home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်တတိယ၃လ နဲ့ Due Dateအကြောင်း

ကိုယ်ဝန်တတိယ၃လ နဲ့ Due Dateအကြောင်း

ရှေ့က ဆောင်းပါးတွေမှာ 1st Trimester နဲ့ 2nd trimester အကြောင်းရေးပြီးပြီဆိုတော့ ခုတစ်ခေါက် နောက်ဆုံး အလှည့်ကျလာသူတွေကတော့ 3rd Trimester ( ကိုယ်ဝန်တတိယ၃လ) နဲ့ မီးဖွားမယ့်ရက် Due Dateတို့ အကြောင်းပဲ ဖြစ်ပါတယ်။

3rd Trimester ဟာ ၂၈ ပတ်နောက်ပိုင်းကနေပြီး ကလေး မွေးဖွားတဲ့ အချိန်အထိကိုဆိုလိုတဲ့ ကာလတစ်ခုပါ။ ဒီကာလအတွင်းမှာလည်း ပြောင်းလဲမှုတွေ အများကြီးရှိနေပါတယ်။ မီးဖွားဖို့အတွက် မေမေတို့ ကိုယ်ခန္ဓာက ပြင်ဆင်နေသလို လူ့လောကထဲကို ထွက်လာဖို့အတွက် ကလေးဘက်ကလည်း အများကြီးပြင်ဆင်နေတဲ့အချိန်ပါ။

ကိုယ်ဝန်တတိယ၃လ တွင် မိခင်ရဲ့ ပြောင်းလဲမှု

  • ကိုယ်ဝန်လည်း လရင့်လာပြီ မီးဖွားခါနီးပြီလည်းဆိုတော့ ဗိုက်လေးက တော်တော်ကို ရုပ်လုံးပေါ်နေပါပြီ။
  • တစ်ချက်တစ်ချက် ကလေးကန်တာကို ခံစားရတတ်သလို
  • မိန်းမကိုယ်ကနေ အဖြူဆင်းတာတွေလည်း များနေတတ်ပြီး
  • ခါးတွေ၊ ဆီးစပ်တွေ လည်း တစ်ချက်ချက် ကိုက်ခဲနေတတ်ပါတယ်။
  • ဆီးလည်း ခဏခဏ သွားချင်နေမှာဖြစ်ပြီး ခြေလက်တွေ ဖောရောင်နေတတ်ပါတယ်။

ကိုယ်ဝန်တတိယ၃လ တွင် ကလေးရဲ့ ပြောင်းလဲမှု

  • ကိုယ်ဝန်တတိယ၃လ ထဲကို ဝင်လာပြီဆိုတာနဲ့ ကလေးက တော်တော်လေးကို ကြီးလာပြီး သူနေရတဲ့ နေရာလေးဟာ ကျဉ်းလာပါတယ်။
  • ကိုယ်ဝန် ၇လ၊ ၈ လ လောက်ဆို ကလေးမှာရှိတဲ့ အရိုးနုကနေ အရိုးအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဦးနှောက်ကလည်း လျင်မြန်တဲ့နှုန်းနဲ့ ကြီးထွားလာပါတယ်။
  • ၂၉ ပတ်ကနေ အပတ် ၃၀ လောက်မှာတော့ ကလေးရဲ့ အာရုံခံဧရိယာတွေ အပြည့်အစုံ ဖွံဖြိုးမှာဖြစ်ပြီး
  • ကိုယ်ဝန်ပတ် ၃၂ ပတ်လောက်မှာတော့ ဆံပင်တွေ၊ လက်သည်းတွေ စတင်ဖွံ့ဖြိုးလာမှာပါ။
  • မွေးခါနီး ကလေးရဲ့ ပထမဆုံး ဝမ်းဖြစ်လာမယ့် meconium ဟာ ကလေးအူထဲမှာ စတင်စုလာပါတယ်။

ဒီ ကိုယ်ဝန်တတိယ၃လ ကို ရောက်ပြီဆိုတာနဲ့ သားဖွားမီးယပ်ဆရာဝန်ဆီ ခပ်စိပ်စိပ်သွားပြဖို့ လိုနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်တတိယ၃လ မှာ သင့် ဆီးတွင်းမှာပါတဲ့ ပရိုတင်းပမာဏ၊ သွေးပေါင်ချိန်၊ ကလေးနှလုံးခုန်နှုန်း၊ သားအိမ်အကျယ်နဲ့ ခြေတွေလက်တွေမှာ ဖောင်ရောင်တဲ့ အဆင့်ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်တတိယ၃လ နဲ့ Due Dateအကြောင်း

ဒါ့အပြင် ဗိုက်ထဲက ကလေး ခေါင်းနဲ့ ဖွားမှာလား၊ ဆုံပိုင်းနဲ့ ဖွားမှာလား၊ ခြေထောက်နဲ့လား၊ လက်နဲ့လားအပြင် သားအိမ်ခေါင်း အခြေအနေ ဘယ်လိုရှိလဲဆိုတာကိုလည်း ဆရာဝန်က စမ်းသပ်ပေးဦးမှာပါ။ ကိုယ်ဝန်ပတ် ၃၅ပတ်ကနေ ၃၇ ပတ်လောက်ဆိုရင် မိန်းမကိုယ်ကနေ အကျိအချွဲလေးတွေကို ယူပြီး မွေးလာမယ့် ကလေးကို ဒုက္ခပေးနိုင်မယ့် Group B streptococcus ဘက်တီးရီးယား ပိုးဝင်နေလားဆိုတာကို စစ်ဆေးရဦးမှာပါ။ တကယ်လို့ ပိုးဝင်နေခဲ့ရင် မီးမဖွားခင် ကြိုပြီး ဆေးကုသမှုခံယူထားမှ ကလေးဆီမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေ နည်းသွားမှာပါ။

ကိုယ်ဝန်တတိယ၃လ ကို ရောက်လာပြီဆိုရင်တော့ ခရီးဝေးမသွားဖို့ အကြံပေးချင်ပါတယ်။ မီးဖွားခါနီးကျ အဆင့်သင့်ဖြစ်နေအောင် ကြိုပြင်ထားသင့်ပါတယ်။ ဆေးရုံတက်ဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေ စုဆေင်းထားရမယ့် အချိန်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ကလည်း ရင့်လာပြီ ဖြစ်တာကြောင့် ရိုးရိုးမွေးမလား၊ ခွဲမွေးမလားဆိုတာကို ဆုံးဖြတ်ရမယ့် အချိန်လည်းဖြစ်ပါတယ်။ ကြိုပြီး စဉ်းစားထားမှသာ မွေးမယ့်ရက် ကပ်လာမှ အကုန်လုံး ပြင်ဆင်ပြီးသား ဖြစ်မှာပါ။

မီးဖွားမယ့်ရက် ( Due Date )

ဆရာဝန်ဆီ ကိုယ်ဝန်သွားအပ်တဲ့အခါကျ Due Date က ဘယ်ရက်လဲဆိုတာကို အမြဲ တွက်ပေးလေ့ရှိပါတယ်။ ပုံမှန် ကိုယ်ဝန် တစ်ခုဟာ ၃၇ ပတ်ကနေ ၄၂ ပတ်လောက်အထိကြာတယ်ဆိုတော့ ရာသီလာတဲ့ ပထမရက်ကနေ ရေရင် နောက် ၃၇ ပတ် ( ဒါမှမဟုတ်) ၄၂ ပတ်မြောက်နေ့ကို ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်တယ်လို့ သတ်မှတ်ပြီး အဲဒီနေ့က မီးဖွားမယ့်ရက်ပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ရာသီစက်ဝန်းက မတူညီတဲ့အတွက်ကြောင့် ခုလို ၃၇ ပတ်ကနေ ၄၂ပတ်ထိ ကြားချထားတာဖြစ်ပါတယ်။

ကိုယ်ဝန်တတိယ၃လ နဲ့ Due Dateအကြောင်း

မီးဖွားမယ့်ရက်ကို အတိကျဆုံး ပြောနိုင်တာက ပထမ ကိုယ်ဝန် ၃လမှာရိုက်တဲ့ အာထရာဆောင်း အဖြေကထုတ်ပေးတဲ့ Due Date ပဲ ဖြစ်ပါတယ်။

Takeaways

ကဲ ဒါကတော့ ကိုယ်ဝန်ဆောင်ကာလ အပိုင်းအခြားနဲ့ ပက်သက်တဲ့ နောက်ဆုံး အပိုင်းပါ။ အချုပ်ပြန်ပြောရမယ်ဆိုရင် ကိုယ်ဝန်တစ်ခုကို ကိုယ်ဝန်ပထမ၃လ၊ ကိုယ်ဝန် ဒုတိယ၃လနဲ့ ကိုယ်ဝန်တတိယ၃လ ဆိုပြီး အပိုင်း ၃ ပိုင်းခွဲခြားထားပြီး သူ့အပိုင်းတစ်ခုဆီ မတူညီတဲ့ ပြောင်းလဲမှုတွေ၊ မတူညီတဲ့ ဖြစ်စဉ်တွေရှိပြီး ကိုယ်ဝန်ဆောင်တွေဘက်က ဘယ်လိုဂရုစိုက် ပြုမူနေထိုင်ရမယ့်ဆိုတာနဲ့ ဆရာဝန်တွေဘက်က ဘာတွေလုပ်ပေးလဲဆိုတဲ့အကြောင်းကို ဆောင်းပါး ၃ ပုဒ်ခွဲပြီး ပြောပြပေးသွားတာပဲ ဖြစ်ပါတယ်။ စာဖတ်သူတိုင်းအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်လျက် . . .

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။