backup og meta

သွေးဆုံးချိန်မှာ ဘာတွေကြုံရတတ်သလဲ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးဆုံးချိန်မှာ ဘာတွေကြုံရတတ်သလဲ

    သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ပုံမှန်ကြုံတွေ့ရမယ့် အပြောင်းအလဲတစ်ခုပါပဲ။ ကိုယ်ခန္ဓာကနေ မျိုးဥကြွေခြင်းရပ်တန့်သွားပြီး ဓမ္မတာမလာတော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါက ကိုယ်ခန္ဓာထဲက ဟော်မုန်းများ အပြောင်းအလဲကြောင့် ဖြစ်ပါတယ်။ သွေးဆုံးချိန်မှာ ကိုယ်ခန္ဓာ သွေးသားပြောင်းလဲတဲ့အတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာအချို့လည်း ကြုံလာရတတ်ပါတယ်။ အဆိုပါကာလမှာ ကျန်းကျန်းမာမာနေနိုင်ဖို့ ဘာတွေကြုံတွေ့နိုင်သလဲ၊ ဘယ်လိုနေထိုင်သင့်သလဲ သိထားသင့်ပါတယ်။

    အမျိုးသမီးတစ်ယောက် သွေးဆုံးနိုင်တဲ့ ပျမ်းမျှအရွယ်ကတော့ အသက် ၅၀ ပတ်ချာလည်ဖြစ်ပါတယ်။ များသောအားဖြင့် အသက် ၄၀ ကျော် ၅၀ ကြားထဲ ကြုံနိုင်ပြီး အသက် ၆၀ လောက်မှ သွေးဆုံးသူတွေလည်း ရှိပါတယ်။ သားအိမ်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသခြင်းကြောင့်လည်း သွေးဆုံးခြင်း စောနိုင်ပါတယ်။

    သွေးဆုံးချိန်မှာ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာများကတော့

    – အရိုးပွခြင်း

    – နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါများ

    – စိတ်ကျခြင်းနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြားပြဿနာများ

    – မိန်းမကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (ဥပမာ မွေးလမ်းကြောင်းခြောက်သွေ့ခြင်း) စတာတွေပဲ ဖြစ်ပါတယ်။

    အရိုးများ သိပ်သည်းဆနည်းလာတဲ့ အခြေအနေဖြစ်ပါတယ်။ သွေးဆုံးပြီး နှစ်အနည်းငယ်အတွင်း ကြုံတွေ့နိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ အီစထရိုဂျင်ဟော်မုန်း နည်းပါးသွားလို့ ဖြစ်ပါတယ်။ သွေးဆုံးချိန်ကနေ အသက် ၆၀ ကြားထိ အရိုးများရဲ့ သိပ်သည်းဆဟာ ၂၅ ရာခိုင်နှုန်း လျော့နည်းသွားနိုင်ပါတယ်။

    အရိုးပွခြင်းကြောင့် အရိုးများ ကျိုးပဲ့လွယ်ပါတယ်။ အထူးသဖြင့် ပေါင်ရိုး၊ ခါးဆစ်ရိုးနဲ့ လက်ကောက်ဝတ် ဖြစ်ပါတယ်။ အရိုးပွခြင်းပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆရာဝန်နဲ့ သေချာပြသပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။ လိုအပ်ရင် ကယ်လ်ဆီယမ်အားဖြည့်ဆေးဝါး၊ ဗီတာမင် D ပါတဲ့ ဆေးဝါးတွေပါ သောက်သုံးသင့်ပါတယ်။

    ဒါ့ပြင် လေ့ကျင့်ခန်းလည်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်သင့်ပါတယ်။

  • နှလုံးနှင့်သွေးကြောရောဂါများ
  • သွေးဆုံးခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားရတာမျိုး မဟုတ်ပေမယ့် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုတော့ မြင့်တက်စေပါတယ်။ မကောင်းတဲ့ LDL ကိုလက်စထရောများ မြင့်တက်လာခြင်းက သွေးဆုံးချိန် ဟော်မုန်းပြောင်းလဲခြင်းနဲ့ ဆက်စပ်နေတာကြောင့်ပါ။

    သွေးဆုံးပြီး အမျိုးသမီးသုံးဦးအနက် တစ်ဦးမှာ ဒီပြဿနာ ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့်သွေးဆုံးပြီး ဆယ်နှစ်ခန့်အကြာမှာ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေ လျှော့ချဖို့အတွက် အစားအသောက်ကို မျှတစွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ ဆေးလိပ်ရှောင်ခြင်း စတဲ့နေထိုင်မှုပုံစံတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။

  • အခြားပြဿနာများ
  • သွေးဆုံးပြီး အမျိုးသမီးအချို့ ကြုံတွေ့ရတာကတော့ စိတ်ကျခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပါတယ်။ အနီးပတ်ဝန်းကျင်မှာ ရှိသူတွေက ဒီပြောင်းလဲခြင်းတွေကို သိမြင်ပြီး နားလည်စာနာပေးဖို့ လိုအပ်ပါတယ်။ စိတ်ကျန်းမာရေးအခြေအနေအတွက် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း စတဲ့နည်းလမ်းတွေနဲ့ စိတ်ပြေလက်ပျောက် နေထိုင်သင့်ပါတယ်။ လိုအပ်ရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

    မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းကြောင့် လိင်မှုကိစ္စမှာ အနှောင့်အယှက် ကြုံနိုင်ပါတယ်။ ချောဆီသုံးရင် အဆင်ပြေနိုင်ပါတယ်။ တခြား ရောဂါပိုးဝင်နိုင်ခြေတွေ ရှိနေတာကို သတိပြုသင့်ပါတယ်။

    သွေးဆုံးချိန်ဆိုတာ ဖြစ်ရိုးဖြစ်စဉ် သဘာဝပဲ ဖြစ်ပါတယ်။ ကြုံတွေ့လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို သတိပြုပြီး အစားအသောက်ပုံစံ၊ နေထိုင်မှုပုံစံတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်သွားမယ်ဆိုရင် အကောင်းဆုံး ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement