အမျိုးသမီး သားကြောဖြတ် ခြင်း ဆိုသည်မှာ
သားကြောဖြတ်တာက အမျိုးသမီးရဲ့ သားဥပြွန်နှစ်ဖက်ကို ဖြတ်တောက်တဲ့ အသေးစား ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ ထိရောက်ပြီး စိတ်ချရပါတယ်။ သားကြောဖြတ်တဲ့ အမျိုးသမီး ၂၀၀မှာ ၁ယောက်လောက်ပဲ ကိုယ်ဝန်ပြန်ရနိုင်ချေ ရှိပါတယ်။ ရာသက်ပန် ကိုယ်ဝန်မရနိုင်တဲ့ နည်းလမ်း ဖြစ်လို့ သားကြောမဖြတ်ခင် ဇနီးမောင်နှံနှစ်ယောက် သေချာ တိုင်ပင်သင့်ပါတယ်။ ကလေးမယူဘူး သေချာမှသာ ဒီနည်းလမ်းကို အသုံးပြုသင့်ပါတယ်။
အမျိုးသမီး သားကြောဖြတ် နိုင်တဲ့ အခြေအနေ
အောက်က အချက်တွေထဲမှာ တစ်ချက် (ဒါမှမဟုတ်) တစ်ချက်ထက်ပိုပြီး ကိုက်ညီမှုရှိရင် သားကြောဖြတ်ဖို့ လျှောက်ထားနိုင်ပါတယ်။
- LSCSလို့ ခေါ်တဲ့ သားအိမ်အောက်ပိုင်းကနေ ခွဲစိတ်တဲ့နည်းလမ်း (ဗိုက်ခွဲပြီး ကလေးမွေးခြင်း) နဲ့ အနည်းဆုံး နှစ်ကြိမ် မွေးဖွားဖူးတဲ့ ကိုယ်ဝန်ဆောင်မိခင် (အသက်ကန့်သတ်ချက်မရှိ)
- အသက် ၃၀ပြည့်ပြီး LSCSနည်းနဲ့ တစ်ကြိမ် မွေးဖွားဖူးတဲ့ ကိုယ်ဝန်ဆောင်မိခင် (အသက်ရှင်လျက်ကလေး အနည်းဆုံးတစ်ဦး ရှိရမယ်)
- USCS လို့ ခေါ်တဲ့ သားအိမ်အပေါ်ပိုင်းကနေ ခွဲစိတ်တဲ့နည်းလမ်း (ဗိုက်ခွဲပြီး ကလေးမွေးခြင်း)နဲ့ အနည်းဆုံး တစ်ကြိမ် မွေးဖွားဖူးတဲ့အမျိုးသမီး
- သက်ဆိုင်ရာ အထူးကုဆရာဝန် သို့မဟုတ် မြို့နယ်ဆရာဝန်မှ ကိုယ်ဝန်မဆောင်သင့်ကြောင်း ထောက်ခံချက် ပေးထားသော အမျိုးသမီး (ကိုယ်ကျန်းမာရေး အရဖြစ်စေ၊ စိတ်ကျန်းမာရေး အရဖြစ်စေ၊ အမျိုးသမီး ရောဂါ တစ်ခုခုရှိ၍ ဖြစ်စေ)
- ယခင်မွေးဖွားမှုတွင် အသက်အန္တရာယ် ဖြစ်ပေါ်ခဲ့မှုကြောင့် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ရာတွင် အသက်အန္တရာယ်ဖြစ်ပေါ်နိုင်သော အမျိုးသမီး
- အသက်ရှင်လျက်ရှိသော ကလေး ၃ဦး ရှိသည့် အမျိုးသမီး (အသက်ကန့်သတ်ချက်မရှိ)
- အသက် ၃၀ပြည့်ပြီး အသက်ရှင်လျက် ကလေး ၂ဦး ရှိသည့် အမျိုးသမီး
- အသက် ၃၅ပြည့်ပြီး အသက်ရှင်လျက် ကလေး ၁ဦး ရှိသည့် အမျိုးသမီး
- အသက် ၄၀နှင့်အထက် အမျိုးသမီး (ကလေး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ)
- ယခင် ကိုယ်ဝန်တွင် မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် ရောဂါဖြစ်ခဲ့၍ နောက်ကိုယ်ဝန်တွင် ထပ်မံဖြစ်ပေါ်ရန် အလားအလာ ရှိသည့်အမျိုးသမီး
- အထက်ပါ အချက်များနှင့် တိုက်ရိုက် မကိုက်ညီသော်လည်း နှီးနွှယ်သော အခြေအနေများရှိပါက တစ်ဦးချင်း အနေဖြင့် စိစစ်ဆောင်ရွက်ပေးရန်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။