ခြေစွယ် လက်စွယ်ငုပ် တာက အဖြစ်များတဲ့ ခြေသည်း လက်သည်း ပြဿနာ တစ်ခုပါ။ ခြေသည်း လက်သည်းက အပြင်ကို ရှည်ထွက်လာရမယ့်အစား အတွင်းထဲကို ရှည်ထွက်သွားရင် ခြေစွယ်လက်စွယ်ငုပ်တယ်လို့ ခေါ်ပါတယ်။ လက်သည်းရော ခြေသည်းရောမှာ ဖြစ်နိုင်ပေမယ့် ခြေသည်း အထူးသဖြင့် ခြေမမှာ ဖြစ်တာ ပိုများပါတယ်။
ခြေစွယ် လက်စွယ်ငုပ် ရတဲ့ အကြောင်းရင်းများ
အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့
- ခြေသည်းကို ဖိထားသလို ဖြစ်စေတဲ့ ဖိနပ်ကျပ်ကျပ် အထူးသဖြင့် ထိပ်ပိတ်ဖိနပ်တွေ စီးတာ
- ခြေသည်း လက်သည်း ညှပ်တဲ့အခါ တိုလွန်းအောင် ညှပ်တာ
- တည့်တည့်မညှပ်ဘဲ ထောင့်တွေပါ ညှပ်တာ
- ခြေသည်း လက်သည်း ထိခိုက်ဒဏ်ရာ ရတာ
- နဂိုတည်းက ခြေသည်း လက်သည်း ပုံမှန်မဟုတ်ဘဲ အတွင်းကို ရှည်ထွက်တာ
- ခြေသည်း လက်သည်းပေါ် ဖိအားများတဲ့ အလုပ်တွေ လုပ်တာ (ဥပမာ ပြေးတာ၊ ဘောလုံးကန်တာ၊ ဘဲလေးကတာ) စတာတွေပဲ ဖြစ်ပါတယ်။
ခြေစွယ် လက်စွယ်ငုပ် တဲ့အခါ ခံစားရတဲ့ လက္ခဏာများ
- ခြေသည်း လက်သည်းရဲ့ ငုပ်တဲ့ဖက် ဒါမှမဟုတ် တစ်ချောင်းလုံးမှာ နာတာ၊ အထိမခံနိုင်တာ ဖြစ်တတ်ပါတယ်။
- ခြေသည်းက နီနေနိုင်ပါတယ်။
- ရောင်ပြီး ဖောင်းနေတတ်ပါတယ်။
- ပိုးဝင်တဲ့ လက္ခဏာ ရှိနိုင်ပါတယ်။
ပိုးဝင်သွားပြီဆိုရင်တော့ ဖြစ်တဲ့ ခြေသည်း လက်သည်းက
- ပိုနီလာတာ
- ပြည်တည်လာတာ
- ခြေသည်း လက်သည်းကနေ ပြည်ထွက်လာတာ
- သွေးထွက်လာတာ
- တဆစ်ဆစ်နဲ့ နာလာတာ
- ဖျားတာ စတာတွေ ဖြစ်နိုင်ပါတယ်။
ဒီတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ခြေသည်း လက်သည်းအောက်က အရေပြားက ပျက်စီးလာပြီး ပိုနာတာ၊ ပိုရောင်ရမ်းတာ၊ ပိုပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။
ခြေစွယ် လက်စွယ်ငုပ် တာကို ကုသနည်း
ကုသနည်းတွေကတော့ အိမ်တွင်းနည်းလမ်းတွေလည်း ရှိသလို ဆေးခန်းမှာ ဆရာဝန်နဲ့ စနစ်တကျ ကုရတာမျိုးလည်း ရှိနိုင်ပါတယ်။ အခြေအနေမဆိုးရင်တော့ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ ကုလို့ရပေမယ့်
- ရောင်ရမ်းတာ ပိုဆိုးပြီး မခံနိုင်အောင် နာနေရင်
- ပြည်တည်နေရင်
- ဆီးချိုလိုမျိုး အနာကျက်ခဲတဲ့ ရောဂါရှိသူတွေကတော့ ဆေးခန်းမှာ ဆရာဝန်နဲ့ပဲ လုပ်သင့်ပါတယ်။
ခြေစွယ် လက်စွယ်ငုပ်တာကို မကုဘဲ ထားမယ်ဆိုရင်
မကုဘဲ ထားမယ်ဆိုရင် ဒါမှမဟုတ် ဖြစ်နေတာကို သတိမထားမိဘူးဆိုရင် ခြေသည်း လက်သည်းကနေ အောက်က အရိုးထိ ရောက်သွားပြီး အရိုးပါ ပိုးဝင်သွားနိုင်ပါတယ်။
ဆီးချိုလိုမျိုး အနာကျက်ခဲတဲ့ ရောဂါမျိုး ရှိရင် ပိုဆိုးပါတယ်။ သာမန် ထိခိုက်ဒဏ်ရာကစလို့ အသားမာတက်တာ၊ ခုလို ခြေစွယ် လက်စွယ်ငုပ်တာကို သေချာ မကုသဘူးဆိုရင် ပိုးဝင်သွားနိုင်ပါတယ်။ ဒီကနေ အနာမကျက်ဘဲ ပိုပိုဆိုးပြီး ခွဲစိတ်ရတာ၊ ခြေထောက်ပုပ်တာတွေထိ ဖြစ်သွားနိုင်ပါတယ်။
ခြေစွယ် လက်စွယ်မငုပ်အောင် ဘယ်လိုကာကွယ်ပေးနိုင်မလဲ။
- ခြေသည်း လက်သည်း သေချာညှပ်ပါ။
ခြေသည်း လက်သည်း ညှပ်တဲ့အခါ ခြေချောင်း ဝိုက်သလို ဝိုက်ပြီး မညှပ်ပါနဲ့။ အပြင်က spaတွေမှာ လုပ်ရင်လည်း ဒီလိုပဲ ပြောပေးပါ။ ခြေသည်း လက်သည်းထောင့်တွေကို မညှပ်ပစ်ပါနဲ့။ တည့်တည့်တိတိပဲ ညှပ်ပေးပါ။
- ခြေသည်း လက်သည်းကို တိုလွန်းအောင် မညှပ်ပါနဲ့။
ခြေသည်း လက်သည်းကို ခြေချောင်း လက်ချောင်းနဲ့ ကွက်တိဖြစ်အောင် ညှပ်ပါ။ တိုတိုလေး ညှပ်ထားရင် ထိပ်ပိတ်ဖိနပ်တွေ စီးတဲ့အခါ ခြေသည်းကို ဖိပြီး အောက်ကို တွန်းဖိသလို ဖြစ်တတ်ပါတယ်။
- ဖိနပ် ကျပ်ကျပ်တွေကို မစီးပါနဲ့။
အထူးသဖြင့် ထိပ်ပိတ်ဖိနပ်တွေ၊ ဘေးကနေ ခြေချောင်းတွေကို ညှစ်ထားတဲ့ ဖိနပ်တွေကို စီးတဲ့အခါ ခြေသည်းတွေကို ဖိညှစ်ထားသလို ဖြစ်ပြီး ခြေသည်းက အတွင်းထဲကို ဝင်သွားနိုင်ပါတယ်။ ဆီးချိုလိုမျိုး အာရုံကြောထိနိုင်တဲ့ ရောဂါတွေ ရှိနေရင် ခြေထောက်နာတာကိုလည်း သိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလို ဖိနပ်တွေ ဝယ်မယ်ဆိုရင် သက်သောင့်သက်သာဖြစ်တဲ့ ဆိုဒ်ကို ဝယ်ပါ။ ဆီးချိုရှိတဲ့သူတွေက သူတို့အတွက် သီးသန့်ထုတ်ထားတဲ့ ဖိနပ်ကို စီးနိုင်ပါတယ်။
- ခြေတွေ လက်တွေ ဒဏ်ရာ မရအောင် ဂရုစိုက်ပါ။
လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာ မရအောင် လက်အိတ် ခြေအိတ်တွေ၊ အကာအကွယ်တွေ ဝတ်ပါ။
အထူးသဖြင့် ဆီးချိုရှိတဲ့သူတွေဆို ခြေစွယ်ငုပ်တာအပါအဝင် တခြားခြေထောက်ရောဂါတွေ ရှိမရှိ နေ့စဉ် စစ်ဆေးသင့်ပါတယ်။
[embed-health-tool-bmi]