backup og meta

အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်မှုပုံစံ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်မှုပုံစံ

    အမျိုးအစား ၁ ဆီးချိုဆိုတာ ကိုယ်ခန္ဓာကနေ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးမယ့် အင်ဆူလင်ကို ထုတ်လုပ်မပေးတဲ့ အခြေအနေဖြစ်ပါတယ်။ အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်ပုံဟာ အရေးကြီးပါတယ်။ ကာဘိုဟိုက်ဒရိတ်၊ ပရိုတိန်းနဲ့ အဆီဓာတ် စတာတွေကို သူ့အချိုးအဆနဲ့သူ စားသောက်ပေးဖို့ လိုပါတယ်။

    တကယ်တော့ ဆီးချိုရောဂါရှိသူအနေနဲ့ ဘယ်လိုစားသောက်ရမယ်ဆိုတာ တရားသေ သတ်မှတ်ထားတဲ့ စားသောက်မှုပုံစံ မရှိပါဘူး။ ဘယ်လိုစားသလဲ၊ ကိုယ်ခန္ဓာက ဘယ်လိုတုံ့ပြန်သလဲ စတဲ့ တစ်ဦးချင်းအခြေအနေပေါ် မူတည်ပါတယ်။

    အမျိုးအစား ၁ ဆီးချိုအတွက် တနေ့တာစားသောက်ရာမှာ လိုက်နာသင့်တဲ့ အချက်တွေကတော့

    • မနက်စာ၊ ညစာ စတာတွေကို မှန်မှန်စားပေးရပါမယ်။ လုံး၀ မစားဘဲ မနေပါနဲ့။
    • နေ့စဉ် ပုံမှန်အချိန်သတ်မှတ်ပြီး စားပေးပါ။
    • အစားအစာတွေ ဝယ်ယူရာမှာ ပါဝင်ပစ္စည်းတွေကို သေချာလေ့လာဖတ်ရှုပါ။

    ဒါ့အပြင် အမျိုးသမား ၁ ဆီးချိုဖြစ်ပွားနေသူတွေဟာ အစားအစာတွေကို အောက်ပါအတိုင်း ချိန်ဆ စားသုံးသင့်ပါတယ်။

    ကာဘိုဟိုက်ဒရိတ်

    ကာဘိုဟိုက်ဒရိတ် အမျိုးကွဲ သုံးမျိုးရှိပါတယ်။ ကစီဓာတ်၊ သကြားဓာတ်နဲ့ အမျှင်ဓာတ် ဖြစ်ပါတယ်။ ပဲအမျိုးမျိုး၊ ကစီဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေနဲ့ ပေါင်မုန့်တွေ စသဖြင့် ပုံစံမျိုးစံ လာပါတယ်။ အဆိုပါ အစားအသောက်တွေဟာ အူလမ်းကြောင်းထဲ ရောက်တဲ့အခါ သကြားဓာတ်အဖြစ် ဖြိုခွဲလိုက်ပြီး သွေးထဲကို ရောက်ပါတယ်။ သွေးထဲကိုရောက်ချိန်မှာ သွေးတွင်းဂလူးကို့စ်ဓာတ် မြင့်တက်လာပါတယ်။

    ယေဘုယျအားဖြင့် ကာဘိုဟိုက်ဒရိတ် ၁၅ ဂရမ်ခန့်ဟာ တစ်ခါစား သင့်တော်တဲ့ ပမာဏဖြစ်ပါတယ်။ အဆိုပါ ပမာဏ ရနိုင်တဲ့ နမူနာအစားအသောက်တွေကတော့

    • အသီးအရွက်ဖျော်ရည်တစ်ခွက်စာရဲ့ ၄ပုံ၁ပုံ
    • ခရက်ကာမုန့် ၄ချပ်မှ ၆ချပ်
    • ပျားရည်တစ်ဇွန်းစာ စတာတွေပဲ ဖြစ်ပါတယ်။

    ထမင်းစားမယ်ဆိုရင်တော့ ဆီးချိုရှိသူတွေအတွက် တစ်ခါစားရင် ထမင်းပန်းကန်ပြားရဲ့ ၄ပုံ ၁ပုံ ဒါမှမဟုတ် ထမင်းစားဇွန်းနဲ့ ၇-၈ဇွန်းလောက်ပဲ ထည့်သင့်ပါတယ်။

    အသီးအနှံများ

    အသီးအနှံများဟာ သကြားဓာတ်ကို သဘာဝအတိုင်းရနိုင်တဲ့ ရင်းမြစ်တွေပဲ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ အသီးအနှံများဖြစ်စေ၊ အေးခဲထားတဲ့ အသီးအနှံများဖြစ်စေ စားသုံးနိုင်ပါတယ်။ ကာဘိုဟိုက်ဒရိတ် ၁၅ ဂရမ်ခန့် ရရှိနိုင်တဲ့ အသီးအနှံစားစရာတွေကတော့

    • စည်သွပ်သီးနှံ ခွက်တစ်ဝက်စာ
    • အသီးခြောက်များ တစ်ခွက်ရဲ့ ၄ပုံ၁ပုံစာ
    • စပျစ်သီး ၃ အောင်စ
    • ဘယ်ရီသီးတစ်စ်ခွက်စာ စသဖြင့် ဖြစ်ပါတယ်။

    ဒါပေမယ့် စည်သွပ်အသီးတွေ၊ အသီးခြောက်တွေက သာမန်အသီးတွေထက်  သကြားပါဝင်မှု ပိုများတဲ့အတွက် သာမန်အသီးကိုပဲ စားသင့်ပါတယ်။ အသီးစားတဲ့အခါ သွေးတွင်းသကြားဓာတ် ထိုးတက်တာကို ရှောင်ကြဉ်ဖို့ ထမင်းစားပြီး ၂နာရီကြာမှ စားပေးပါ။

    ဟင်းသီးဟင်းရွက်များ

    ကစီဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်များကတော့ အာလူး၊ ပြောင်းဖူး၊ ပဲ စတာတွေ ဖြစ်ပါတယ်။ ကစီဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်များကို တော်သင့်ရုံသာ စားသုံးသင့်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေ စားသုံးသင့်တာကတော့

    • အစိမ်းရင့်ရောင် အရွက်များ
    • ကညွတ်
    • မုန်လာဥနီ
    • တရုတ်နံနံ
    • သခွားသီး
    • ပဲပင်ပေါက်
    • ခရမ်းချဉ်သီး
    • ကြက်သွန်နီ စတာတွေပဲ ဖြစ်ပါတယ်။

    ပြုပြင်မှုနည်းသော စားစရာများ

    ဖွပ်ခြင်း၊ ကြိတ်ချေခြင်း၊ အမြင်လှအောင် ပြုလုပ်ခြင်း စတဲ့ပြုပြင်မှုတွေ သိပ်လုပ်မထားတဲ့ အစေ့အဆန်၊ ကောက်နှံတွေမှာ အာဟာရဓာတ် ပိုမိုပါဝင်ပြီး အမျှင်ဓာတ်လည်း များပါတယ်။ ဥပမာ ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါ စားစရာတွေဟာ သကြားဓာတ်လည်း သိပ်မတက်စေဘဲ အာဟာရ ကောင်းစွာရစေပါတယ်။

    ပရိုတိန်းနဲ့ အဆီဓာတ်

    ကိုယ်ခန္ဓာကြွက်သားများ တောင့်တင်းဖို့၊ အနာကျက်မြန်စေဖို့ ပရိုတိန်းဟာ မရှိမဖြစ် အရေးကြီးသလို အဆီဓာတ်ဟာလည်း ဦးနှောက်နဲ့ နှလုံးရဲ့လုပ်ငန်းတာဝန်တွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

    ပရိုတိန်းကို ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ အသားတွေမှာ တွေ့ရပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်ကိုတော့ ထောပတ်သီး၊ အခွံမာသီးများ၊ အစေ့အဆန်များ စတာတွေမှာ တွေ့နိုင်ပါတယ်။

    ပရိုတိန်းနဲ့ အဆီဓာတ်ဟာ သွေးတွင်းသကြားဓာတ်အပေါ် တိုက်ရိုက်သက်ရောက်မှု မရှိပေမယ့် အဆီများလွန်းတဲ့ အစားအစာတွေကိုတော့ မစားဖို့ သုတေသီများက တိုက်တွန်းထားပါတယ်။

    အမျိုးအစား ၁ဆီးချိုအတွက် ဘယ်လိုစားသင့်သလဲ

    တစ်ကြိမ်တည်းနဲ့ အများကြီးစားလိုက်မယ့်အစား နည်းနည်းချင်းစီနဲ့ ခွဲစားခြင်းဟာ ဆီးချိုရုတ်တရက်မြင့်တက်သွားခြင်းကို ကာကွယ်နိုင်တဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းထားပေးရာ ရောက်ပါတယ်။ စားသုံးရမယ့် အစားအစာ ဒါမှမဟုတ်  ပမာဏကို ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်နဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။ ဒါ့ပြင် ကိုယ်လက်လှုပ်ရှားမှုပါ ပုံမှန်လုပ်ပေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement