home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ထိုင်နေရင်း သေသွားကြသူများ

ထိုင်နေရင်း သေသွားကြသူများ

တစ်နေကုန် ထိုင်ပဲ ထိုင်နေတာက သင့်ရဲ့ အသက်ကို တဖြည်းဖြည်း နှုတ်ယူနေတာပါ။ ဒါဟာ ဆေးလိပ်သောက်သလိုမျိုးပဲ အန္တရာယ်များပါတယ်။ ဒီနေ့ခေတ်လို ကွန်ပျူတာလေး တချောက်ချောက်နဲ့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်နေရသူတွေအတွက် ဒါဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှု တစ်ခုပါပဲ။ အိမ်ပြန်ရောက်တော့လည်း ပင်ပန်းလို့ဆိုပြီး TVလေးကြည့်၊ ဖုန်းလေးသုံးနဲ့ ဆက်ထိုင်နေတာပါပဲ။ လေ့ကျင့်ခန်းလည်း မလုပ်နိုင်တော့ဘူးလေ။ ဒီလိုပုံစံနဲ့ပဲ ဘဝကို ဖြတ်သန်းနေရပြီဆိုရင် ခုချက်ချင်း ပြောင်းလဲဖို့ စဉ်းစားလိုက်ပါ။ ဒါက သိပ်မကြာခင်မှာ သင့်ဆီကို ရောဂါပေါင်းစုံ ဝင်လာတော့မယ့် အရိပ်အရောင်ပါ။ အထိုင်များ ခြင်းရဲ့ အပြစ်တွေက ဘာလဲ။ ထိုင်ခုံကနေ ဘယ်လို ရုန်းထွက်မလဲဆိုတာ ကြည့်ကြရအောင်။

အထိုင်များ တာက ဘာလို့ ကျန်းမာရေးကို ထိခိုက်စေတာလဲ။

ထိုင်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်က စွမ်းအင်သိပ်သုံးစရာ မလိုပါဘူး။ ဒီတော့ ကယ်လိုရီတွေ များနေပြီပေါ့။ လေ့လာခက်တွေအရ အထိုင်များတဲ့သူတွေဟာ အဝလွန်တာအပြင် တခြားသော ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ သွေးတိုးတာ၊ သွေးချိုတက်တာ၊ ခါးမှာ အဆီတွေ စုလာတာ၊ သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောတွေများလာတာ စတာတွေ ဖြစ်လာပါတယ်။ ဒါ့ပြင် ကြာကြာထိုင်မယ်ဆိုရင် ရေရှည်မှာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေအထိ ဖြစ်လာမှာပါ။

ဘယ်လိုပဲ ထိုင်ထိုင် ထိုင်နေတာကိုက ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ အလုပ်စားပွဲမှာ ထိုင်ပြီး အကြာကြီး အလုပ်လုပ်တာ ဖြစ်ဖြစ်၊ တစ်နေကုန် ကားမောင်းရတာ ဖြစ်ဖြစ်၊ တစ်ချိန်လုံး TV ထိုင်ကြည့်နေတာ ဖြစ်ဖြစ် ဒါတွေအကုန်လုံးက မကောင်းတာချည်းပါပဲ။ လေ့လာချက်တွေအရ တစ်နေကုန် ၈နာရီလောက်ထိုင်ပြီး ဘာလှုပ်ရှားမှုမှ မရှိတဲ့ လူတွေရဲ့ သေနှုန်းက အဝလွန်တဲ့သူ၊ ဆေးလိပ်သောက်တဲ့သူတွေရဲ့ သေနှုန်းနဲ့ အတူတူပါပဲ။ ဒီလိုမဟုတ်ဘဲ တစ်နေ့ကို မပြင်းထန်တဲ့ အလယ်အလတ် လှုပ်ရှားမှုကို မိနစ် ၆၀ကနေ ၇၅ မိနစ်ထိ လုပ်မယ်ဆိုရင် ခုနကလို စိုးရိမ်စရာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

နေရင်း ထိုင်ရင်း ရလာတဲ့ ရောဂါများ

ဒီလိုပဲ ထိုင်နေမယ်ဆိုရင်

  • နှလုံးထိခိုက်လာမယ်။

လေ့လာချက်တွေအရ တစ်နေကုန် ထိုင်ပြီး ကားမောင်းနေရတဲ့ ဒရိုင်ဘာတွေနဲ့ တစ်တောက်တောက် လျှောက်နေရတဲ့ လက်မှတ်စစ်တွေကို လေ့လာကြည့်လိုက်တဲ့အခါ ထိုင်နေတဲ့ ဒရိုင်ဘာတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ချေ ၂ဆ ပိုတွေ့ရပါတယ်တဲ့။

  • သတိမေ့တတ်လာမယ်။

သင်ကြာကြာထိုင်လေလေ သင့်ဦးနှောက်က ပိုပြီး အိုလာလေလေပါပဲ။ ဒါကြောင့် သင်ဟာ အရွယ်မတိုင်ခင်မှာပဲ သတိမေ့ရောဂါ (dementia) ဖြစ်လာပါလိမ့်မယ်။

ဒါက လှုပ်ရှားမှုနည်းလို့ ကယ်လိုရီမလောင်ကျွမ်းဘဲ သွေးထဲမှာ သကြားဓာတ်တွေ များလာတာကြောင့်ပဲ မဟုတ်ပါဘူး။ ကြာကြာထိုင်နေတဲ့အတွက် ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း မတုံ့ပြန်တော့တာလည်း ပါပါတယ်။

  • ခြေထောက်သွေးပြန်ကြော ပိတ်နိုင်တယ်။

ထိုင်တာကြာတဲ့အခါ ခြေထောက်က သွေးတွေ ပျစ်ပြီး ခဲလာတတ်ပါတယ်။ ခဲရုံတင်မကဘဲ ပြုတ်ထွက်ပြီး အဆုတ်သွေးကြောမှာ သွားပိတ်တဲ့အခါ အသက်အန္တရာယ်ထိခိုက်တတ်ပါတယ်။ သွေးပြန်ကြောပိတ်ရင် ပိတ်တဲ့ ခြေထောက်က ရောင်ပြီး နာနေတတ်ပါတယ်။ တစ်ခါတစ်လေ ဘာလက္ခဏာမှ မပြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခရီးဝေးသွားလို့ အကြာကြီးထိုင်ရမယ်ဆိုရင်တော့ မကြာမကြာ ခြေထောက်လှုပ်ပေးဖို့လိုပါတယ်။

  • အဝလွန်လာမယ်။

ဒါကတော့ ပြောစရာတောင် မလိုပါဘူး။ စားလိုက် သောက်လိုက် ထိုင်လိုက်ဆိုမှတော့ ဝမှာ အသေချာပါပဲ။ ဝပြီးရင်တော့ နောက်ဆက်တွဲ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေ လိုက်လာမှာပါ။

  • စိတ်ဖိစီးမှုတွေ များလာမယ်။

တစ်နေကုန် ထိုင်ပြီး TVပဲ ကြည့်နေမယ်၊ ဖုန်းပဲ သုံးနေမယ်ဆိုရင် ကြာလာရင် အိပ်ရေးပျက်တဲ့အထိ စွဲလန်းလာမှာပါ။ ဒါတင်မကသေးပါဘူး။ တစ်ယောက်တည်း နေနေတဲ့အတွက် ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်လည်း မရှိ၊ စကားလည်း မပြောတော့ ကြာလာရင် အထီးကျန်ပြီး စိတ်ဖိစီးလာနိုင်ပါတယ်။

အထူးသဖြင့် ရုံးသမားတွေပေါ့။ ထိုင်ခုံမှာ နေရာကျအောင် မထိုင်မိဘဲ ရှေ့ကွန်ပျူတာက အလုပ်တွေကို မည်းလုပ်နေမိတဲ့အခါ ကြာလာရင် ခါးတွေ၊ အရိုးအဆစ်တွေ နာလာတတ်ပါတယ်။ လှုပ်ရှားမှုလည်း မရှိတော့ ကြွက်သားတွေလည်း တင်းနေမှာပါ။

  • သွေးပြန်ကြောတွေ ထုံးလာနိုင်တယ်။

အထိုင်များရင် ခြေထောက်မှာ သွေးစုပြီး သွေးခဲရုံတင်မကပါဘူး။ ခြေထောက်က သွေးပြန်ကြောတွေလည်း ထုံးလာတတ်ပါတယ်။ သွေးပြန်ကြောထုံးတာက အန္တရာယ်တော့ မရှိပေမယ့် ကြည့်ရဆိုးပြီး နာတတ်ပါတယ်။

ဒါတွေ ဖတ်ပြီးသွားပြီဆိုရင်တော့ ခုပဲ ထိုင်ရာက ထလိုက်ပြီး တစ်ခုခု လုပ်လိုက်ပါတော့။ သင့်ဘဝသက်တမ်းကို ထိုင်နေရင်း မကုန်ဆုံးပါစေနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

https://www.webmd.com/diet/ss/slideshow-not-losing-weight

https://www.mayoclinic.org/healthy-lifestyle/adult-health/expert-answers/sitting/faq-20058005

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 13/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။