backup og meta

အမျိုးသမီးသန့်စင်ဆေးရည်ရွေးဝယ်မယ်ဆို ဒီ(၇) ချက်ကို အရင်စဉ်းစားပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးသန့်စင်ဆေးရည်ရွေးဝယ်မယ်ဆို ဒီ(၇) ချက်ကို အရင်စဉ်းစားပါ

    ဟိုးခေတ်တုန်းကလိုရေချိုးရင် ဆပ်ပြာနဲ့ တစ်ကိုယ်လုံးတိုက်ပစ်တာ(ခန္ဓာကိုယ်အောက်ပိုင်းအပါအဝင်)၊ သန့်စင်ခန်းထဲမှာ ဆပ်ပြာတုံးထားထားတာမျိုး လုပ်နေတုန်းလား။ မိန်းမကိုယ်ကို ကိုယ်တိုက်ဆပ်ပြာတွေ၊ ရေချိုးဆပ်ပြာတွေနဲ့ သန့်စင်တဲ့အခါနေရတာ တစ်မျိုးမဖြစ်မိဘူးလား။ သန့်ရှင်းသွားတာပဲလို့ ပထမတော့ထင်မိမှာပေါ့။ ဒါပေမယ့် တစ်ခါကနေ နှစ်ခါ၊ နှစ်ခါကနေ သုံးခါဆို ခြောက်တောက်တောက်နဲ့နေရခက်သလို၊ ယားသလိုလို တစ်မျိုးတော့ဖြစ်လာမှာပါပဲ။

    ဆပ်ပြာတွေမှာက ဘက်တီးရီးယားသေစေဖို့၊ အနံ့မွှေးဖို့၊ အညစ်အကြေးတွေသန့်စင်နိုင်ဖို့၊ အရောင်လှဖို့၊ တာရှည်ခံဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးအတွက် ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ လက်၊ ခြေထောက်နဲ့ ခန္ဓာကိုယ်အသားအရေအတွက် ထုတ်လုပ်တာမို့ အဆင်ပြေနိုင်ပေမယ့် အဲဒီနေရာတွေထက် ပိုနုနယ်တဲ့ မိန်းမကိုယ်အတွက်တော့ အသုံးပြုဖို့မသင့်တော်ပါဘူး။ ဒီနေရာမှာ ကယ်တင်ရှင်ဝင်လာတာက ခုနောက်ပိုင်းဈေးကွက်မှာ သုံးလာကြတဲ့အမျိုးသမီးသန့်စင်ဆေးရည်ပဲဖြစ်ပါတယ်။ သတိထားဖို့က ဆပ်ပြာတော့မသုံးဘူး သန့်စင်ဆေးရည်ဝယ်သုံးမယ်ဆိုလည်း အရွေးမှားခဲ့ရင် ဆပ်ပြာထက်တောင် ပိုဆိုးသွားနိုင်တယ်နော်။

    အမျိုးသမီးသန့်စင်ဆေးရည်ရွေးဝယ်မယ်ဆို ဒီ(၇) ချက်ကို အရင်စဉ်းစားပါ

    (၁) အရောင်တု၊ ဓာတုပစ္စည်း၊ ဆပ်ပြာ မပါတာပဲကောင်းပါတယ်

    သေချာကြည့်ပါ။ စိတ်ချရတဲ့ တံဆိပ်တွေကို ရွေးသုံးပါ။

    (၂) အမွှေးနံ့ မပြင်းသင့်ပါဘူး

    မိန်းမကိုယ်က အနံ့ဆိုးထွက်မှာစိုးလို့ဆိုပြီး အနံ့မွှေးတဲ့အမျိုးအစားတွေကို မရွေးလိုက်ပါနဲ့။ အနံ့ပြင်းတဲ့ သန့်စင်ဆေးရည်တွေက ဓာတုပစ္စည်းတွေလည်း ပါဝင်မှု ပိုများသလို ဓာတ်မတည့်မှုတွေ၊ ယားယံမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် တအားမွှေးပျံ့နေတာမျိုးကို မရွေးသင့်ပါဘူး။ သဘာဝအနံ့အသက်ဖြစ်တဲ့ ပန်းအနံ့လိုမျိုး ဓာတုပစ္စည်းတွေမပါဝင်ဘူးဆိုရင်တော့ ရပါတယ်။

    (၃) သင့်တော်တဲ့ pH အဆင့်ကို ထိန်းပေးနိုင်ရမယ်

    ရိုးရိုးရေချိုးဆပ်ပြာတွေက အမျိုးသမီးတွေအတွက်က မိန်းမကိုယ်မှာ ရှိသင့်တဲ့ pH အဆင့်ထက်ကျော်လွန်နေတာကြောင့် pH အဆင့် ၃.၅ ကနေ ၄.၅ အတွင်းမှာထိန်းညှိပေးနိုင်မယ့် Feminine Wash ကိုရွေးချယ်သင့်ပါတယ်။ ဘာကြောင့်ဆို ဒီအဆင့်လောက်မှာမှ lactobacilli လို့ခေါ်တဲ့ မိန်းမကိုယ်အတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေ အလုံအလောက်ရှိနေနိုင်မှာပါ။ မိန်းမကိုယ်မှာ အနံ့အသက်ဆိုးတွေမရှိအောင်၊ ယားယံတာတွေမဖြစ်အောင်၊ ပိုးမဝင်အောင် သူတို့လေးတွေက ကာကွယ်ပေးနိုင်ပါတယ်။

    (၄) Prebiotic ပါဝင်တာကို ရှာသင့်တယ်

    ခုနကပြောသလိုပဲ အကျိုးပြုဘက်တီးရီးယားလေးရဲ့ သဘာဝကာကွယ်မှုစနစ်ကို ထိန်းညှိနိုင်မှ ရောဂါပိုးတွေမဝင်အောင် တားဆီးနိုင်မှာပါ။ သူတို့ကို အားဖြည့်ပေးမယ့် prebioticလေးတွေပါတဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကို ရွေးချယ်ရင် ပိုကောင်းပါတယ်။

    (၅) သဘာဝကုန်ကြမ်းပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာကိုရွေးပါ

    သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်တဲ့ သန့်စင်ဆေးရည်တွေက ဘေးဥပါဒ်ကင်းပြီး ဓာတုကင်းတယ်၊ အဆိပ်အတောက်ကင်းတယ်။ အမွှေးရနံ့တွေ မပါလည်း သန့်ရှင်းလန်းဆန်းစေတယ်။ ဒါမှ နုနယ်တဲ့ မိန်းမကိုယ်အရေပြားကို ထိခိုက်မှုကင်းစေပါလိမ့်မယ်။

    (၆) နူးညံ့တဲ့ အစိုဓာတ်ပေးနိုင်တဲ့ အမှတ်တံဆိပ်ကို ရွေးပါ

    အမျိုးသမီးသန့်စင်ဆေးရည်တွေက သန့်ရှင်းမှုအတွက် အဓိကဖြစ်တယ်လို့ ယူဆကြတယ်။ ဒါပေမယ့် အသန့်ရှင်းလွန်ပြီး အကျိုးပြုဘက်တီးရီးယားတွေပါ ပါကုန်ရင် သဘာဝကာကွယ်မှုစနစ် ပျက်ယွင်းလာနိုင်တယ်၊ အသားခြောက်စေနိုင်လို့ ယားယံမှုတွေ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် မိန်းမကိုယ်အရေပြားကို မထိခိုက်ရအောင် နူးညံ့တဲ့အစိုဓာတ်ထိန်းနိုင်တဲ့ အမျိုးအစားကို ရှာဖွေရွေးချယ်သင့်ပါတယ်။

    (၇) ဓာတ်မတည့်မှု ဖြစ်နိုင်ခြေအနည်းဆုံး အမျိုးအစားကို ရွေးပါ

    နုနယ်တဲ့မိန်းမကိုယ်မှာ ယားယံတာ၊ စပ်တာစတဲ့ ဓာတ်မတည့်မှုတွေ ဖြစ်လာရင် အတော်ခံရခက်မှာပါ။ ဒါတင်မကဘဲ မလိုလားအပ်တဲ့ နောက်ဆက်တွဲလက္ခဏာတွေအဖြစ်နဲ့ ရောဂါပိုးဝင်တာတွေဖြစ်လာရင် ပိုဆိုးပါလိမ့်မယ်။ ဒါ့ကြောင့် အသားအရေမရွေး သုံးရအဆင်ပြေစေဖို့ ဓာတ်မတည့်မှု မဖြစ်စေနိုင်တဲ့ Hypoallergenic ဖြစ်တာကို ရွေးဝယ်ပါ။

    မိန်းမကိုယ်ကို သန့်စင်မယ်ဆိုရင် ရေများများနဲ့ပဲ သန့်ပေးပါ။ အပြင်ပိုင်းကိုပဲ ဆေးပါ။ ဆပ်ပြာမသုံးပါနဲ့။ အတွင်းပိုင်းကို မဆေးပါနဲ့။ အမျိုးသမီးသန့်စင်ဆေးရည် သုံးချင်သုံးနိုင်ပါတယ်။ အမျိုးသမီးသန့်စင်ဆေးရည်ရွေးဝယ်မယ်ဆို ရင်တော့ ခုပြောခဲ့တဲ့ အချက်တွေကို ဂရုစိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement