အဆုတ်ကင်ဆာခွဲစိတ်ခြင်းရဲ့ နည်းလမ်းတခုကတော့ အဆုတ်ထဲက ကင်ဆာတစ်ရှူးများကိုပဲ ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အကျိတ်များသေးငယ်ပြီး တခြားနေရာတွေကို ပျံ့နှံ့ထားခြင်းမရှိရင် ဒီနည်းလမ်းဟာ အဆင်ပြေပါတယ်။
ခွဲစိတ်ခြင်းအတွက် ဘယ်လိုပြင်ဆင်မလဲ
လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ခွဲစိတ်ကုသမှုဟာ အကြီးစားခွဲစိတ်မှုဖြစ်တာမို့ လူနာဟာ ခွဲစိတ်ခြင်းကို ခံနိုင်ရည်ရှိမရှိ စစ်ဆေးရပါမယ်။ ပြင်ဆင်ချိန်မှာ ခွဲစိတ်ဆရာဝန်ကိုရော၊ မေ့ဆေးဆရာဝန်ကိုပါ မိမိသောက်နေတဲ့ ဆေးဝါးတွေအကြောင်းကို ပြောပြရပါမယ်။ မခွဲစိတ်ခင် အနည်းဆုံး ၈နာရီခန့် ကြိုတင်ပြီး အစာမစား ရေမသောက်ဘဲ နေရပါတယ်။
ဆေးလိပ်သောက်တတ်သူဆိုရင် တလခန့်ကြိုပြီး ဆေးလိပ်ဖြတ်ထားရပါမယ်။ ခွဲစိတ်ပြီးဒဏ်ရာမြန်မြန်ကျက်အောင် ဖြစ်ပါတယ်။ တကယ်တော့ အဆုတ်မှာ ကင်ဆာ ဒါမှမဟုတ် တခြားရောဂါတမျိုးမျိုးရှိတာနဲ့ ဆေးလိပ်ကိုဖြတ်ထားသင့်ပါတယ်။
ဖြစ်နိုင်ခြေအန္တရာယ်များ
အကြီးစားခွဲစိတ်ကုသမှုဖြစ်တာမို့ ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ကြုံနိုင်ပါတယ်။ မေ့ဆေးအန္တရာယ်လည်း ကြုံနိုင်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ ဖျားနာခြင်း၊ ရောဂါပိုးဝင်ခြင်း စတဲ့ဖြစ်နိုင်ခြေတွေ ရှိပါတယ်။ ဒါပေမယ့် ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်များအနေနဲ့ လူနာဟာ ခွဲစိတ်ကုသမှသာ ကင်ဆာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မယ့် အခြေအနေဖြစ်တာကြောင့်၊ အကျိုးကျေးဇူးဟာ ဘေးထွက်ဆိုးကျိုးထက် သာလွန်နေတာကြောင့် ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။
ခွဲစိတ်ပြီးနောက်ပိုင်း
ခွဲစိတ်ပြီးချိန်မှာ ခွဲစိတ်ပြီးလူနာတွေထားတဲ့ အခန်းမှာထားပါလိမ့်မယ်။ အခြေအနေတည်ငြိမ်တဲ့အခါ ပုံမှန်အခန်းကို ရွှေ့ပြောင်းပါလိမ့်မယ်။ ဆေးရုံမှာ ရက်အနည်းငယ်ဆက်နေရပါလိမ့်မယ်။ လူကောင်းနီးပါး ပြန်ဖြစ်ဖို့ဆိုရင် လနဲ့ချီကြာနိုင်ပါတယ်။ အထူးသဖြင့် ရင်ဘတ်တဝိုက်မှာ နာကျင်နေတတ်ပါတယ်။ ခွဲစိတ်ပြီးခါစ လအနည်းငယ်အတွင်းမှာ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မပြုလုပ်ရပါဘူး။ ဆရာဝန်ချိန်းဆိုတဲ့အတိုင်း မပျက်မကွက် ပြန်လည်ပြသဖို့ လိုအပ်ပါတယ်။
လိုအပ်ရင် ခွဲစိတ်ကုသခြင်းအပြင် ကင်ဆာဆဲလ်တွေကို အပြီးတိုင်ဖျက်ဆီးနိုင်ဖို့ ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်း စတဲ့ကုသမှုတွေ ဆက်လက်ခံယူရတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။