သွေးတွင်းသကြားဓာတ်ဟာ ပုံမှန်ထက်မြင့်တက်နေတာ ကြာလာရင် အာရုံကြောများ အားနည်းလာနိုင်ပါတယ်။ အထူးသဖြင့် အစွန်အဖျားနေရာတွေဖြစ်တဲ့ ခြေဖျားလက်ဖျားက အာရုံကြောတွေ ချို့ယွင်းလာပါတယ်။ အာရုံခံနိုင်စွမ်းလည်း လျော့ကျလာပါတယ်။ အာရုံခံနိုင်စွမ်း လျော့လာတဲ့အတွက် မိမိရဲ့ခြေထောက်ဟာ ဆူးညောင့် ဒါမှမဟုတ် တခြားအရာဝတ္တုတွေနဲ့ ထိခိုက်မိတာတွေ၊ အပူလောင်တာတွေကို ခံစားမှု သိပ်မရပါဘူး။
ဒါ့အပြင် လမ်းလျှောက်ရာမှာလည်း မိမိခြေထောက်ကို လိုရာကို ထိထိရောက်ရောက်လှမ်းနိုင်စွမ်း နည်းလာပါတယ်။ ဒါကြောင့် ဆီးချိုရောဂါသည်တွေမှာ ခြေထောက်ပိုင်း မကြာခဏထိခိုက်မှုဖြစ်ပြီး ဖြစ်ခဲ့ရင်လည်း အနာကျက်နှေးရခြင်း ဖြစ်ပါတယ်။
ဆီးချိုရှိသူတွေဟာ သာမန်လူတွေထက် သွေးကြောနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားမှု များတတ်ပါတယ်။ အထူးသဖြင့် ခြေဖျားလက်ဖျားသွေးကြောတွေဟာ ကျဉ်းမြောင်းလာပြီး သွေးလည်ပတ်မှု မကောင်းတော့ပါဘူး။ သွေးနီဥဆဲလ်တွေဟာ သွေးကြောတွေထဲမှာ လိုရာနေရာကို လှည့်ပတ်သွားလာဖို့ ခက်ခဲလာပါတယ်။ သွေးလည်ပတ်မှုမကောင်းတာကြောင့် အနာဖြစ်ရင် အကျက်နှေးသွားပါတယ်။
ဆီးချိုရှိသူတွေမှာ ကိုယ်ခံစွမ်းအားနဲ့ပတ်သက်တဲ့ ပြဿနာလည်း ရှိပါတယ်။ ထိခိုက်ရှနာဖြစ်တဲ့နေရာတွေကို ခုခံတိုက်ခိုက်မယ့် ဆဲလ်တွေဟာ ကောင်းကောင်းမရောက်နိုင်တော့ပါဘူး။ ကိုယ်ခံစွမ်းအား ကောင်းစွာ အလုပ်မလုပ်တော့တဲ့အတွက် အနာကျက်နှေးပြီး ရောဂါပိုးမွှားများ ဝင်ရောက်ဖို့ ပိုမိုလွယ်ကူလာပါတယ်။
ကိုယ်ခန္ဓာအရေပြားပေါ်မှာ ထိခိုက်ဒဏ်ရာရရင်၊ အနာဖြစ်ရင် ရောဂါပိုးဝင်ရောက်ဖို့ ပိုမိုလွယ်ကူသွားပါတယ်။ အထူးသဖြင့် ဆီးချိုရှိသူတွေမှာ အနာဖြစ်လွယ်တဲ့အပြင် ကိုယ်ခံအားလည်း နည်းသွားလို့ ရောဂါပိုးများ ဝင်ရောက်နိုင်ခြေ ပိုများပါတယ်။ သွေးတွင်းသကြားဓာတ်များနေခြင်းကလည်း ဘက်တီးရီးယားတွေကို ပိုမိုပေါက်ပွားစေနိုင်ပါတယ်။ ထိရောက်စွာ မကုသဖြစ်ရင် သွေးဆိပ်တက်ခြင်း၊ အသားပုပ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
သတိပြုရန်
ဆီးချိုရှိသူတွေမှာ ထိခိုက်ဒဏ်ရာ၊ အနာဖြစ်ခြင်းဟာ သေချာမကုသရင် နောက်ဆက်တွဲပြဿနာကြီးသွားနိုင်ပါတယ်။ ဆီးချိုကို ပုံမှန်စစ်ဆေးခြင်း၊ အနာရောဂါဖြစ်လာရင် ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကုသမှု ခံယူခြင်းတွေ ပြုလုပ်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။