backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ကိုယ်ရေ အာသာဖြေတာ အန္တရာယ်ရှိ၊ မရှိ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ကိုယ်ရေ အာသာဖြေတာ အန္တရာယ်ရှိ၊ မရှိ

    ကိုယ်ဝန်ဆောင်ချိန်မှာမှ စိတ်ဆန္ဒပိုပြင်းပြလာတတ်တဲ့ အမျိုးသမီးတချို့အတွက် တစ်ကိုယ်ရေ အာသာဖြေခြင်း နဲ့ပတ်သက်ပြီး သိသင့်တာတွေကိုပြောပြပေးချင်ပါတယ်။

    အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာစိတ်ခံစားချက်အများကြီးအပြောင်းအလဲဖြစ်နိုင်ပါတယ်။ တချို့ ကျတော့ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ကိစ္စကိုလုံးဝစိတ်မဝင်စားတဲ့သူတွေရှိသလို ပိုပြီးဆန္ဒပြင်းထန်လာသူတွေလည်း ရှိတာပါပဲ။ ကိုယ်ဘယ်လိုပဲခံစားရ ခံစားရ< ဒါသဘာဝအရဖြစ်တာလို့ပဲ မှတ်ယူလိုက်ပါ။ Morning sickness လို့ခေါ်တဲ့ကိုယ်ဝန်ဆောင်ကာလမှာ ပျို့အန်တာ၊အစားအသောက်ပျက်တာတွေကိုတောင် တစ်ယောက်နဲ့တစ်ယောက်ခံစားရပုံခြင်းမတူဘူးမဟုတ်လား> လိင်စိတ်ပိုပြင်းထန်လာတဲ့ အမျိုးသမီးတွေကို ပြောချင်တာက ကိုယ့်ရဲ့ကိုယ်ဝန်ကိုဆရာဝန်နဲ့သေချာပြသထားတယ်၊ လိုအပ်တဲ့အားဆေးတွေလည်း သောက်သုံးနေတယ်၊ ကိုယ်ဝန်အခြေအနေလည်းကောင်းတယ်ဆိုရင် အမျိုးသားနဲ့အတူနေလို့ရသလို တကိုယ်ရည်အာသာဖြေရင်လည်း ပြဿနာမရှိဘူးဆိုတာပါပဲ။ တကိုယ်ရည်အာသာဖြေလိုက်တာကြောင့် လိင်စိတ်လျော့ကျသွားပြီး စိတ်ဖိစီးမှုတွေတောင်သက်သာသွားနိုင်ပါသေးတယ်။

    ကိုယ်ဝန်ဆောင်ချိန် တစ်ကိုယ်ရေ အာသာဖြေရင် ဘယ်လိုကောင်းကျိုးတွေခံစားရနိုင်သလဲ

    ကိုယ်ဝန်ဆောင်တွေ တစ်ကိုယ်ရေ အာသာဖြေရင် ကျန်းမာရေးအရဒီလိုကောင်းကျိုးတွေခံစားရနိုင်ပါတယ်

    –         စိတ်ဖိစီးမှုလျော့ကျသွားမယ်

    –         ပိုပြီးအိပ်ရေး၀၀အိပ်ပျော်မယ်

    –         ကိုယ်ဝန်ဆောင်ချိန်မှာခံစားရတတ်တဲ့ ကြွက်သားနာကျင်ခြင်း၊ ကိုက်ခဲခြင်းတွေကိုသက်သာစေတယ်

    –         နေလို့ထိုင်လို့ကောင်းပြီး စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေထွက်လာစေတယ်

    တစ်ကိုယ်ရေ အာသာဖြေတာကို ဘယ်အချိန်မှာရှောင်သင့်သလဲ

    အောက်ပါအခြေအနေတစ်ခုခုရှိနေရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ကိုယ်ရေ အာသာဖြေတာ (ဒါမှမဟုတ်) လိင်ဆက်ဆံတာကိုရှောင်ရှားသင့်ပါတယ်

    –         သတ်မှတ်ချိန်ထက်ကလေးစောမွေးနိုင်တဲ့လက္ခဏာတွေရှိနေရင် (ဒါမှမဟုတ်) အရင်ကိုယ်ဝန်မှာ ကလေးစောမွေးဖူးရင်

    –         အချင်းကပ်တဲ့ပြဿနာရှိနေရင်

    –         မိန်းမကိုယ်အားနည်းနေရင်

    –         မိန်းမကိုယ်က သွေးဆင်းနေရင်

    –         သားအိမ်ကအရမ်းညှစ်နေရင်

    စတဲ့အခြေအနေတွေရှိနေရင်တော့ မိခင်နဲ့ကလေးကို အနည်းနဲ့အများထိခိုက်နိုင်တဲ့အတွက် ရှောင်ရှားသင့်ပါ တယ်။ လိင်ဆန္ဒအထွတ်အထိပ်ရောက်ပြီး ပြီးမြောက်သွားခြင်းက သားအိမ်ကြွက်သားတွေကိုညှစ်စေပါတယ်။ ဒါက ကလေးထွက်လာအောင်အားပေးတဲ့အခြေအနေဖြစ်တဲ့အတွက် ကလေးစောမွေးတာမျိုးဖြစ်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ အာသာဖြေမယ်ဆို ဘာတွေပြင်ဆင်ရမလဲ

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ မိန်းမကိုယ်အဝကသာမန်အချိန်ထက် ပိုနူးညံ့နေနိုင်ပါတယ်။ ဒါ့ကြောင့် အာသာဖြေရင်းမတော်တဆထိခိုက်ပွန်းပဲ့တာတွေဖြစ်နိုင်တဲ့အတွက် လက်သည်းသေချာညှပ်ထားဖို့ လိုပါတယ်။ ပြီးရင်လက်ကိုလည်းဆပ်ပြာနဲ့သေချာသန့်စင်အောင်ဆေးကြောပါ။ ထိခိုက်မိပြီးပိုးဝင်သွားရင် မိခင်ရော ကလေးရောအတွက်အန္တရာယ်ရှိလို့ပါ။ တကယ်လို့ကိုယ်က sex toy တွေသုံးပြီးအာသာဖြေလေ့ရှိတဲ့သူဆိုရင် လည်း ဆက်လက်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ sex toy တွေလုံးဝသန့်ရှင်းနေဖို့တော့လိုအပ်ပါတယ်။

    တစ်ကိုယ်ရေ အာသာဖြေရင် ဘာတွေဖြစ်လာနိုင်သလဲ

    တချို့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက တစ်ကိုယ်ရေ အာသာဖြေပြီးချိန်မှာ သားအိမ်အနည်းငယ်အောင့်တာ ကိုခံစားရတတ်ပါတယ်။ အထူးသဖြင့် မွေးဖို့နီးလာရင် ပိုဖြစ်တတ်ပါတယ်။ ဆန္ဒပြီးမြောက်သွားချိန်မှာ သားအိမ်ကြွက်သားတွေညှစ်တဲ့အတွက်ဒီလိုအောင့်တာခံစားရတာဖြစ်နိုင်ပါတယ်။ တကယ်လို့ သားအိမ်ညှစ်ပြီးအောင့်နေတာပြန်ပျောက်မသွားဘဲ ပိုနာကျင်လာတယ်ဆိုရင်တော့ဆရာဝန်နဲ့ပြသတိုင်ပင်ဖို့ လိုအပ်ပါပြီ။ များသောအားဖြင့်တော့ ဒီလိုအောင့်တာတွေက မိနစ်ပိုင်းလောက်ပဲကြာပြီးပြန်သက်သာသွား တတ်ပါတယ်။

    မိခင်အတော်များများက အာသာဖြေလိုက်လို့ကလေးကို ထိခိုက်သွားမှာစိုးရိမ်တတ်ကြပေမဲ့ ကိုယ်ဝန်မှာ ပြဿနာမရှိရင် ဒါကစိုးရိမ်စရာလုံးဝမလိုအပ်ပါဘူး။ တစ်ကိုယ်ရေ အာသာဖြေတယ်ဆိုတာ လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောဝပါပဲ။ ကိုယ်ရဲ့လိင်စိတ်ကို အန္တရာယ်ကင်းကင်းဖြေလျှော့ပေးနိုင်တဲ့ နည်းတစ်ခုဆိုလည်းမမှားပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအထွက်များလာတာကြောင့် တစ်ခါတစ်ရံလိင်စိတ်ပြင်းထန်နေတာမျိုးတွေခံစားရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ လူမသိသူမသိနဲ့ ကိုယ့်ဖာသာအာသာဖြေပြီး ဆန္ဒတွေလျော့ကျသွားအောင်လုပ်ဖို့စိတ်ကူးကောင်းစိတ်ကူးမိနိုင်ပါတယ်။ တကယ်လို့ကိုယ့်ကိုယ်ဝန်က ကျန်းမာတယ်၊ စိုးရိမ်စရာအခြေအနေလည်းမရှိဘူးဆိုရင် တစ်ကိုယ်ရေ အာသာဖြေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်လို့ ပြောလိုက်ပါရစေ။

    Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement