backup og meta

ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 16/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ

    မလိုလားအပ်ဘဲ ကိုယ်ဝန်မရစေဖို့ ပဋိသန္ဓေတားခြင်းနည်းလမ်းတွေကို အသုံးပြုရပါတယ်။ တစ်ခါတစ်လေမှာတော့ ကိုယ်သိထားတဲ့ ပဋိသန္ဓေတားခြင်းဆိုင်ရာ ယုံတမ်းအမှားတွေကြောင့် ကျန်းမာရေးအတွက်သာမက ဘဝရှင်သန်ရပ်တည်မှုမှာပါ လမ်းကြောင်းအတိမ်းအစောင်း ဖြစ်သွားစေတတ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ အကြောင်း ပြောပြပေးချင်ပါတယ်။

    ဒါပေမယ့်လည်း လူအများစုကတော့ ကိုယ်ဝန်ရ/ကလေးရယူခြင်းနဲ့ ပတ်သက်ပြီး ယုံတမ်းအမှားတွေ အသိအမှားတွေကြားမှာ လွဲမှားစွာ ပြုမူမိနေကြဆဲဖြစ်ပါတယ်။ တကယ်တော့ မှားယွင်းတဲ့ အသိတရားတွေကြောင့် မလိုလားအပ်ဘဲ ကိုယ်ဝန်ရတာတွေ ပိုပြီးဖြစ်နိုင်ခြေ ရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။

    ခုဖော်ပြပေးချင်တာကတော့ ကိုယ်ဝန်ရခြင်း နဲ့ပတ်သက်ပြီး လူတွေမှားယွင်း သိမှတ်ထားတဲ့အချက်အလက်တွေရဲ့ တကယ့်အမှန်တရားကို ရှင်းလင်းဖွင့်ဆိုပြထားတာဖြစ်ပါတယ်။

    ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ

    ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ ကတော့

    • မပြီးခင်ကြိုထွက်တဲ့ သုက်ကြောင့် ကိုယ်ဝန်မရနိုင်ဘူး

    မှားယွင်းတဲ့ အချက်အလက်တစ်ခုပါ။ ရနိုင်ခြေ နည်းပေမယ့် ရာနှုန်းပြည့် စိတ်ချရတာတော့ မဟုတ်ပါဘူး။ မပြီးခင် စိတ်လှုပ်ရှားမှုကြောင့် ထွက်တဲ့ သုက်မှာလည်း သုက်ပိုးလေးတွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ရနိုင်ပါတယ်။ အမျိုးသား ၄၀% လောက်ဟာ လိင်အင်္ဂါ စတင်ထောင်မတ်စဉ် ဒါမှမဟုတ် လိင်ဆက်ဆံနေစဉ်မှာ pre-ejaculate ဖြစ်တတ်ပါတယ်။

    • ရာသီသွေးဆင်းနေစဉ်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူး

    လုံးဝမရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ကိုယ်ဝန်ရနိုင်ခြေနည်းပါးတာသာဖြစ်ပါတယ်။ ရာသီစက်ဝန်း တိုပြီး ရာသီရက်ရှည်တဲ့သူတွေဆို ရနိုင်ခြေ ရှိပါတယ်။

    • စအိုဝနဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူး

    မှန်သလိုလိုရှိပေမယ့် ၁၀၀% အပြည့်အဝတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေအနည်းငယ်ရှိတယ်ဆိုတာကို မမေ့ဖို့ လိုအပ်ပါတယ်။ စအိုနဲ့လိင်ဆက်ဆံရာမှာ ကိုယ်နေဟန်အနေအထားကြောင့် သုက်ရည်တွေ စအိုဝကနေ မအင်္ဂါထဲကို မတော်တဆဝင်နိုင်ရှိနေတာကြောင့်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

    • သုက်ရည်ကို မျိုချမိရင် ကိုယ်ဝန်ရနိုင်တယ်

    ပါးစပ်နဲ့ လိင်ဆက်ဆံချိန်မျိုးမှာ သုက်ရည်မျိုချမိတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်တော့ ကိုယ်ဝန်မရနိုင်ပါဘူး။ မျိုချလိုက်တဲ့သုက်ရည်ဟာ အစာအိမ်ထဲကိုရောက်သွားမှာဖြစ်ပြီး အစားအစာတွေလိုပဲ ချေဖျက်ခံရမှာပါ။

    • လိင်ဆက်ဆံချိန် အဝတ်အစားဝတ်ထားရင် ကိုယ်ဝန်ရနိုင်ခြေနည်းတယ်

    မအင်္ဂါကို ထိုးသွင်းမှုမရှိဘဲ လိင်ဆက်ဆံတာမျိုးပြုလုပ်စဉ်မှာ အဝတ်အစားဝတ်ဆင်ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ နည်းပါးတာ အမှန်ပါ။

    • မီးဖွားပြီးခါစ/နို့တိုက်မိခင်ဖြစ်နေတာမို့ ကိုယ်ဝန်မရနိုင်ဘူး

    မီးဖွားပြီး ပထမ ၃ လ အတွင်းမှာဆိုရင် အခွင့်အလမ်းနည်းပါးတယ်လို့သာ ဆိုရမှာပါ။ နောက်ပိုင်းကာလတွေမှာတော့ ကိုယ်ဝန်ပြန်ရနိုင်ခြေက ပုံမှန်ပါပဲ။ နို့တိုက်တာကို တားဆက်ခြား နည်းတစ်ခုအနေနဲ့ မှတ်ယူလို့ မရပါဘူး။ ရာသီပြန်လာပြီဆို ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။

    • အမျိုးသမီးလုပ်သူ အထွတ်အထိပ်မရောက်ရင် ကိုယ်ဝန်မရနိုင်ဘူး

    လိင်ဆန္ဒအထွတ်အထိပ်ရောက်တာနဲ့ ကိုယ်ဝန်ရတာနဲ့က ဆက်စပ်မှုမရှိဘူးလို့ ဆိုရမှာပါ။ ကိုယ်ဝန်ရနိုင်ခြေက သဘာဝအတိုင်းဆက်ရှိနေမှာပါ။

  • လိင်ဆက်ဆံပြီး မအင်္ဂါကိုဆေးကြောပစ်ရင် ကိုယ်ဝန်မရနိုင်ဘူး
  • လူတချို့က ကိုယ်ဝန်မရအောင် ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။ တကယ်တော့ သုက်ပိုးတွေဟာ အလွန်လျင်မြန်စွာသွားလာနိုင်တဲ့ သတ္တဝါလေးတွေဖြစ်ပြီး ဆက်ဆံလို့ပြီးပြီးချင်းမှာ ဆေးကြောပစ်မယ်ဆိုရင်တောင်မှ မမီနိုင်သလို သုက်တွေအားလုံးကိုလည်း ဖယ်ရှားနိုင်မှာမဟုတ်တာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။

    • သားဥကြွေချိန်က တစ်ရက်တည်းမို့ ကိုယ်ဝန်ရနိုင်ခြေက တစ်လမှာ တစ်ရက်ပဲ ရှိတယ်

    အမျိုးသမီးတွေရဲ့ အဓိကသားဥကြွေချိန်က တစ်လမှာ တစ်ရက်တည်းဆိုတာမှန်ပေမယ့် သုက်ပိုးက ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်တာကို မမေ့ဖို့ လိုအပ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ သားဥကြွေတဲ့ရက်ကလည်း တစ်လနဲ့တစ်လ မတူညီပါဘူး။ ဒါကြောင့် ပဋိသန္ဓေတားတဲ့နည်းလမ်းတွေကို အသုံးချနေကြရတာပါ။

    • လိင်ဆက်ဆံပုံပေါ်မူတည်ပြီး ကိုယ်ဝန်ရနိုင်ခြေ ကွာတယ်

    မတ်တပ်ရက် လိင်ဆက်ဆံတာမျိုး၊ အမျိုးသမီးက အပေါ်ကနေ ဆက်ဆံတာမျိုးတွေကြောင့် ကိုယ်ဝန်မရနိုင်ဘူးဆိုတာက မှားပါတယ်။ မိန်းမကိုယ်အတွင်းမှာ သုက်ပိုးကျန်ခဲ့မယ်ဆိုရင် ဘယ်လိုဆက်ဆံပုံနဲ့ပဲဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ပါတယ်။

  • ကွန်ဒုံးမရှိရင် ပလတ်စတစ် ဒါမှမဟုတ် ပူဖောင်းကို သုံးနိုင်တယ်
  • ကွန်ဒုံးမဟုတ်တဲ့ တခြားပစ္စည်းတွေနဲ့ လုံးဝမစမ်းသပ်သင့်ပါဘူး။ ကိုယ်ဝန်ရနိုင်ခြေကို မတားဆီးနိုင်သလို အမျိုးသမီးကိုလည်း မတော်တဆထိခိုက်စေနိုင်ပါတယ်။

    • ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရနိုင်တယ်

    အကာအကွယ်မရှိဘဲ လိင်ဆက်ဆံမယ်ဆိုရင် ဘယ်နှစ်ကြိမ်မြောက်မှာဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ခြေက အတူတူပါပဲ။

    • လိင်ဆက်ဆံပြီး ရေချိုးတာ၊ ဆီးသွားတာတွေက ကိုယ်ဝန်ရနိုင်ခြေနည်းစေတယ်

    မဟုတ်ပါဘူး။ ရေချိုးတာက ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကိုသာ သန့်စင်ပေးနိုင်ပါတယ်။ မိန်းမကိုယ်ရဲ့ အတွင်းပိုင်းအထိ မသန့်စင်ပေးနိုင်ပါဘူး။ ဆီးသွားခြင်းကလည်း သုက်ပိုးတွေကို မဖယ်ရှားပေးနိုင်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 16/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement