သားအိမ်ခေါင်းအကျယ်ဟာ ၁၀ စင်တီမီတာအထိ အပြည့်အဝ ပွင့်သွားပြီဆိုရင်တော့ ဒုတိယအဆင့်ကို ရောက်ပါပြီ။ ဒီအချိန်ကစပြီး ရင်သွေးလေး အပြင်သို့ ရောက်ရှိ မွေးဖွားလာချိန်ထိကို ဒုတိယအဆင့်လို့ ခေါ်ပါတယ်။ ယေဘုယျအားဖြင့် နှစ်နာရီဝန်းကျင် ကြာမြင့်တတ်ပါတယ်။ သားအိမ်ညှစ်တဲ့ပုံစံက ပထမအဆင့်နဲ့ ပုံစံနည်းနည်း ကွဲသွားပါပြီ။
၂ – ၅ မိနစ်ခြား တစ်ခါလောက် ညှစ်မှာဖြစ်ပြီး တစ်ခါညှစ်ရင် ၁မိနစ်ခွဲလောက် ကြာတတ်ပါတယ်။ သားအိမ်ညှစ်ချိန်မှာ သင်ကိုယ်တိုင်လည်း အားစိုက်ညှစ်ရမှာဖြစ်ပြီး သားအိမ်မညှစ်တဲ့ ကြားကာလအချိန်တွေမှာ နားရပါမယ်။ ဘေးနားက သူနာပြု၊ ဆရာဝန်တွေကလည်း သင့်ကို အချိန်ကိုက်ညှစ်ဖို့ အော်ဟစ်အားပေး ညွှန်ကြားနေမှာပါ။
နာကျင်မှုကို သက်သာဖို့အတွက် ဆေးဝါးတွေ အသုံးပြုနိုင်သလို မွေးလမ်းကြောင်းချဲ့ခြင်းကိုလည်း ပြုလုပ်လေ့ရှိပါတယ်။ အထူးသဖြင့် သားဦးမွေးတဲ့ မိခင်တွေမှာ အများဆုံး ပြုလုပ်ပါတယ်။ မွေးလမ်းကြောင်းချဲ့ခြင်းဆိုတာကတော့ စအိုနဲ့ ယောနိကြားက နေရာလေးကို အထူးစီမံထားတဲ့ ကတ်ကြေးလေးနဲ့ ညှပ်ပြီး မွေးလမ်းကြောင်း (ယောနိ)ကျယ်လာအောင် ညှပ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီလို ညှပ်ပေးခြင်းအားဖြင့် ကလေးမွေးဖို့ ပိုမိုလွယ်ကူစေသလို မွေးလမ်းကြောင်း စုတ်ပြဲ၊အနာတရ ဖြစ်ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒီနောက်မှာတော့ ကလေးခေါင်းတဖြည်းဖြည်း ဆင်းလာပြီး မွေးလမ်းကြောင်းမှတဆင့် မိခင်ရဲ့ ခန္ဓာကိုယ်အပြင်ဖက်ကို ရောက်ရှိမွေးဖွားလာပါလိမ့်မယ်။ ပြီးရင် ချက်ကြိုးဖြတ်ရပါမယ်။

မီးဖွားခြင်း တတိယအဆင့်
ကလေးထွက်သွားပြီးတာတောင် မပြီးသေးဘူးလားလို့ အပြောမစောပါနဲ့ဦး။ ခုနက ဖြတ်လိုက်တာ ချက်ကြိုးပါ။ ချက်ကြိုးနဲ့ ဆက်သွယ်ထားတဲ့ အချင်းတစ်ခုလုံး မိခင်ရဲ့ သားအိမ်ထဲက ထွက်လာအောင် ဆက်စောင့်ရပါမယ်။ ပုံမှန်အားဖြင့်တော့ ကလေးမွေးပြီးပြီးချင်း ချက်ချင်းဆိုသလိုပဲ အချင်းလည်း ကွာကျပြီး အပြင်ထွက်လာလေ့ရှိပါတယ်။ ဒီအဆင့်က အတိုဆုံးဖြစ်ပြီး မိနစ်အနည်းငယ်ကနေ မိနစ်၂၀လောက်ထိပဲ ကြာမြင့်တတ်သလို နာကျင်ခြင်းလည်း မရှိသလောက်ပါပဲ။ ခုနက ဒုတိယအဆင့်မှာ မွေးလမ်းကြောင်း ချဲ့ထားခဲ့ရင်တော့ ပြန်ချုပ်ဖို့ လိုပါတယ်။
ဒါဆိုရင် မီးဖွားခြင်းအမှု ပြီးမြောက်ပါပြီ။
Takeaways
အထက်မှာ ဖော်ပြခဲ့တဲ့ အချက်လေးတွေဟာ ဆေးပညာရှင်မဟုတ်သူ ပြည်သူလူထုတွေ အလွယ်တကူ နားလည်နိုင်အောင် ရိုးရိုးရှင်းရှင်း ရေးသားထားတာဖြစ်ပြီး ဒီကြားထဲမှာ ပြဿနာတွေ အများကြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ ဥပမာ သားအိမ်ညှစ်သော်လည်း သားအိမ်ခေါင်းက ကျယ်မလာတာ၊ သားအိမ်ခေါင်းပွင့်လာ၊ကျယ်လာသော်လည်း ကလေးခေါင်း ဆင်းမလာတာ၊ ကလေးမွေးလိုက်နိုင်ပေမယ့် အချင်းကွာမကျတာ၊ သွေးအရမ်းသွန်တာ စသဖြင့် အများကြီးပါပဲ။
ဒါကြောင့် မိခင်လောင်း၊ ဖခင်လောင်းတွေ အပါအဝင် စာဖတ်သူအားလုံးအနေနဲ့ မီးဖွားခြင်း ဖြစ်စဉ်အကြောင်းကို အကြမ်းဖြင်းသိရှိထားခြင်းအားဖြင့် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လာရပြီဆိုရင် အခြေအနေကို ပိုမိုနားလည်သဘောပေါက်ကာ ဆရာဝန်၊ ဆရာမတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်တာမို့ မိခင်နဲ့ကလေးအတွက် ကောင်းကျိုးများစွာ ဖြစ်ထွန်းစေမယ့်အကြောင်း မျှဝေပေးလိုက်ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။