ခါးထုံဆေးသုံး မီးဖွားခြင်း၏ အကျိုးကျေးဇူးနှင့် အန္တရာယ်များ

    ခါးထုံဆေးသုံး မီးဖွားခြင်း၏ အကျိုးကျေးဇူးနှင့် အန္တရာယ်များ

    ကိုယ်ဝန်ရှိနေတဲ့ မိခင်တစ်ယောက်အတွက် ကလေးမွေးစဉ်မှာ နာကျင်မှုသက်သာစေတဲ့ နည်းလမ်းတွေ အမြောက်အမြား ရှိကြပါတယ်။ အခုခေတ်မှာ အများဆုံးအသုံးပြုကြတဲ့နည်းလမ်းကတော့ အစွမ်းထက်ပြီး လူသက်သာတဲ့ epidural anaesthesia (ခါးထုံဆေး) ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆေးကို လူတိုင်းမှာ အသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် မိခင်တိုင်းဟာ ဒီနည်းလမ်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိရှိနားလည်ဖို့ အရေးကြီးပါတယ်။

    ခါးထုံဆေး (epidural) ဆိုတာဘာလဲ။

    ခါးထုံဆေး ဟာ ကလေးမွေးစဉ်မှာ မိခင်ရဲ့ ကျောရိုးမှာရှိတဲ့ epidural space (ကျောရိုးဆစ်အာရုံကြောကို ဖုံးအုပ်ထားသောအလွှာ dura mater နှင့် ကျောရိုးဆစ် ကြားနေရာ ) အတွင်းကို ထိုးဆေးရတဲ့ ထုံဆေးဖြစ်ပြီး နာကျင်မှုကို သက်သာစေဖု့ိ သုံးတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ခါးထုံဆေးဟာ ကိုကိန်း က ထုတ်ထားတဲ့ ဆေးတစ်မျိုး ဖြစ်ပြီး အမျိုးသမီးကိုယ်ခန္ဓါအတွင်း ဝင်ရောက်ပြီး ကျောရိုးမကို ထုံစေကာ နာကျင်မှုတွေကို ဦးနှောက်ကို ပို့ပေးခြင်းကို တားမြစ်ပေးပါတယ်။ တစ်ကိုယ်လုံးကို ထုံသွားမယ့်အစား ခါးထုံဆေး ဟာ ထိုးထားတဲ့နေရာ အနီးတစ်ဝိုက် ကိုယ်ခန္ဓါ အောက်ပိုင်းမှာပဲ ထုံခြင်းကို ဖြစ်ပေါ်စေပြီး မိခင်ဟာ ကလေးမွေးတဲ့ အချိန်မှာ လုံးဝ သတိရှိနေမှာ ဖြစ်ပါတယ်။

    အမျိုးသမီးတွေဟာ ခါးထုံဆေး ကို လိုချင်တဲ့အချိန် ရနိုင်ပေမယ့် များသောအားဖြင့် ကလေးမွေးတဲ့အချိန် သားအိမ်ခေါင်း ၄-၅ စင်တီမီတာ ပွင့်နေချိန်မှာသာ အသုံးပြုကြပါတယ်။

    ခါးထုံဆေး အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ

    ခါးထုံဆေး ဟာ အခြားဆေးတွေနဲု့ယှဉ်ရင် နာကျင်မှု သက်သာစေတဲ့ အစွမ်းအထက်ဆုံးဆေးတစ်မျိုး ဖြစ်ပါတယ်။ အခြားဆေးတွေ အသုံးပြုတဲ့ အမျိုးသမီး ၁၀၀ မှာ ၂၈ ယောက်ဟာ ပထမတစ်ကြိမ်သုံးပြီး ဒုတိယ၊ တတိယ အကြိမ် ထပ်မံလိုအပ်နိုင်ပေမယ့် ခါးထုံဆေးကို အသုံးပြုတဲ့ အမျိုးသမီး အယောက် ၁၀၀ မှာ ၁ ယောက်ကသာလျှင် ခါးထုံဆေး နောက်တစ်ကြိမ် ထိုးဖို့ ထပ်လိုအပ်နိုင်ပါတယ်။

    ခါးထုံဆေး ဟာ ကိုယ်ခန္ဓါအောက်ပိုင်းကိုသာ ထုံသွားစေတာမို့ မိခင်ဟာ ကလေးမွေးနေစဉ်အတွင်း သတိရှိနိုင်ပါတယ်။ ဒါကြောင့် သူမဟာ အသက်ရှူနည်း (သို့) အခြား သက်တောင့်သက်သာ ဖြစ်စေတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

    အမျိုးသမီးတွေဟာ နာကျင်မှုကို မခံစားရတာကြောင့် သူမ ပင်ပန်းချိန်မှာ အနားယူနိုင်ပြီး ကလေးကို တွန်းထုတ်ဖို့ အားအင် ပိုမိုရရှိနိုင်ပါတယ်။

    မိခင်ဟာ ကလေးမွေးချိန်မှာ နာကျင်မှု ပြင်းထန်စွာ ခံစားရတဲ့အတွက် ကိုယ်ခန္ဓါက စိတ်ဖိစီးမှုကြောင့်ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေ ဖြစ်တဲ့ epinephrine နဲ့ norepinephrine တွေကို ထုတ်ပေးပြီး သူတို့က သားအိမ်ညှစ်ခြင်းကို တားမြစ်ကာ ကလေးငယ်ကျန်းမာရေးကို သက်ရောက်မှု ရှိစေပြီး ကလေးမွေးချိန်ကို ပိုကြာစေပါတယ်။ ခါးထုံဆေးက မိခင်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု၊ မောပန်းမှု တွေကို သက်သာစေပြီး ကလေးမွေးတဲ့ ဖြစ်စဉ်ကို ပိုမို မြန်ဆန်စေကာ မိခင်ရော ကလေးအတွက်ပါ ကောင်းမွန်တဲ့ အတွေ့အကြုံကို ပေးမှာ ဖြစ်ပါတယ်။

    ခါးထုံဆေး ရဲ့ ဆိုးကျိုးများ

    မိခင်ဟာ ခါးထုံဆေး ပမာဏများများ အသုံးပြုလေလေ ဆေးရဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ခံစားရလေလေ ဖြစ်နိုင်ပါတယ်။

    • နောက်ပိုင်းမှာ ပျို့ခြင်း၊ ခေါင်းမူးခြင်းကို ဖြစ်စေတဲ့ သွေးပေါင် ရုတ်တရက် ကျဆင်းခြင်း
    • ဖျားခြင်း (ခါးထုံဆေး အသုံးပြုတဲ့ အမျိုးသမီးတွေဟာ အခြား နာကျင်မှုသက်သာဆေးတွေ အသုံးပြုသူတွေထက် ပိုမို ဖျားနာတတ်ပါတယ်)
    • ဆီးသွားရခက်ခြင်း
    • ရက်အနည်းငယ် ကြာအောင် ခေါင်း အပြင်းအထန် ကိုက်ခြင်း (ထိုးဆေးဟာ သိပ်နက်သွားရင် ဦးနှောက်ရည်ကြည် တွေ ယိုစိမ့်တာကြောင့် ဖြစ်နိုင်ပါတယ်)
    • ကလေးမွေးချိန်ကြာခြင်း
    • မိန်းမကိုယ်အင်္ဂါတစ်ဝိုက် စုတ်ပြဲနိုင်ခြင်း၊ ဗိုက်ခွဲမွေးရနိုင်ခြင်း
    • ကလေးနှလုံးခုန်နှုန်း ကျဆင်းခြင်း

    ထုံဆေး ကို ဓါတ်မတည့်သူ (သို့) သွေးခဲမှု ပြဿနာရှိသူတွေဟာ ခါးထုံဆေး(epidural anaesthesia) တွေကို အသုံးမပြုသင့်ပါဘူး။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Pregnancy and birth: Epidurals and painkillers for labor pain relief https://www.ncbi.nlm.nih.gov/pubmedhealth/PMH0072751/

    Accessed December 15, 2016
    Natural childbirth V: epidural side effects and risks https://chriskresser.com/natural-childbirth-v-epidural-side-effects-and-risks/

    Accessed December 15, 2016

    စာရေးသူ ဓာတ်ပုံbadge
    Dr . Phyu Mon Latt မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။