ဓာတုပစ္စည်း၊ အရောင်ဆိုးဆေး၊ အနံ့အတုတွေမပါဘဲ သဘာဝပစ္စည်းတွေကို အခြေခံတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေကို ရွေးချယ်သုံးပါ။ အထူးသဖြင့် မိန်းမကိုယ် ရဲ့ သဘာဝကာကွယ်မှုစနစ်မှာပါဝင်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အားဖြည့်ပေးတဲ့ အမျိုးအစားဆို ပိုကောင်းပါတယ်။ နေ့စဉ်သုံးလို့ရ၊ ရက်မကြာမကြာလည်းသုံးလို့ရပေမယ့် တစ်နေ့ကို နှစ်ကြိမ်ထက်တော့ပိုမသုံးသင့်ပါဘူး။
သိပ်တော့ သတိထားမိမှာမဟုတ်ပေမယ့် အာဟာရပြည့်တဲ့အစားအစာတွေ ညီမျှအောင်စားတာ၊ အရည်များများသောက်တာတွေက မိန်းမကိုယ်ကျန်းမာရေးမှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာ ဒိန်ချဉ်ဟာ အကျိုးပြုဘက်တီးရီးယား probioticတွေ ကြွယ်ဝလို့ မှိုပိုးဝင်ခြင်းကိုကာကွယ်ပေးနိုင်တယ်။
- လစဉ်သုံး ဒါမှမဟုတ် နေ့စဉ်သုံးပစ္စည်းကို ပုံမှန်လဲဖို့မမေ့ပါနဲ့
အမျိုးသမီးသုံး padတွေကို လေးနာရီ ဒါမှမဟုတ် ရှစ်နာရီကြာတိုင်း တစ်ကြိမ်လဲပေးဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။ စိုစွတ်မှုတွေအကုန် စုပ်ယူထားတာဆိုတော့ ရောဂါပိုးတွေ ပေါက်ဖွားဖို့ပိုလွယ်စေနိုင်ပါတယ်။ ညအိပ်ခါနီးမှ လဲထားတာဆိုလည်း အိပ်ရာနိုးတာနဲ့ အသစ်လဲပေးသင့်ပါတယ်။

- အမွှေးနံ့ပြင်းတာတွေ မသုံးပါနဲ့
အနံ့ဆိုးထွက်မှာကိုပဲ စိုးရိမ်မနေပါနဲ့။ အနံ့ဆိုးဆိုတာ ရောဂါပိုးဝင်တဲ့လက္ခဏာမို့ သန့်ရှင်းမှုကို ဂရုစိုက်ရင် အနံ့ပျောက်အောင်လို့ မွှေးကြိုင်တာတွေ စွတ်သုံးဖို့မလိုပါဘူး။ ခဏတာ မွှေးကြိုင်ဖို့အတွက်နဲ့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကို ထည့်တွေးသင့်ပါတယ်။ အမွှေးနံ့ပြင်းတဲ့ဆပ်ပြာတွေ၊ အသုံးအဆောင်ပစ္စည်းတွေကြောင့် ဓာတုပစ္စည်းတွေကြောင့် မိန်းမကိုယ်မှာခြောက်သွေ့တာ၊ ယားယံတာ၊ လောင်တာ၊ ပိုးဝင်တာတွေဖြစ်စေနိုင်တယ်။
- ချွေးစို၊ ရေစိုနဲ့ အကြာကြီးမနေပါနဲ့
ဂျင်မ်သွားတာပဲဖြစ်ဖြစ်၊ အပြင်သွားတာပဲဖြစ်ဖြစ် ချွေးတွေစိုရွှဲနေတဲ့ အတွင်းခံအဝတ်တွေနဲ့ အကြာကြီးတော့မနေပါနဲ့။ အိမ်ပြန်ရောက်တာနဲ့ အမြန်လဲဝတ်ပါ။ ရေစိုဝတ်နဲ့ ကြာကြာနေပြီးရင်လည်း ဒီတိုင်းတော့ အခြောက်မခံလိုက်ပါနဲ့။ အပေါ်ယံအဝတ်တွေ ခြောက်လည်း အတွင်းခံမှာ အစိုဓာတ်ကျန်မှာပဲ။ လဲဖြစ်အောင်လဲပါ။
- အရှေ့ကနေ အနောက်ကိုပဲ ဆေးကြောသန့်စင်ပါ
သန့်စင်ခန်းသွားလို့ ရေသုံးတဲ့အခါပဲဖြစ်ဖြစ်၊ တစ်ရှူးသုံးတဲ့အခါပဲဖြစ်ဖြစ် အရှေ့ဘက်ကနေ အနောက်ဘက်ကိုပဲဆေးကြောသန့်စင်ပါ။ အနောက်ကနေ အရှေ့ကိုသန့်စင်တဲ့အခါ စအိုဘက်က အညစ်အကြေးတွေ၊ ဘက်တီးရီးယားပိုးတွေက မိန်းမကိုယ် ဒါမှမဟုတ် ဆီးလမ်းကြောင်းဆီ ရောက်လာနိုင်ပါတယ်။
ဒီအချက်တွေ လိုက်နာပြီးပြီဆိုရင်တော့ မိန်းမကိုယ် ကျန်းမာရေးအတွက် စိတ်ချရသလောက်ရှိနေပါပြီ။ သန့်ရှင်းတဲ့ မိန်းမကိုယ်ကို ပိုင်ဆိုင်ထားမှ သွားလာနေထိုင်ရာမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိတဲ့မိန်းကလေးတွေဖြစ်နိုင်မှာပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။