေ့စဉ်ပုံမှန် လုပ်ပေးပါ။

    ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်)ကို အတိုင်းအချင့်နဲ့ စားပါ။

    မြန်မာလူမျိုးတွေရဲ့ အကြိုက်ဆုံး အစားအစားက ထမင်း၊ အကြိုက်ဆုံး သရေစာက ဆန်၊ ကောက်ညှင်းတို့နဲ့ လုပ်ထားတာဆိုတော့ ကာဗိုဟိုက်ဒရိတ်ကို ရှောင်ပါလို့ ပြောဖို့ကတော့ အတော်ခက်ပါမယ်။

    ကာဗိုဟိုက်ဒရိတ် အစားများတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဆီးချိုနဲ့ နှလုံးရောဂါ အပါအဝင် ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် အကောင်းဆုံးကတော့ ကာဗိုဟိုက်ဒရိတ်ကို အတိုင်းအချင့်နဲ့ စားတာပါ။

    ကာဗိုဟိုက်ဒရိတ်ကို အတိုင်းအချင့်နဲ့ စားတာက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလို ကျန်းမာရေးပြဿနာ အများစုကို ကာကွယ်လိုက်ရာရောက်ပါတယ်။

    ဒါကြောင့် ကာဗိုဟိုက်ဒရိတ်ကို လျှော့စားပြီး ဥအမျိုးမျိုး၊ အသီးအရွက်၊ ဂျုံကြမ်းပေါင်မုန့် စတာတွေကို စားပေးပါ။

    အမျှင်ဓာတ် များများစားပါ

    အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောပမာဏ ကျဆင်းစေဖို့ ထောက်ကူပေးပါတယ်။ အမျိုးသားတွေအနေနဲ့ တစ်နေ့ကို အမျှင်ဓာတ် ၃၈ ဂရမ် လိုအပ်ပြီး အမျိုးသမီးတွေအနေနဲ့ကတော့ တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်လောက်အထိ လိုအပ်ပါတယ်။

    ဒါကြောင့် နေ့စဉ် လိုအပ်တဲ့ အမျှင်ဓာတ်တွေ ပြည့်ဝစွာ ရရှိစေနိုင်ဖို့အတွက် ဂျုံကြမ်း၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန် စတာတွေကို စားသုံးပေးပါ။

    ရေသောက်ပါ

    တစ်နေ့ကို ရေ ၈ ခွက်သောက်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို ကြားဖူးပြီး ဖြစ်မှာပါ။ ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝတာက ကိုယ်ခံအားကောင်းသလို သွေးတွင်းသကြားဓာတ်ကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

    ရေဓာတ်ပြည့်ဝတာက ဆီးကနေတဆင့် ကိုယ်တွင်းမှာ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို ပြင်ပကို စွန့်ထုတ်ပေးလိုက်ပါတယ်။ ဒါကြောင့် နေ့စဉ် ရေလုံလောက်အောင် သောက်ပါ။ အချိုရည်နဲ့ ကဖင်းပါတဲ့ သောက်စရာတွေကို တတ်နိုင်သမျှ လျှော့သောက်ပါ။

    စားသောက်မှုတိုင်းကို သတိထားပါ။

    နေ့စဉ်စားသောက်မှုတိုင်းမှာ ကယ်လ်လိုရီပမာဏ၊ အဆီပါဝင်မှု ပမာဏ၊ အချိုပါဝင်မှု၊ အငန်ပါဝင်မှု စတာတွေကို သေချာ တွက်ချက် စားသုံးပေးတာက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိရာမှာ အတော်လေး အထောက်အကူပြုပါတယ်။

    အစားစားတဲ့အခါ မလိုအပ်ဘဲ အများကြီး မစားမိစေဖို့အတွက် ဖြည်းဖြည်းချင်း ဝါးစားတဲ့ အလေ့အထကို မွေးပါ။

    စိတ်ဖိစီးမှုကို လျှော့ချပါ

    လေ့လာမှုတွေအရ စိတ်ဖိစီးမှု များတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့ သတိရပါ။

    လေ့ကျင့်ခန်းလုပ်တာ၊ စာအုပ်ဖတ်တာ၊ စောစော အိပ်၊ စောစောထတာ၊ ယောဂလေ့ကျင့်တာ၊ သူငယ်ချင်းတွေနဲ့ စကားလက်ဆုံပြောတာ၊ မိသားစုနဲ့ထမင်း လက်ဆုံစားတာ၊ ရုပ်ရှင် အတူတူကြည့်တာ၊ ဝါသနာပါရာကို လုပ်တာ၊ အပင်စိုက်တာမျိုး လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။

    အိပ်ရေးဝဝ အိပ်ပါ

    အိပ်ရေးဝတာက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ အမျိုးအစား -၂ ဆီးချို ဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတစ်ခုက အိပ်ရေးပျက်လို့ပါ။ ဒါကြောင့် အင်ဆူလင် ဟော်မုန်း ကောင်းကောင်းထွက်ရှိပြီး သွေးတွင်း သကြားဓာတ်ကျဆင်းစေဖို့ဆိုရင် ညတိုင်း ပြည့်ဝတဲ့ အိပ်စက်ချိန် ထားရှိဖို့ မမေ့ပါနဲ့။

    မနက်စာ ပုံမှန်စားပါ

    ဘယ်လောက် အလုပ်များများ မနက်စာကိုစားဖြစ်အောင် စားပါ။ မနက်စာက တစ်နေ့တာအတွက် အရေးအကြီးဆုံး အစားတစ်နပ်ပါ။ မနက်စာ မစားဘဲ နေတာက ခန္ဓာကိုယ်ကို အားအင် ကုန်ခမ်းစေသလို အလွန်အမင်းဆာလောင်မှုကြောင့် ပမာဏ များများ စားမိရာက မလိုအပ်ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် ဆီးချိုကို ကာကွယ်ချင်တယ်ဆိုရင် မနက်စာ မှန်မှန်လေး စားပါ။ ဆီးချိုရှိသူတွေအနေနဲ့လည်း သွေးတွင်းသကြားဓာတ် ထိန်းညှိချင်တယ်ဆိုရင် မနက်စာ ပုံမှန် စားပေးပါ။

    ကဲ ဒီနည်းလမ်းလေးတွေ ကျင့်သုံးလို့ ဆီးချိုရောဂါကို အကောင်းဆုံး ကာကွယ်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement