backup og meta

ချစ်ရမှာ စာမလိပ်တဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်ရမှာ စာမလိပ်တဲ့အခါ

    ဒါကတော့ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ အသုံးလေးပါ။ ‘ ချစ်ရမှာ စာမလိပ်’တဲ့။

    လင်ရယ် မယားရယ် ဖြစ်လာပြီဆိုရင် အတူနေခြင်းဆိုတဲ့ လိင်ကိစ္စက နောက်ကနေ ပါလာတာပါပဲ။ ဒါက လူသားမျိုးဆက်ပြန့်ပွားရေးဆိုတဲ့ တာဝန်ကို သဘာဝကနေ တူတူလုပ်ကြဟဲ့လို့ ပေးအပ်လိုက်တာပါ။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်နဲ့ စိတ်နဲ့ ထပ်တူမကျ၊ သူက တော်တော်ဖြစ်နေသလောက် ကိုယ်က စာမလိပ် စိတ်မလာဖြစ်နေတဲ့အခါ လင်မယားကြားမှာ အက်ကြောင်းလေးတွေ ဖြစ်လာတတ်ပါတယ်။

    အိပ်ရာပေါ်က ကိစ္စတွေက လင်ရယ် မယားရယ် နှစ်ဦးနှစ်ဖက် အပေးအယူမျှမှ စိတ်ကျေနပ်စရာ ကောင်းတာပါ။ အများထင်သလို လိင်တံအရွယ်အစားတို့၊ မိန်းမမှာ မျှော့ပါမှတို့ဆိုတာ သံယောဇဉ်တွေ၊ ချစ်မေတ္တာတွေ၊ နားလည်မှုတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်တော့ပါဘူး။

    အပြင်လူမှုဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိရသလို အိပ်ရာပေါ်မှာလည်း ကိုယ့်ရဲ့ ပါတနာကို လေးစားမှုပြရပါတယ်။ ဆိုလိုတာက

    • သူ့ခန္ဓာဟာ သူ့အပိုင်ပါ။

    သင်ဘယ်လောက်ပဲ နေချင် နေချင် သူ့ကို အရင်မေးပါဦး။ သူ့မှာ သင်မသိနိုင်တဲ့ စိတ်ညစ်စရာတွေ ရှိနေရင် သူ့ကို လွှတ်ထားပေးလိုက်ပါ။ ဒီအချိန်မှာ သူလိုအပ်တာ လိင်ကိစ္စမဟုတ်ဘဲ သင့်ရဲ့ နားလည်မှုပါ။

    •  ကိုယ့်ကိုယ်ကို မညာပါနဲ့။

    ငါသူနဲ့ မနေရင် သူများ ငါ့ကို ပစ်သွားမလား။ နောက်တစ်ယောက် ထပ်ရှာမလား။ ငါဟာ တာဝန်မကျေတဲ့ ခင်ပွန်း ဒါမှမဟုတ် ဇနီးလား။ ဒီအတွေးတွေကို ခေါင်းထဲက ထုတ်လိုက်ပါ။ သင်ဟာ လိင်ဆက်ဆံဖော်ဆိုတာထက် အများကြီးပိုပါတယ်။ ဘဝလက်တွဲဖော်ပါ။

    အခက်အခဲတွေကို အတူရင်ဆိုင်ရမယ့်အထဲမှာ ဒီချစ်ရမှာ စာမလိပ်တဲ့ ကိစ္စလည်း ပါတယ်ဆိုတာ မမေ့ပါနဲ့။ အတူနေဖို့ အဆင်မပြေသေးရင် ပွင့်ပွင့်လင်းလင်း ပြောပါ။

    • အမျိုးသားတွေလည်း ဖြစ်နိုင်ပါတယ်။

    အမျိုးသားတွေဟာ ယေဘုယျအားဖြင့် လိင်စိတ်ပိုများတယ်ဆိုပေမယ့် တစ်ခါတလေတော့လည်း သူ့အခက်အခဲနဲ့သူပါ။ သူ့ကို ဖိအားမပေးပါနဲ့။ ပြဿနာ အတက်ဆုံးအချိန်ကတော့ ကလေးရဖို့ ကြိုးစားနေချိန်ပါ။

    သားဥကြွေဖို့ ဒီနေ့ ဒီရက်မှာ အတူနေရမယ်ဆိုပေမယ့် သူစိတ်မပါတဲ့အခါ လွှတ်ထားလိုက်ပါ။ နောက်ထပ် အခွင့်အရေးတွေ ကျန်ပါသေးတယ်။

    • ထူးဆန်းတဲ့ လိင်ကိစ္စတွေအတွက် နှစ်ဦးသဘောတူမှ လုပ်ပါ။

    အမျိုးသား လိင်အင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံတာ၊ အမျိုးသမီးလိင်အင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံတာ၊ စအိုကို ဆက်ဆံတာ၊ တခြားကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ အတူနေချင်တဲ့အခါ နှစ်ဦးသဘောတူပါစေ။ သူများရဲ့ စိတ်ခံစားချက်ကိုလည်း ထည့်စဉ်းစားပါဦး။

    • လက်မထပ်ခင် အတူနေမယ်ဆိုရင်

    အရွယ်ရောက်ပြီးသား အမျိုးသားနဲ့ အမျိုးသမီး လက်မထပ်ခင် အတူနေကြတာကို ဝင်မစွက်ဖက်ပါဘူး။ ဒါပေမယ့် နှစ်ဦးသဘောတူဖို့တော့ လိုတယ်နော်။ အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် လက်မထပ်ခင် အတူနေတယ်ဆိုတာ စိန်ခေါ်မှု တစ်ခုပါပဲ။ ဒီနောက်မှာ ကိုယ်ဝန်ရသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေ၊ အပြစ်တစ်ခုလို ခံစားချက်တွေ ရှိနိုင်တာကြောင့် အတူတူ ဆွေးနွေးကြည့်ပါဦး။

    • အပြစ်မတင်ပါနဲ့။

    အတူနေဖို့ စိတ်မပါတဲ့အခါ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်ပါနဲ့။ ကိုယ့်ပါတနာကိုလည်း စိတ်မပါရကောင်းလားဆိုပြီး အပြစ်မတင်ပါနဲ့။ နေလာရင်းနဲ့ ဒီလိုလည်း ဖြစ်နိုင်တာပဲလေ။ သင်တို့နှစ်ယောက်မှာ လိင်ကိစ္စအပြင် တခြား ကြည်နူးစရာတွေ လုပ်လို့ရပါသေးတယ်။

    • ပွင့်ပွင့်လင်းလင်းပြောပါ။

    အတူနေတဲ့အခါ သင်က သူ့ရဲ့ ဘာကို မကြိုက်တာလဲ။ သင့်ကို စိတ်ကျေနပ်အောင် မလုပ်ပေးတာလား၊ အတူနေရင် မိန်းမကိုယ်က နာလို့လား၊ သင်မကြိုက်တာကို စအိုကနေ အတင်းဆက်ဆံလို့လား။

    အမျိုးသားတွေဆိုရင်လည်း လိင်တံမထောင်မတ်နိုင်လို့ စိတ်ညစ်တာလား၊ လိင်တံသေးလို့ အထင်သေးခံရမှာ စိုးလို့လား စသဖြင့် ပွင့်ပွင့်လင်းလင်းပြောပါ။ တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် စိတ်ညစ်မခံပါနဲ့။

    လိင်ကိစ္စကို လင်မယားကြားမှာ မပြောချင်ရင် ပြောရမယ့် နေရာ မရှိတော့ပါဘူး။ ဖွင့်ပြောလိုက်တော့မှ သူထင်တာနဲ့ ကိုယ်တွေးတာ လွဲနေတာတွေ အများကြီးဆိုတာ သိလာပါလိမ့်မယ်။

    သူစိတ်မပါတဲ့အခါ သင်လုပ်ပေးရမှာက ဘာတွေကများ သူ့ကို စိတ်ညစ်စေတာလဲ။ ဒါဟာ သူစိတ်ပါပြီး အတူနေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ သူ့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးချင်တဲ့ လက်တွဲဖော်ကောင်းရဲ့ စိတ်ဓာတ်ကြောင့်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးကိစ္စပဲ ဖြစ်ဖြစ်၊ လူမှုရေးပြဿနာပဲ ဖြစ်ဖြစ် သင်တို့အတူဖြေရှင်းဖို့ ကြိုးစားကြည့်ပါ။

    သူစိတ်မပါတဲ့ အချိန်မှာ လိင်ကိစ္စနဲ့ မဆိုင်တဲ့ တခြားကြည်နူးစရာတွေ ဖန်တီးပေးပါ။ အရင်ကထက်ပိုပြီး နီးနီးကပ်ကပ်နေပါ။ ရင်ဖွင့်ပါ။ လင်မယားဆိုတာ အရင်းနှီးဆုံး သူစိမ်းပါပဲ။ လိင်ကိစ္စအပါအဝင် တခြားကိစ္စတွေကို ရင်းရင်းနှီးနှီး တိုင်ပင်ပါ။

    အိပ်ရာပေါ်မှာလည်း စမတ်ကျတဲ့ ladies and gentlemenများ ဖြစ်လာကြပါစေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement