backup og meta

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 31/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

    ခြေသည်းလက်သည်းလေးတွေက အလှတိုးစေသလို ကျန်းမာရေးကို ဖော်ပြပေးနေတဲ့ အရာလေးတွေဆိုရင်လည်း မမှားပါဘူး။ လက်သည်းခြေသည်းလေးတွေကို လည်း အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နည်းတူ စောင့်ရှောက်ဖို့ လိုပါမယ်။

    ဒီတစ်ခေါက်တော့ ကျန်းမာရေးရဲ့ ပြတင်းပေါက်ဖြစ်သလို အလှတိုးစေမယ့် ခြေသည်းလက်သည်းလေးတွေ ကျန်းမာစေဖို့ ဘယ်လိုစောင့်ရှောက်မှုတွေ ပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    ခြေသည်းလက်သည်းလေးတွေ က နေမကောင်းဖြစ်တတ်လား။

    ခြေသည်းလက်သည်းလေးတွေ ကလည်း အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ နာမကျန်းဖြစ်တတ်ပါတယ်။ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာတွေ၊ လက်သည်းနီစတာတွေအပြင် အခြားသော ဓာတုပစ္စည်းတွေက လက်သည်းခြေသည်းတွေကို နာမကျန်းဖြစ်စေနိုင်ပါတယ်။

    လက်သည်းခြေသည်းတွေက မကျန်းမမာဖြစ်နေမယ်ဆိုရင်

    • လက်သည်းခြေသည်းလေးတွေ အရောင်က ပန်းသွေးရောင်မဟုတ်ဘဲ ပြာနေတာ၊ ညိုနေတာ
    • လက်သည်းမှာ အဖြူစက်လေးတွေဖြစ်နေတာ
    • အစင်းကြောင်းလေးတွေ ပေါ်နေတာ
    • လက်သည်းတွေ ကြွပ်ဆတ်နေတာ
    • လက်သည်းခြေသည်းမှိုပိုးဝင်တာ
    • လက်သည်းခြေသည်းတွေ ပဲ့တာတွေခံစားရနိုင်ပါတယ်။

    ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

    ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။ လက်သည်းခြေသည်းလေးတွေ ကျန်းမာစေဖို့ဆိုရင်

    အာဟာရပြည့်ဝအောင် စားပါ။

    ခန္ဓာကိုယ် အခြားအစိတ်အပိုင်းတွေအတွက်တင် အာဟာရကို လိုတာမဟုတ်ပါဘူး။ လက်သည်းခြေသည်းတွေကလည်း အာဟာရပြည့်ဝစွာရရှိဖို့ လိုပါမယ်။ ဒါကြောင့် လက်သည်းခြေသည်းလေးတွေ ကျန်းမာစေဖို့ဆိုရင်

    • ထောပတ်သီး – လက်သည်းတွေ ကြွပ်ဆတ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးသလို လက်သည်းရဲ့ အရောင်အသွေးတောက်ပမှုအတွက်လည်း အားဖြည့်ပေးပါတယ်။ လက်သည်းခြောက်သွေ့မှုကင်းပြီး ပန်းရောင်သွေးသန်းစေမှာပါ။
    • ငါး – ငါးမှာပါဝင်တဲ့ ပရိုတင်းဓာတ်တစ်မျိုးက ခြေသည်းလက်သည်းတွေကျန်းမာဖို့ အတော်လေးအထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆယ်လ်မွန်ငါး၊ တူနာငါး၊ ပုဇွန်၊ ဂဏန်းလိုမျိုး ပင်လယ်စာတွေကို တစ်ပတ် ၃ ကြိမ်လောက်စားပေးပါ။ အသားထက် ငါးများများစားပေးပါ။
    • ဥအမျိုးမျိုး – ဥအမျိုးမျိုးမှာပါဝင်နေတဲ့ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ဗီတာမင် E၊ သံဓာတ် နဲ့ ဘိုင်အိုတင်လိုမျိုး ဗီတာမင်တွေက ခြေသည်းလက်သည်းတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ခြေသည်းလက်သည်းတွေကျိုးတာ၊ အက်တာမျိုးတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
    • ပဲအမျိုးမျိုး – ပဲတွေမှာလည်း ခြေသည်းလက်သည်းတွေ ကျန်းမာဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ ဘိုင်အိုတင်၊ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဗီတာမင် B၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ်၊ copper၊ phosphorous နဲ့ ဗီတာမင် K တို့ပါဝင်ပါတယ်။  လက်သည်းတွေ ကျိုးပဲ့လွယ်မှုကင်းဝေးစေပါတယ်။
    • ကွေကာအုတ် ကွေကာအုတ်မှာ အရိုးနဲ့ ခြေသည်းလက်သည်းတွေ ကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Copper နဲ့ ဇင့်  ဗီတာမင် B၊ မဂ္ဂနိစ်၊ ဆီလီကွန်တို့ပါဝင်နေတာကြောင့် ကျန်းမာသန်စွမ်းတဲ့ ခြေသည်းလက်သည်းလေးတွေ ပိုင်ဆိုင်စေဖို့အတွက် စားသုံးပေးသင့်ပါတယ်။
    • နေကြာစေ့ -နေကြာစေ့မှာ မဂ္ဂနီဆီယမ်၊ ဗီတာမင် E ပါဝင်နေတာကြောင့် ခြေသည်းလက်သည်းလေးတွေကို အာဟာရပြည့်ဝစေပြီး ကျန်းမာလှပနေစေမှာပါ။
    • ဖရုံစေ့ -ဇင့် ပါဝင်နေတာကြောင့် အသားအရေနဲ့ နှုတ်ခမ်းသားခြောက်သွေ့တာ၊ လက်သည်းမှာ အဖြူစက်လေးတွေဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။
    • ဟင်းနုနွယ် – ပရိုတင်းဓာတ်၊ သံဓာတ်၊ ဗီတာမင် E၊ မဂ္ဂနီဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့ပါဝင်နေတာကြောင့် ကျန်းမာတဲ့ခြေသည်းလက်သည်းလေးတွေပိုင်ဆိုင်လိုသူတွေအနေနဲ့ မဖြစ်မနေစားသုံးပေးသင့်တဲ့ စားစရာတစ်ခုပါ။

    ပုံမှန် သန့်ရှင်းရေးလုပ်ပါ။

    တစ်ကိုယ်ရေကျန်းမာရေး စောင့်ရှောက်တဲ့အခါ လက်သည်းခြေသည်းကိုလည်း မေ့မထားသင့်ပါဘူး။ ဒါကြောင့် လက်သည်းခြေသည်းလေးတွေ ကျန်းမာသန့်စင်စေဖို့အတွက်

    • သံပုရာရည် – အကောင်းဆုံးသော လက်သည်းသန့်ဆေးတစ်ခုပေါ့။ လက်သည်းတွေမှာ ကပ်ငြိနေတဲ့ မှိုနဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်မှာပါ။
    • Rose water – လက်သည်းခြေသည်းလေးတွေကိုထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်သလို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ လက်သည်းလေးတွေကို သန့်စင်ပြီးတိုင်း Rose Waterလေး သေချာလူးပေးပါ။
    • သခွားသီး – လက်သည်းတွေအတွက် သင့်တော်တဲ့ သဘာဝပစ္စည်းလေးတစ်ခုပေါ့။ သခွားသီးကို ပါးပါးလေးလှီးပြီး လက်သည်းလေးတွေပေါ်မှာ ကပ်ထားပေးပါ။ အရည်စွတ်ပေးလို့လည်းရပါတယ်။

    ဆီလိမ်းပေးပါ

    လက်သည်းတွေ ကျန်းမာစေဖို့ဆိုရင် အာဟာရပြည့်ဝအောင်စားတာ၊ သန့်စင်မှုတွေလုပ်တာအပြင် လက်သည်းကို အာဟာရဖြည့်တဲ့အနေနဲ့ ဆီလိမ်းပေးတာမျိုး လုပ်သင့်ပါတယ်။

    • ဗီတာမင် E – ဗီတာမင် E ကလက်သည်းတွေကျန်းမာဖို့ လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ လက်သည်းတွေကိုသွေးလည်ပတ်မှု‌ကောင်းစေပြီး လက်သည်းတွေကိုအောက်ဆီဂျင် ရရှိစေဖို့ အထောက်အပံ့ပေးပါတယ်။
    • သံလွင်ဆီ – အာဟာရဖြည့်ပေးတဲ့ အဆီတစ်မျိုးပါ။ လက်သည်းတွေကို ကျန်းမာတောက်ပစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ အစိုဓာတ်လည်းထိန်းပေးနိုင်ပါတယ်။
    • အုန်းဆီ – လက်သည်းခြေသည်းတွေကို အစိုဓာတ်ထိန်းပေးပြီး ကျန်းမာလှပစေမှာပါ။ ကျိုးပဲ့တာ၊ ခြောက်သွေ့တာတွေ ကင်းစေပါတယ်။

    ဒါတွေ မလုပ်မိပါစေနဲ့။

    လက်သည်းခြေသည်းလေးတွေကျန်းမာစေချင်တယ်ဆိုရင် ဒါတွေကိုတော့ မလုပ်ဖြစ်အောင်ရှောင်ပါ။
    လက်သည်းမကိုက်ပါနဲ့ – ဒီအလေ့အကျင့်က လက်သည်းတွေကို ထိခိုက်ပျက်စီးစေတဲ့ အကျင့်ဆိုးတစ်ခုပါ။ ဘက်တီးရီးယား၊ မှိုပိုးနဲ့ အခြားသောရောဂါပိုးတွေ ဝင်ရောက်ဖို့ လမ်းဖွင့်ပေးသလိုဖြစ်နေပါတယ်။ ဒါကြောင့် လက်သည်းတွေကိုမကိုက်ပါနဲ့။
    အတွင်းနှိုက်ပြီးမညှပ်ပါနဲ့ – လက်သည်းခြေသည်းတွေကို အတွင်းနှိုက်ပြီးညှပ်တာက ခြေစွယ်လက်စွယ်ငုတ်စေနိုင်သလို ပိုးဝင်ကူးစက်နိုင်ခြေလည်းများစေပါတယ်။ ဒါကြောင့် ခြေသည်းလက်သည်းတွေကို အတွင်းထိနှိုက်ပြီး ညှပ်တာမျိုးမလုပ်ပါနဲ့။
    လက်သည်းတွေကို ဆွဲမခွာပါနဲ့ – လက်သည်းညှပ်တဲ့အခါ လုံးဝပြီးဆုံးတဲ့အထိညှပ်လိုက်ပါ။ ဒီလိုမဟုတ်ဘဲ လက်သည်းထောင့်တစ်ဖက်ကိုချန်ထားပြီး ဆွဲခွာတာမျိုးမလုပ်ပါနဲ့။ လက်သည်းကို ထိခိုက်စေနိုင်တာကြောင့်ပါ။
    စိတ်ဖိစီးမှုကို သိမ်းမထားပါနဲ့ – စိတ်ဖိစီးမှုကြောင့် လက်သည်းမှာ အစင်းကြောင်းတွေဖြစ်လာနိုင်ပါတယ်။ လက်သည်းကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ် ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှဖြေလျှော့ပါ။

    Takeaways

    ခြေသည်းလက်သည်းလေးတွေ ကျန်းမာစေဖို့ နေထိုင်စားသောက်မှုပုံစံတွေကို သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ ကျန်းမာရေးအတွက် အရေးပါတဲ့ ခြေသည်းလက်သည်းလေးတွေ ကျန်းမာစေဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လိုက်နာ လုပ်ဆောင်စေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 31/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement