ကင်ဆာတော်တော်များများက အရက်နဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကင်ဆာကုပြီးလို့ ပျောက်သွားပြီဆိုရင် ပြန်မသောက်တာကတော့ အကောင်းဆုံးပါပဲ။ သောက်ချင်တယ်ဆိုရင်လည်း အမျိုးသားတွေက တစ်နေ့ကို နှစ်ခွက်ထက်မပို၊ အမျိုးသမီးတွေက တစ်နေ့ကို တစ်ခွက်ထက် မပိုတဲ့ ပမာဏ သောက်နိုင်ပါတယ်။ သောက်တာများလေလေ ကင်ဆာပြန်ဖြစ် နိုင်ခြေ မြင့်လေလေပါပဲ။ ဆေးလိပ်ကတော့ ဖြတ်ကို ဖြတ်ရမယ့် အရာပါ။
ကင်ဆာကနေ ပြန်ပြီး နာလန်ထူလာပြီဆိုရင် ပြန်မဖြစ်ချင်ဇောနဲ့ ဟိုအားဆေး၊ ဒီအားဆေး၊ ဘယ်နိုင်ငံက ဘာပစ္စည်းကနေ ထုတ်တာ စသဖြင့် သောက်ချင်ကြပါတယ်။ ဒါတွေ သောက်နေရရင်ကို ကင်ဆာပြန်မဖြစ်ဘူး။ နေလို့လည်း ကောင်းတယ်လို့လည်း ယုံကြည်ကြပါတယ်။ စျေးကကြီးတော့ အာနိသင်ကလည်း ကောင်းမယ်လို့ ထင်ကြပါတယ်။ စိတ်ပေါ့လေ။
တကယ့်လက်တွေ့မှာတော့ ဒီဆေးတွေက ဒီလောက်မစွမ်းလှပါဘူး။ ဒါ့ပြင် ဒီပါဝင်ပစ္စည်းတစ်မျိုးတည်းကိုပဲ အားဆေး ၂ဘူး၊ ၃ဘူး သောက်ကြတော့ မလိုအပ်တဲ့ ကိုယ်ထဲမှာ များပြီး ကောင်းကျိုးထက် ဆိုးကျိုးပဲ ဖြစ်လာမှာပါ။
ရက်ချိန်းတွေ ပြန်ပြတဲ့အခါ လူနာခံစားရဲ့ လက္ခဏာပေါ် မူတည်ပြီး ဆရာဝန်က ဆေးစစ်ပါလိမ့်မယ်။ လူနာအခြေအနေ၊ သွေးအဖြေပေါ်မူတည်ပြီး လိုအပ်ရင် အားဆေးပေးပါလိမ့်မယ်။ သာမန်အားဖြင့်တော့ ကင်ဆာကနေ ပျောက်ကင်းသက်သာလာပြီးတဲ့ သူတွေက ဖြည့်စွက်အားဆေးတွေ မဖြစ်မနေ မှီဝဲစရာ မလိုပါဘူး။ သိပ်လည်း အကျိုးမထူးလှဘူးလို့ပဲ ပြောပြရစေ။
ပွင့်ပွင့်လင်းလင်း ပြောရရင် လေ့ကျင့်ခန်းတွေလုပ်လို့ ကင်ဆာပြန်မဖြစ်ဘူး၊ ကင်ဆာပိုမဆိုးသွားဘူးဆိုတာက ဒါပေမယ့် သေချာတာ တစ်ချက်ကတော့ ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ဖိစီးမှုတွေကို သက်သာစေတယ်၊ စိတ်ကြည်စေတယ်၊ ကိုယ့်ကိုယ်ကို ‘ငါလုပ်နိုင်တယ်ဟဲ့’ဆိုတဲ့ ယုံကြည်မှု ဖြစ်စေတယ်။ ဘာကြောင့်လည်း ဆိုတော့ ပတ်ဝန်းကျင်က လူတွေ ထင်တာက ကင်ဆာကုပြီး ပြန်လာတယ်ဆို မျော့မျော့လေးပဲ ကျန်တော့တယ်လို့ ထင်တာကိုး။ ဒီချိန်မှာ ကိုယ်က ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်နိုင်သေးတယ်ဆိုတော့ ကျေနပ်စရာပေါ့။
နောက်တစ်ခုက လေ့ကျင့်ခန်း လုပ်တာက ကင်ဆာကုထုံးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ ပျို့တာ၊ နုံးတာ၊ နာတာ၊ ဝမ်းလျှောတာတွေကိုလည်း သက်သာစေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေရဖို့ နေ့တိုင်းတောင် လုပ်စရာ မလိုပါဘူး။ ချွေးထွက်လာပြီး နှလုံးခုန်တွေ မြန်စေတဲ့၊ မောစေတဲ့ လေ့ကျင့်ခန်း တစ်ခုကို တစ်ပတ် ၄-၅ရက်လောက် လုပ်ပေးရင် ရပါပြီ။

ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရင် ကောင်းမလဲ။
-ပုံမှန် လှုပ်ရှားမှု တစ်ခုခု လုပ်ပါ။ ဥပမာ လမ်းလျှောက်တာ၊ နီးနီးနားနားဆို စက်ဘီးစီးတာ စသဖြင့်။
-ထိုင်တာ လျှော့ပါ။ ကင်ဆာကုထုံးပြီးစမှာ လူက နုံးနေတတ်ပါတယ်။ ဒါပေမယ့် အိပ်ရာထဲမှာပဲ လှဲမနေဘဲ မကြာမကြာ ထပြီး လမ်းလျှောက်ပါ။
-နောက်ပိုင်း ပုံမှန်အတိုင်း လှုပ်ရှားနိုင်ပြီဆို လေ့ကျင့်ခန်း စလုပ်ပါ။ သိပ်မပြင်းထန်တဲ့ လေ့ကျင့်ခန်းဆို တစ်ပတ်ကို မိနစ် ၁၅၀-၃၀၀ ထိ လုပ်ပါ။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းဆို တစ်ပတ်ကို ၇၅-၁၅၀ မိနစ်ထိ လုပ်ပါ။
-ခန္ဓာကိုယ်သန်မာစေတဲ့ လေ့ကျင့်ခန်း (ဥပမာ အလေးမတာဖြစ်ဖြစ်)ကို တစ်ပတ် ၂ရက်လောက် လုပ်ပါ။
ဒါတွေ အကုန် မလုပ်နိုင်ဘူးဆိုရင်တော့ ကိုယ်လုပ်နိုင်တာ လုပ်ပါ။ နည်းနည်း လှုပ်ရှားတာက ဘာမှမလုပ်တာထက်စာရင် ပိုကောင်းပါတယ်။ ကိုယ်လုပ်နိုင်သလောက်ပဲ လုပ်ပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ၊
ကင်ဆာပြန်မဖြစ် အောင် လုပ်ပေးလို့ ရမလား။
အမှန်အတိုင်း ပြောရရင်တော့ ကင်ဆာကုထုံးပြီးလို့ ပျောက်သွားပြီဆိုရင်တောင် ကင်ဆာပြန်ဖြစ် မဖြစ်ကို ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ကင်ဆာဆဲလ်တွေ မရှိတော့ဘူး။ ကင်ဆာပျောက်သွားပြီဆိုတာ ရှာလို့ မတွေ့တော့တာကို ဆိုလိုတာပါ။ ကိုယ်ထဲက စစ်ဆေးလို့ မမီတဲ့နေရာတွေမှာ ကြွင်းကျန်နေတာမျိုး ဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက ပြန်ဖြစ်တာမဟုတ်ဘဲ အသစ်ဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ရင်သားကင်ဆာကုထားတဲ့သူက သားဥအိမ်ကင်ဆာ ဖြစ်တာမျိုးပေါ့။ ကင်ဆာတစ်မျိုး ဖြစ်ပြီးတာနဲ့ နောက်တစ်မျိုး မဖြစ်ရဘူးဆိုတာမှ မရှိတာပဲလေ။
ကင်ဆာပြန်ဖြစ်မှာကို ကြောက်တယ်။ ဘယ်လိုလက္ခဏာတွေကို သတိထားသင့်သလဲ။
ကင်ဆာတစ်ခါဖြစ်ပြီးသားသူတွေက ခန္ဓာကိုယ်မှာ တစ်ခုခု အပြောင်းအလဲဖြစ်တာနဲ့ ကင်ဆာပြန်ဖြစ်တာလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါကလည်း အပြစ်ပြောစရာတော့လည်း မဟုတ်ပါဘူး။ ဒီလက္ခဏာတွေ ခံစားရရင်တော့ ဆရာဝန်နဲ့ တစ်ခေါက်လောက် သွားပြသသင့်ပါတယ်။
- အရင်တုန်းက ကင်ဆာလက္ခဏာတွေ ပြန်ပေါ်လာတာ (ဥပမာ အလုံးအကျိတ်)
- တစ်နေရာရာက အကြောင်းအရင်းမရှိ နာနေပြီး ဘာလုပ်လုပ် မသက်သာတာ
- အလိုလိုနေရင်း ပိန်သွားတာ
- သွေးထွက်လွယ် အညိုအမည်းစွဲလွယ်တာ
- ရုတ်တရက် ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပေါ်လာတာ (ဥပမာ ယားတာ၊ အသက်ရှူကျပ်တာ)
- ချမ်းတုန်ဖျားတာ
- ခဏခဏ ခေါင်းကိုက်တာ
- မောတာ
- ဝမ်းထဲ၊ ဆီးထဲ သွေးပါလာတာ
- ပျို့အန်တာ၊ ဝမ်းလျှောတာ၊ အစားအသောက်ပျက်တာ၊ အစာမျိုရခက်တာ
- ရက်ရှည်ချောင်းဆိုးတာ
- စိတ်ထဲမှာ တစ်ခုခု မသင်္ကာသလို ခံစားရတာ စတာတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခုခု နေမကောင်းဖြစ်တာနဲ့ ကင်ဆာပြန်ဖြစ်တယ်ဆိုပြီး စိုးရိမ်စိတ်မကြီးစေချင်ပါဘူး။ တခြား သာမန်နေထိုင်မကောင်းဖြစ်တာလည်း ဖြစ်နိုင်တယ်လေ။ သာမန်လူတွေလိုပဲ အစားမှားရင် ဝမ်းပျက်တာ၊ ရာသီအကူးအပြောင်းမှာ ဖျားနာတာလောက်တော့ ဖြစ်နိုင်ပါတယ်။
ကင်ဆာတစ်ခါဖြစ်ဖူးထားရင် ခဲမှန်ဖူးတဲ့ စာသူငယ်လို တစ်ခုခုဖြစ်တိုင်း ကင်ဆာပြန်ဖြစ် ပြီလားဆိုပြီး ကြောက်နေတတ်ပါတယ်။ ဒီလိုကနေ စိတ်ဖိစီးပြီး တခြားကျန်းမာရေးတွေပါ ထိခိုက်လာနိုင်လို့ သိပ်ပြီး စိုးရိမ်စိတ်မထားဖို့တော့ ပြောပါရစေ။
ကိုယ်လုပ်စရာ ရှိတာကို လုပ်ပါ။ သာမန်လူတွေလိုပဲ နေထိုင်သွားပါ။ ရက်ချိန်းပုံမှန်ပြပါ။ ကျန်းမာရေးအတွက် သင့်တော်တဲ့ နေထိုင်မှု ပုံစံတွေကို လိုက်နာပါ။ ကျန်တာက ကံပဲလို့သာ စိတ်ဒုံးဒုံးချလိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။