backup og meta

ဘေဘီလေးတွေ ခြေစွယ်ငုပ်တဲ့အခါ


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေ ခြေစွယ်ငုပ်တဲ့အခါ

    ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ခြေသည်းလေးတွေကို ပုံမှန် ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဘေဘီလေးတွေအရွယ်က ဘာဖြစ်နေတယ်ဆိုတာကို ပြောဖို့ နေနေသာသာ အမူအရာနဲ့တောင် ဖော်ပြနိုင်သေးတာ မဟုတ်တာကြောင့် မေမေဖေဖေတို့က သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဘေဘီလေးတွေက ခြေသည်းတွေ အရှည်မြန်ကြတာကြောင့် ခြေသည်းလေးတွေကို သေချာဂရုစိုက်ပေးတာက ဘေဘီလေးတွေကို နာကျင်တဲ့ ခြေစွယ်ငုပ်တဲ့ ပြဿနာကနေ ကာကွယ်ရော ရောက်ပါတယ်။

    ဘေဘီလေးက ခြေစွယ်ငုပ်နေတာလား……….

    ဘေဘီလေးတွေက လှုပ်ရှားမှု မရှိသေးပေမယ့် ခြေမခြေသည်းမှာ ခြေစွယ်ငုပ်တာကို ခံစားရနိုင်ပါတယ်။ ခြေစွယ်ငုပ်တယ်ဆိုတာ ခြေသည်းအစွန်းလေးတွေက အသားထဲကို နစ်ဝင်နေတာမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ ဘေဘီလေးရဲ့

    • ခြေမတစ်ဝိုက်က နီရဲနေမယ်
    • ရောင်ရမ်းနေမယ်
    • ပြည်လိုအရည်တွေထွက်နေမယ်
    • ထိလိုက်တိုင်း ကလေးက ငိုမယ် ဆိုရင် ဘေဘီလေးက ခြေစွယ်ငုပ်နေတာပါ။

    ဘာတွေကများ ဘေဘီလေးကို ခြေစွယ်ငုပ်စေတာလဲ…………

    ဘေဘီလေးတွေမှာ ခြေစွယ်ငုပ်စေတဲ့ အကြောင်းအရင်းက

  • ခြေသည်း ရှည်နေတာ
  • ခြေသည်းက ကုပ်နေတာ
  • ဖိနပ်ကြပ်ကြပ်စီးတာ
  • ခြေသည်းကို အတွင်းနှိုက် ညှပ်ပေးမိတာ
  • ခြေထောက် ထိခိုက်မိတာ
  • ခြေထောက်ပေါ်မှာ ဖိအားများနေတာ
  • ပိုးဝင် ကူးစက်တာတွေကြောင့် ခြေစွယ်ငုပ်နိုင်ပါတယ်။
  • ခြေစွယ်ငုပ်နေတာကို သက်သာစေဖို့

    ဘေဘီလေးတွေက ခြေစွယ်ငုပ်နေတဲ့အခါ တော်တော်လေး နာနေနိုင်ပါတယ်။ ဒီပြဿနာကို သက်သာစေဖို့ဆိုရင်

    ခြေထောက်ကို ရေနွေးနွေးလေး စိမ်ပေးပါ

    ဘေဘီလေးက ခြေစွယ်ငုပ်နေတဲ့အခါ ခြေစွယ်ငုပ်နေတဲ့ ခြေထောက်လေးကို ရေနွေးနွေးလေးထဲ စိမ်ပေးပါ။ ရေနွေးနွေးလေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ စိမ်ပေးထားတာက ဘေဘီလေးကို ခြေစွယ်ငုပ်တာ သက်သာစေမှာပါ။ ရေနွေး အရမ်းမပူစေဖို့ သတိထားသင့်ပါတယ်။

    နှိပ်ပေးပါ

    ရေနွေးစိမ်ပြီးတဲ့အခါ ခြေထောက်ကို ရေခြောက်အောင် သုတ်ပေးပြီး ခြေမရဲ့ ပတ်ပတ်လည်ကို လက်ချောင်းလေးတွေ သုံးလို့ ခပ်ဖွဖွလေး နှိပ်ပေးပါ။ ဒီလို လုပ်ပေးတာက ငုပ်နေတဲ့ ခြေစွယ်ကို ပုံစံမှန်သွားစေဖို့ အကူအညီပေးနိုင်ပါတယ်။ ကလေးက ခြေစွယ်ငုပ်တာ နည်းနည်း သက်သာလာတဲ့အခါ ခြေသည်းလေးကို သေချာလေး ပုံစံချပေးတာမျိုး လုပ်ပေးပါ။

    antibiotic cream လိမ်းပေးပါ

    ဘေဘီလေး ခြေစွယ်ငုပ်တဲ့အခါ ခြေစွယ်ငုပ်တာကို သက်သာစေဖို့နဲ့ ပိုးဝင် ကူးစက်တာမျိုး မဖြစ်စေဖို့ ခြေစွယ်ငုပ်တဲ့နေရာကို antibiotic cream တစ်ခုခု လိမ်းပေးပါ။ ဘေဘီလေးရဲ့ ပါးစပ်ထဲကို ဆေးတွေဝင်တာမျိုး မဖြစ်စေဖို့ အိပ်ချိန်မှာသာ ကလေးကို ဆေးလိမ်းပေးပါ

    ခြေစွယ်ငုပ်တဲ့နေရာကို ဂရုစိုက်ပေးပါ

    ခြေစွယ်ငုပ်တဲ့အခါ ခြေစွယ်ငုပ်နေတဲ့နေရာကို ပတ်တီး ခပ်ဖွဖွလေး စည်းပေးထားတာ ချည်သား ခြေအိတ် ပွပွချောင်ချောင်လေး ဝတ်ပေးထားတာ မျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်ရာ ရောက်သလို ခဏခဏထိမိတာ ဖိမိတာမျိုး မဖြစ်စေဘဲ မြန်မြန် သက်သာစေဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ်။

    ရေနွေးဝတ် ကပ်ပေးပါ

    ဘေဘီလေးကို ခြေစွယ်ငုပ်တာ သက်သာစေဖို့ လုပ်လို့ရတဲ့ နောက်တစ်နည်းက တဘက်စလေးကို ရေနွေးစိမ်ပြီး ကပ်ပေးတာက ဒါက ပြည်တွေရှိနေရင်လည်း သက်သာစေနိုင်သလို အနာသက်သာစေဖို့လည်း အထောက်အကူ ပြုပေးပါတယ်။

    ဘယ်လို ကာကွယ်ရမလဲ………

    ဘေဘီလေးကို ခြေစွယ် မငုပ်စေဖို့ဆိုရင်

    • ခြေသည်းညှပ်ပေးတဲ့အခါ အတွင်းထဲကို နှိုက်ညှပ်တာမျိုး မလုပ်ပါနဲ့ လေးထောင့်တိတိလေးပဲ ညှပ်ပေးပါ။
    • ဖိနပ်ကြပ်ကြပ်တွေ ပေးမစီးပါနဲ့။
    • ခြေသည်းညှပ်တဲ့အခါ ကပ်ကြေးကို မသုံးပါနဲ့။ လက်သည်းညှပ်ကိုပဲ သုံးပါ။
    • ဘေဘီလေးအတွက် လက်သည်းညှပ် သီးသန့်ထားပါ။
    • ခြေသည်းကို ပုံမှန် ညှပ်ပေးပါ။
    • ခြေသည်း အစွန်းလေးတွေကို သေချာ တိပေးပါ။
    • ကလေးရဲ့ ဖိနပ်ဆိုဒ်ကို ဂရုစိုက်ပါ။
    • ကလေးကို အိပ်နေစဉ်မှာပဲ ခြေသည်းညှပ်ပါ။ (ကလေးက အငြိမ်မနေတဲ့အခါ မတော်တဆ ထိခိုက်တာကြောင့် ခြေစွယ်ငုပ်နိုင်တာကြောင့်ပါ)

    ကဲ… ဘေဘီလေးကို ခြေစွယ်ငုပ်တာကြောင့် နာကျင်မှု ကင်းအောင် ဂရုစိုက်လိုက်ပါ မေမေတို့ရေ………..

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement