backup og meta

ဆရာဝန်တွေ ပြောပြောနေကြတဲ့ ကိုယ်ဝန်ပထမ၃လ ( 1st trimester) ဆိုတာ


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆရာဝန်တွေ ပြောပြောနေကြတဲ့ ကိုယ်ဝန်ပထမ၃လ ( 1st trimester) ဆိုတာ

    ကိုယ်ဝန် တစ်ခုကို အချိန်ကာလ ဘယ်လိုတွေ ခွဲခြားသတ်မှတ်ထားလဲ။ ။

    ကိုယ်ဝန်တစ်ခုဟာ ကိုးလလွယ် ဆယ်လဖွားဆိုတာတော့ အားလုံးသိကြမှာပါ။ ပုံမှန်ကိုယ်ဝန်တစ်ခုရဲ့ ကာလဟာ အပတ်ပေါင်း ၄၀ ရှိရမယ် လနဲ့ဆိုရင်တော့ ဆယ်လလောက်ပေါ့။ ဒါပေမယ့် အပတ်ပေါင်း၄၀ ကွက်တိမဟုတ်ဘဲ သူ့ကို ၃၇ပတ် – ၄၂ ပတ်ကြားထဲ ထည့်ထားလေ့ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်က မတူဘူးလေ။ ဒီတော့ ဒီ ၃၇ – ၄၂ ပတ် ကြားထဲမှာ မွေးတဲ့ ကိုယ်ဝန်မှန်သမျှ ပုံမှန်ကိုယ်ဝန် တစ်ခုပါ။

    ဆေးပညာမှာ ဒီ ၁၀ လလွယ်ထားရတဲ့ ကိုယ်ဝန်ကို Trimester ( ကိုယ်ဝန် အပိုင်းအခြားကာလ) နဲ့ ပိုင်းခြားလေ့ရှိပါတယ်။ Trimester ဆိုတာ ၁၀လကြာတဲ့ ကိုယ်ဝန် တစ်ခုကို ( 1st Trimester , 2nd Trimester နဲ့ 3rd Trimester ) ဆိုပြီး ၃လစီ ခွဲထားတာကို ပြောတာပါ။ အလွယ်ပြောရရင် ကိုယ်ဝန် ပထမ ၃လ၊ ဒုတိယ ၃လ နဲ့ တတိယ ၃ လပေါ့။ ကိုယ်ဝန် trimester ကာလတစ်ခုဆီမှာ အပတ်ပေါင်း ၁၂ပတ်ကနေ ၁၄ပတ် လောက်အထိရှိပြီး လပေါင်းကတော့ ၃ လစီပါ။

    တစ်လချင်းစီ လိုက်မကြည့်ဘဲ ဒီလို ၃ လစီခွဲလိုက်တဲ့အခါကျတော့ အများကြီးမှတ်စရာ မလိုတော့ဘဲ တစ်စုတည်းကြည့်ရလွယ်သွားတာပေါ့။ ဒါဆို ဒီ ၃လစီ စုထားတဲ့ ကိုယ်ဝန် အပိုင်းအခြားအလိုက်ဘာတွေပြောင်းလဲလာလဲ ဆိုတာကိုရော သိချင်ကြတယ်မလား။ ဆက်ကြည့်ရအောင် ။ ။

    1st Trimester ( ကိုယ်ဝန်ပထမ၃လ)

    ကိုယ်ဝန် တစ်ခုရဲ့ စစချင်း ရက်စွဲကို နောက်ဆုံးလာခဲ့တဲ့ ရာသီစက်ဝန်းရဲ့ ပထမရက်ကနေ စမှတ်လေ့ရှိပါတယ်။ ဒီတော့ နောက်ဆုံးလာခဲ့တဲ့ ရာသီစက်ဝန်းရဲ့ ပထမရက်ကနေစရေရင် ၁၃ ပတ်မြောက်တဲ့နေ့ဟာ 1st Trimester ( ကိုယ်ဝန်ပထမ၃လ) ၃လပါ။

    ကိုယ်ဝန်ပထမ၃လ မှာ မိခင်ရဲ့ ပြောင်းလဲမှု 

    1st Trimester မှာတော့ စစချင်းကိုယ်ဝန်ရခါစဖြစ်တာကြောင့် ဗိုက်က သိသိသာသာစူထွက်လာတာမျိုးတော့ မရှိပေမယ့် ဗိုက်ထဲမှာ ကြီးထွားလာတဲ့ ကလေးကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာမှာ အခြားပြောင်းလဲမှုတွေ အများကြီးကြုံတွေ့ရမှာပါ။ ဘာတွေလဲဆိုတော့

    • အရင်ရှိနေကျ ဟော်မုန်းတွေ အပြောင်းအလဲဖြစ်သွားတာကြောင့် မနက်ပိုင်း ပျို့အန်တာ၊( morning sickness )နဲ့ အစားစားချင်စိတ်မရှိတာတွေက ကိုယ်ဝန် နုစဉ်ကာလရဲ့ အသိသာဆုံး အချက်တွေပါ။ ဒါ့အပြင်
    • သားအိမ်ကနေပြီး အချင်းဖြစ်ပေါ်လာဖို့နဲ့ ကလေးဖွံ့ဖြိုးဖို့အတွက် လိုအပ်တာတွေကို အကူအညီပေးရမယ်။
    • ကလေးဆီကိုပါ သွေးတွေ အာဟာရတွေ အောက်ဆီဂျင်တွေ လုံလုံလောက်လောက်ရဖို့အတွက် သွေးများများပိုထုတ်ပေးရတဲ့အတွက်ကြောင့် နှလုံခုန်နှုန်းတွေ မြန်လာမယ်။
    • ပြောင်းလဲသွားတဲ့ ဟော်မုန်းတွေကြောင့် အူလမ်းကြောင်း လှုပ်ရှားမှု မမှန်ဖြစ်ပြီး ဝမ်းချုပ်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

    ဆရာဝန်တွေ ပြောပြောနေကြတဲ့ ကိုယ်ဝန်ပထမ၃လ ( 1st trimester) ဆိုတာ

    ကိုယ်ဝန်ပထမ၃လ မှာ ရင်သွေးလေးပြောင်းလဲလာမှု

    ကိုယ်ဝန်ပထမ၃လဟာ ဗိုက်ထဲက ရင်သွေးလေး ဖွံ့ဖြိုးမှု အဓိကအကျဆုံး အချိန်လို့ပြောလို့ရပါတယ်။ ပထမ ၃ လဟာ ဗိုက်ထဲက ရင်သွေးလေးရဲ့ ကိုယ်တွင်း အစိတ်အပိုင်းအားလုံး ဖွံ့ဖြိုးတဲ့အချိန်ဖြစ်တာကြောင့် မွေးရာပါ ချို့ယွင်းချက်တွေ မရှိဖို့အတွက် ဒီ ၃ လဟာ အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်လနုတဲ့အချိန်တည်းက ကလေး ဦးနှောက်နဲ့ အာရုံကြောပြွန်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ folic acid ဖြည့်စွက်အားဆေးတွေကို ဆရာဝန်တွေ သောက်ခိုင်းကြတာဖြစ်ပါတယ်။

    ကိုယ်ဝန် အပ်ခြင်း

    ဒါ့အပြင် ကိုယ်ဝန်စအပ်သင့်တဲ့အချိန်ကလည်း ဒီ ပထမ ၃ အတွင်းမှာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ စောစောနိုင်သမျှ စောစော ကိုယ်ဝန်စအပ်ပါ။ ကိုယ်ဝန်ရင့်တော့မှ၊ မီးဖွားခါနီး ၂ လလောက်အလိုမှ ပထမဆုံး ကိုယ်ဝန်သွားပြတာမျိုး မဟုတ်ဘဲ ကိုယ်ဝန် လနုစဉ်တည်းက ကိုယ်ဝန်ကို သွားအပ်ထားသင့်ပါတယ်။ ဒါမှ ကလေးရဲ့ ဖွံ့ဖြိုးမှုတွေ မိခင်ရဲ့ ကျန်းမာရေးတွေကို သေချာသိနိုင်မှာ ဖြစ်ပြီး တစ်စုံတစ်ရာချို့ယွင်းနေရင် အချိန်မီ ကုသနိုင်မှာ ဖြစ်ပါတယ်။

    သားပျက်သားလျှောဖြစ်ခြင်း

    မေမေတိုင်း ကြောက်ကြတဲ့ ကိုယ်ဝန် ပျက်ကျခြင်းဟာလည်း ဒီ ကိုယ်ဝန်ပထမ၃ လ ( 1st Trimester ) အဖြစ်များပါတယ်။ လနုတဲ့ကာလဆိုတော့ ချော်လဲတာ၊ အထိုင်အထ မတော်တာမျိုးနဲ့တင် ကိုယ်ဝန် ပျက်ကျသွားတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ နေထိုင်မှု ပုံစံတွေကို ပြင်မယ်၊ အလေးအပင်တွေ မမဘူး၊ အရက် ဆေးလိပ်ဖြတ်မယ်၊ ကိုယ်ဝန်ဆောင် အားဆေးတွေ သောက်မယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတာမျိုးတွေ နည်းသွားမှာပါ။

    ဆရာဝန်တွေ ပြောပြောနေကြတဲ့ ကိုယ်ဝန်ပထမ၃လ ( 1st trimester) ဆိုတာ

    Takeaways

    ဒီ ကိုယ်ဝန်ပထမ၃ဟာ ဘယ်လောက်အရေးကြီးကြောင်း၊ ဘယ်လိုတွေ ပြောင်းလဲကြောင်း ဒီလောက်ဆို သိသွားလောက်ပြီလို့ ထင်ပါတယ်။ ဗိုက်ထဲက ရင်သွေးလေးစပြီး ရုပ်လုံးပေါ်နေတဲ့ အချိန်ဖြစ်တာကြောင့် မေမေတို့ စိတ်ပိုင်းဆိုင်ရာပိုင်းလည်း ပြင်ဆင်စရာတွေရှိပါသေးတယ်။ စိတ်ကို အတတ်နိုင်ဆုံး ပျော်အောင်ထားမယ်၊ စိတ်ဆိုး ဝမ်းနည်း ဒေါသထွက်တာတွေကို လျှော့ဖို့လည်း လိုပါတယ်။ ဒီ ကိုယ်ဝန်ပထမ၃လ က ကိုယ်ဝန်နဲ့ ပတ်သက်တာတွေက စပြီးလေ့လာသ့င့်တဲ့အချိန် ၊ မီးဖွားနည်းပုံစံတွေ၊ နို့ချိုတိုက်ကျွေးခြင်းပုံစံတွေကို စပြီး သင်ယူဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။ ။

    ဆောင်းပါး တစ်ခုတည်းမှာ ရှိသမျှ Trimesters ၃ခုလုံး တစ်ပြုံတည်းရေးလိုက်ရင် စာဖတ်သူလည်း ပျင်းမယ်၊ စာရေးသူအတွက်လည်း ပြည့်ပြည့်စုံစုံ အသေးစိတ်တင်ပြခွင့် မရတာကြောင့် 2nd Trimester နဲ့ 3rd Trimester အကြောင်းကို နောက်အပုဒ်တွေမှာ ဆက်လက်စောင့်မျှော်ကြပါဦးနော် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement