backup og meta

အမျိုးသမီးများ အီစထရိုဂျင် နည်းလာလျှင်

အီစထရိုဂျင်ဟာ အမျိုးသမီးများအတွက် အဓိကကျတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အမျိုးသမီးများ ငယ်စဉ်ဘဝကနေ အရွယ်ရောက်ပြီး အသက်ကြီးလာတဲ့အထိ အမျိုးသမီးဘဝကို ထိန်းကျောင်းမောင်းနှင်ပေးတဲ့ ဟော်မုန်းဆိုရင် မမှားပါဘူး။ အပျိုဖော်ဝင်ပြီး အမျိုးသမီးလက္ခဏာများ ဖွံ့ဖြိုးလာဖို့၊ ကိုယ်ဝန်ဆောင်နိုင်ဖို့၊ အရိုးများနဲ့ ကိုလက်စထရောရဲ့ ဇီဝဖြစ်ပျက်မှုကို ထိန်းသိမ်းပေးဖို့ စတဲ့ကိစ္စရပ်တွေမှာ အီစထရိုဂျင်ဟော်မုန်းဟာ အရေးပါပါတယ်။ အမျိုးသားများမှာလည်း အီစထရိုဂျင်ဟော်မုန်းထွက်ပါတယ်။ အမျိုးသမီးတွေလောက်တော့ မများပါဘူး။

အီစထရိုဂျင်ဟော်မုန်းလျော့နည်းခြင်းလက္ခဏာများ

အီစထရိုဂျင်ထုတ်လုပ်မှုကျဆင်းလာတဲ့အခါ တွေ့နိုင်တဲ့ လက္ခဏာတွေကတော့

– မိန်းမကိုယ်ရဲ့သဘာဝချောမွေ့မှုနည်းသွားပြီး အတူနေစဉ် နာကျင်ခြင်း

– ဆီးလမ်းကြောင်းပိုးဝင်မှု မကြာခဏဖြစ်ပွားခြင်း

– ဓမ္မတာထိန်ခြင်း၊ ပုံမမှန်ခြင်း

စိတ်အပြောင်းအလဲမြန်ခြင်း

– မျက်နှာများ နီရဲပူနွေးခြင်း (တစ်ခါတရံ လည်ပင်း၊ ရင်ဘတ်)

– ရင်သားများနာကျင်ခြင်း

– ခေါင်းကိုက်ခြင်း

– စိတ်ဓာတ်ကျခြင်း

– အာရုံစူးစိုက်ရန်ခက်ခဲခြင်း

မောပန်းနွမ်းနယ်ခြင်း စတာတွေ ဖြစ်ပါတယ်။

အရိုးများရဲ့ သိပ်သည်းဆနည်းလာတာကြောင့် အရိုးပွခြင်း၊ ကျိုးပဲ့လွယ်ခြင်းတွေ ဖြစ်လာပါတယ်။ အီစထရိုဂျင်ဟာ ကယ်လ်ဆီယမ်၊ ဗီတာမင် D စတာတွေနဲ့အတူ အရိုးကိုကြံ့ခိုင်အောင် ထိန်းသိမ်းပေးရာမှာ ပါဝင်ပါတယ်။

အီစထရိုဂျင်နည်းပါးခြင်း ဘာကြောင့်ဖြစ်ရသလဲ

အီစထရိုဂျင်ကို အဓိကအားဖြင့် သားဥအိမ်တွေကနေ ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် သားဥအိမ်အပေါ် ထိခိုက်မှု၊ သက်ရောက်မှုတခုခုဖြစ်ရင် အီစထရိုဂျင်ထုတ်လုပ်မှုလျော့နည်းနိုင်ပါတယ်။ အထူးသဖြင့် –

– လေ့ကျင့်ခန်းအလွန်အမင်းပြုလုပ်ခြင်း

– အစာစားချင်စိတ်ကုန်ခမ်းခြင်း

– ပီကျူထရီဂလင်း စွမ်းဆောင်မှုလျော့ကျခြင်း

သားဥအိမ်များ အရွယ်မတိုင်မီပျက်စီးခြင်း (ဗီဇ၊ အဆိပ်အတောက်၊ မိမိကိုယ်ခံအားက ပြန်တိုက်ခိုက်ခြင်း စသည်)

– တာနာ ရောဂါလက္ခဏာစု (Turner’s syndrome)

နာတာရှည်ကျောက်ကပ်ရောဂါ စတဲ့အခြေအနေတွေ ဖြစ်ပါတယ်။

အမျိုးသမီးများအနေနဲ့ အသက် ၄၀ ကျော်လာတဲ့အခါ သွေးဆုံးချိန်နီးလာပြီး အီစထရိုဂျင်လျော့ကျလာပါတယ်။ သွေးဆုံးချိန် နီးလာတာနဲ့အမျှ အီစထရိုဂျင်ထုတ်ုလပ်မှုလည်း နည်းလာနိုင်ပါတယ်။

အသက်အရွယ်၊ စားသောက်နေထိုင်ပုံ၊ မိသားစုရာဇဝင်၊ ပီကျူထရီဂလင်း အခြေအနေ စတာတွေပေါ် မူတည်ပြီး တယောက်နဲ့တယောက်တော့ ကြုံတွေ့ရတဲ့အခြေအနေ ကွဲပြားနိုင်ပါတယ်။

အီစထရိုဂျင်နည်းပါးရင် ဘာလုပ်သင့်သလဲ

အီစထရိုဂျင်နည်းပါးလာတဲ့ လက္ခဏာတွေ ပြလာရင် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

လိုအပ်ရင် ဟော်မုန်းဆေးပေးတဲ့နည်းနဲ့ ကုသမှု ခံယူနိုင်ပါတယ်။ ဒီကုသနည်းကတော့ အီစထရိုဂျင်ဟော်မုန်းကို သုံးစွဲပေးခြင်းပါပဲ။ ဆရာဝန်ညွှန်ကြားချက်၊ တစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေး စသဖြင့် နည်းလမ်းစုံဖြစ်နိုင်ပါတယ်။ တစ်ခါတရံမှာ အီစထရိုဂျင်ပမာဏ ပုံမှန်လောက်ထိ ပြန်ရောက်လာအောင် အချိန်ပေးကုသရတာမျိုး ဖြစ်နိုင်ပါတယ်။

အကောင်းဆုံးကတော့ အီစထရိုဂျင်နည်းပါးလာချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ပြသတာပါပဲ။ အမျိုးသမီးများသဘာ၀ သွေးဆုံးခြင်းနဲ့ အခြားပြဿနာများကြောင့် အီစထရိုဂျင်နည်းပါးလာခြင်းကို မဖြစ်မနေ ကြုံတွေ့ရမှာ ဖြစ်ပေမယ့် ပေါ့ပေါ့ဆဆမနေဘဲ နားလည်တတ်ကျွမ်းသူတွေနဲ့ ပြသသင့်ပါတယ်။ ဒါမှသာ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/womens-health/low-estrogen-symptoms Accessed Date 9 September 2020

ယခုပုံစံ

08/02/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသမီးများ သားကြောဖြတ် ခြင်း

အမျိုးသမီးနဲ့ သိုင်းရွိုက်ကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement