backup og meta

အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်သော ပြဿနာများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်သော ပြဿနာများ

    အခုခေတ်မှာ လူသားတွေဟာ ခန္ဓါကိုယ်လုပ်အားကို အသုံးပြုရတဲ့ အလုပ်တွေ ပျောက်ဆုံးပြီး ခေတ်ပေါ်စက်ကိရိယာတွေက လူတွေအစား လုပ်ပေးတဲ့ ကမ္ဘာကြီးမှာ နေနေကြရပါတယ်။ အမေရိကန် ၃၄ သန်းကျော်ဟာ ရုံးခန်း (သို့) အရောင်းအလုပ်တွေ လုပ်နေရတာမို့ သူတို့ကို တစ်နေ့ ရှစ်နာရီ (သို့) ဒီထက်ကြာအောင်ထိုင်နေဖို့ တွန်းအားပေးနေသလိုပါပဲ။

    Annuals of Internal Medicine မှာ ပါတဲ့ အစီရင်ခံချက် တစ်ခုအရ ပုံမှန်လူတစ်ယောက်ဟာ သူ့ရဲ့နိုးနေတဲ့ အချိန်တွေရဲ့ တစ်ဝက်ကျော်ကျော်ကို မလှုပ်ရှားတဲ့ ပုံစံ (ကွန်ပျူတာ ရှေ့မှာ ထိုင်တာ၊ တီဗွီ ကြည့်တာ၊ အလုပ်ကနေ သွား၊ ပြန်တာ) မျိုးနဲ့ ဖြတ်သန်းတတ်ကြပါတယ်။

    နည်းပညာက သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကို ယူဆောင်လာပေးတဲ့အတွက် အချိန်အနည်းငယ်အတွင်းမှာ အလုပ်များများပြီးတာမျိုး၊ အားအင် သက်သာတာမျိုး၊ အမြန် ရောက်ရှိနိုင်တာမျိုးတွေ ဖြစ်လာနိုင်ပါပြီ။ ဒါပေမယ့် သူ့မှာလည်း ဆိုးကျိုးတွေ အများကြီး ရှိနိုင်ပါသေးတယ်။

    အချိန်အကြာကြီး ထိုင်နေခြင်းဟာ ခါးနာခြင်း၊ လူနေထိုင်ပုံမမှန်ခြင်းနဲ့ အခြားရောဂါတွေဖြစ်တဲ့ ဆီးချို၊ နှလုံးရောဂါနဲ့ အဝလွန်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

    သင့်အလုပ်မှာ အချိန်အကြာကြီး ထိုင်ဖို့လိုတယ်ဆိုရင် ဒါဟာ သင့်ကျန်းမာရေးကို ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ လေ့လာကြည့်လိုက်ပါလို့ ကျွမ်းကျင်သူ လေးယောက်က ပြောပါတယ်။

    ဦးနှောက်၊ လည်ပင်းနဲ့ ပုခုံး ပြဿနာများ

    ကိုယ်ခန္ဓါကို လှုပ်ရှားတယ်ဆိုတာ သွေးနဲ့ အောက်ဆီဂျင်တွေကို ဦးနှောက်ကို ပိုမို စီးဆင်းခြင်းပြီး ဉာဏ်ကောင်းစေကာ အရာရာကို ကြည်လင်ပြတ်သားစွာ မြင်စေနိုင်ပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး ထိုင်နေမယ်ဆိုရင် ဦးနှောက်ကို သွေးစီးဆင်းမှု ကျဆင်းလာပြီးတော့ ကြည်လင်ပြတ်သားစွာ တွေးတောနိုင်တဲ့ စွမ်းအားကို တားမြစ်ပါတယ်။

    ကွန်ပျူတာကို ကြည့်ဖို့ လူကရှေ့ကိုကိုင်းပြီး အလုပ်လုပ်ခြင်းဟာ လည်ပင်း (အထူးသဖြင့် လည်ပင်း ကျောရိုး) ပေါ်ကို ကြီးမာတဲ့ ဖိအားသက်ရောက်စေပါတယ်။ ကိုယ်နေဟန် မမှန်ခြင်းဟာ သင့်ရဲ့ ခါးနဲ့ ပုခုံး ကြွက်သားတွေကို ပျက်စီးစေပြီးတော့ ကီးဘုတ် ရှေ့ကို အချိန်အကြာကြီး ကုန်းကြည့်နေတဲ့အတွက် ကြွက်သားတွေ လိုတာထက် ပိုဆန့်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

    ခါးပြဿနာများ

    ကိုယ်နေဟန် မမှန်ခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ အဓိက ပြဿနာ တစ်ခုကတော့ ခါးနာခြင်းပဲဖြစ်ပါတယ်။ လှုပ်ရှားမှုဟာ ကျောရိုးမထဲက ကျောရိုးဆစ်တွေကြားက ပျော့ပြောင်းတဲ့ အဆစ်ပြားတွေကို ကျုံ့ခြင်း ဆန့်ခြင်းတွေ ဖြစ်ပေါ်စေပြီးတော့ သွေးနဲ့ အာဟာရတွေကို ဖြည့်တင်းပေးပါတယ်။ အကြာကြီး ထိုင်နေမယ်ဆိုရင် ဒီ အဆစ်ပြား တွေဟာ မညီမျှပဲ သိပ်သည်းလာပြီးတော့ ကော်လာဂျင် တွေကို အရွတ်တွေကြားမှာ ဖြစ်လာစေပါတယ်။

    ဒီလိုပဲ ခါးရိုးဆစ် တွေ ကျွံကျခြင်းဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီးနေတတ်တဲ့ လူတွေမှာ အဖြစ်များပါတယ်။

    ကြွက်သား ယိုယွင်းလာခြင်း

    ထိုင်နေခြင်းဟာ သင့်ကြွက်သားတွေ အသုံးပြုဖို့ မလိုအပ်တာကြောင့် မသုံးပဲ အကြာကြီး ထားမယ်ဆိုရင် ဒါဟာ သင့်ကို Swayback လို့ခေါ်တဲ့ ကြောရိုးမရဲ့ သဘာဝအတိုင်း ကိုင်းညွတ်မှုကို လိုတာထက်ပိုပြီး ဆန့်စေခြင်း ဖြစ်ပေါ်စေပါတယ်။ ဒါ့ပြင် အချိန်အကြာကြီး ထိုင်ခြင်းဟာ အထူးသဖြင့် တင်ပဆုံနဲ့ ခါးတို့ရဲ့ ယေဘုယျ ပျော့ပြောင်းမှုကို လျော့ကျစေပါတယ်။ ပျော့ပြောင်းတဲ့ တင်ပဆုံးနဲ့ ခါးတွေဟာ ကိုယ်ခန္ဓါ ညီမျှမှုကို ထိန်းသိမ်းပေးပြီး အချိန်အကြာကြီး ထိုင်ခြင်းကတော့ တင်ပဆုံ ကွေးတဲ့ ကြွက်သားတွေကို တိုစေပြီး တောင့်တင်းစေပါတယ်။

    Glute muscles တွေဟာ မသုံးတာကြာရင် ပိုပြီးတော့ ပျော့လာနိုင်ပြီးတော့ ဒါဟာ သင့်ကို ခြေလှမ်းကြဲကြဲ လျှောက်နိုင်စွမ်းနဲ့ ကိုယ်ခန္ဓါကို တည်ငြိမ်အောင် ထိန်းထားနိုင်စွမ်းတွေကို လျော့ကျစေပါတယ်။

    ကိုယ်ခန္ဓါ အင်္ဂါများ ပျက်စီးခြင်း

    အချိန်အကြာကြီး ထိုင်ခြင်းဟာ နှလုံးရောဂါ၊ နှလုံးသွေးကြောရောဂါနဲ့ အူမကြီးကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ခြုံပြောရရင် ဒီပြဿနာတွေဟာ ကိုယ်ခန္ဓါမလှုပ်ရှားတာကြောင့် ဖြစ်တဲ့ အင်ဆူလင် ပိုထွက်ခြင်းနဲ့ အင်္ဂါတွေကို သွေးရောက်နှုန်းနှေးခြင်းကြောင့် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ ပုံမှန် လှုပ်ရှားခြင်းဟာ ကင်ဆာဆဲလ်တွေကို သတ်ပေးပြီး ဓါတ်တိုးပစ္စည်း တွေကို သုတ်သင်ပေးတဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ပစ္စည်းတွေကို အားပေးပါတယ်။

    အင်ဆူလင်ပိုထုတ်ခြင်းဟာ ကိုယ်အလေးချိန်ကို တက်လာစေပြီး ဆီးချိုနဲ့ အဝလွန်ခြင်းတွေကို ဖြစ်စေတတ်ပါတယ်။

    ခြေထောက် ရောဂါများ

    သိသာထင်ရှားစွာပဲ အချိန်အကြာကြီး ထိုင်ခြင်းဟာ ခြေထောက်တွေထဲမှာ သွေးလှည့်ပတ်မှုကို တားဆီးပါတယ်။ ဒါဟာ ခြေချင်းဝတ် သွေးစုပြုံခြင်း ဖြစ်စေပြီးတော့ ခြေချင်းဝတ် ရောင်ခြင်း၊ သွေးကြောထုံးခြင်းနဲ့ အန္တရာယ်ပေးနိုင်တဲ့ သွေးခဲဖြစ်ပေါ်မှုတွေကိုပါ ဖြစ်လာနိုင်စေပါတယ်။ နောက်ပြဿနာတစ်ခုကတော့ အရိုး တွေဟာ ပိုပြီးတော့ အားနည်းလာပြီး သိပ်သည်းမှု နည်းပါးလာတာပါပဲ။ ပြေးခြင်း၊ လမ်းလျှောက်ခြင်း အစရှိတဲ့ ပုံမှန် လှုပ်ရှားမှု ပြုခြင်းဟာ အရိုးတွေကို သန်စွမ်းစေပါတယ်။ ဒါဟာ အသက်ကြီးတဲ့သူတွေမှာ အထိုင်များတာကြောင့် ဘာကြောင့် အရိုးပွရောဂါ ဖြစ်စေလဲဆိုတဲ့ အချက်ကို ရှုင်းပြနိုင်ပါတယ်။

    တီဗွီကို သက်တမ်းတစ်လျှောက်မှာ ၈ နှစ်ခွဲ ထက်ပိုပြီး ကြည့်တဲ့သူတွေဟာ တစ်နေ့ကို တစ်နာရီတောင် မကြည့်တဲ့ သူတွေနဲ့ ယှဉ်ရင် အရွယ်မတိုင်မီ သေဆုံးမှု ၆၁ ရာခိုင်နှုန်း ပိုမို များပြားတယ်လို့ လေ့လာမှုတစ်ခုက ပြောပါတယ်။

    ဒါဆိုရင် ကိုယ်ခန္ဓါ မလှုပ်ရှားမှုတွေ ပိုမိုများပြားလာတာကို ဘယ်လိုတိုက်ထုတ်ကြမလဲ။

    ပထမဆုံးအနေနဲ့ အလုပ်အတွက်ဖြစ်စေ၊ အခြားရည်ရွယ်ချက်နဲ့ ဖြစ်စေ အချိန်အကြာကြီး ထိုင်စရာမလိုပါဘူး။ မတ်မတ်ထိုင်ပါ။ ကီးဘုတ်ရှေ့ကို ကုန်းနေခြင်းကို ရှောင်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးကို ဝယ်မယ်ဆိုရင် ဒါဟာ သင့်ကြွက်သားတွေကို အလုပ်လုပ်စေပြီး သင့်ကိုယ်ခန္ဓါကို သဘာဝအတိုင်း ဖြောင့်မတ်စွာ ရှိနေစေပါတယ်။ နောက်ကျောမှီမပါတဲ့ ထိုင်ခုံကိုလဲ လေ့ကျင့်ခန်း ဘောလုံးအစား အသုံးပြုနိုင်ပါတယ်။

    ဒုတိယ အချက်ကတော့ ကိုယ်ခန္ဓါအကြောဆန့်ဖို့ ပုံမှန် ထသင့်ပါတယ်။ ဒါကို ဘယ်လောက်တစ်ခါလုပ်ရမှာလဲ။ အနည်းဆုံး မိနစ်သုံးဆယ်တစ်ခါလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ထပြီးတော့ သင့်ရုံးမှာ မိနစ်အနည်းငယ်လောက် လမ်းလျှောက်ခြင်းဟာ သွေးစီးဆင်းနှုန်းကို မြှင့်တင်ပေးပြီး ဦးနှောက်နဲ့ ကြွက်သားတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေပါတယ်။

    တတိယအနေနဲ့ ယောဂပြုလုပ်ခြင်းဟာ သင့်ကြွက်သားတွေကို ပျော့ပြောင်းစေပြီး စိတ်ကို အေးချမ်းစေကာ တစ်နေ့တာ အလုပ်တွေကနေ ဖိအားလျော့စေနိုင်ပါတယ်။ မတ်တပ်အနေနဲ့ အလုပ်လုပ်ဖို့ တွန်းအားပေးမယ့် မတ်တပ်ရပ် အလုပ်လုပ်ရတဲ့ အလုပ်ခုံကိုလည်း ဝယ်နိုင်ပါတယ်။ ဒါဟာ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းနှုန်းကို ကူညီပေးပြီး သွေးခဲဖြစ်ပေါ်နှုန်းနဲ့ အခြား မကောင်းတဲ့ ကျန်းမာရေး ပြဿနာတွေကို လျော့ကျစေပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement