ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ ဒီပြောင်းလဲမှုတွေက ကိုယ်ဝန်စရှိချိန်မှာ ဖြစ်လာတဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ပါ။ ဒီပြောင်းလဲမှုတွေက ကိုယ်ဝန်ရှိတာကို စပြီးသတိထားမိစေနိုင်တဲ့ ကိုယ်ဝန်အစောပိုင်းလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ အကြောင်း ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ
ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ ရှိပါတယ်။ လက္ခဏာတွေ အများကြီးရှိပြီး တစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံခြင်း ကွာခြားနိုင်ပါတယ်။
- ရင်သားတွေ ကြီးလာမယ်၊ တင်းပြီးနာမယ်
ရင်သားတွေက ကိုယ်ဝန်ရှိနေပြီဆိုတာကို အရင်ဆုံးသိရှိစေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပေါ့။ ကိုယ်ဝန်စရှိပြီး နှစ်ပတ်လောက်ကာလအတွင်းမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားတွေပြည့်တင်းလာပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။
- ခြေကုန်လက်ပန်းကျမယ်
ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ပရိုဂျက်စတင်ဟော်မုန်းတက်လာတာကြောင့် ပင်ပန်းနွမ်းနယ်တာ၊ နည်းနည်းလောက်လှုပ်ရှားမိရင်ကို ခြေကုန်လက်ပမ်းကျတာမျိုး ကြုံရနိုင်ပါတယ်။ ပုံမှန်လှုပ်ရှားမှုလေးတွေ လုပ်ရင်းနဲ့ကို ခြေကုန်လက်ပန်းကျသလို ခံစားရနိုင်ပါတယ်။
- သွေးနည်းနည်းဆင်းမယ်
တစ်ခါတလေမှာ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ သွေးအနည်းငယ်ဆင်းတာမျိုးကြုံရနိုင်ပါတယ်။ အများကြီးတော့မဟုတ်ပါဘူး။ သန္ဓေအောင်သွားတဲ့ မျိုးဥက သားအိမ်နံရံမှာ တွယ်ကပ်တာကြောင့် သွေးအနည်းငယ်ဆင်းတာပါ။ ဒါကို implantation bleedingလို့ ခေါ်ပါတယ်။ တချို့အမျိုးသမီးတွေက ဒါကို ရာသီလာတာနဲ့ မှားတတ်ပါတယ်။
- ဗိုက်နည်းနည်းအောင့်မယ်
ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ဆီးစပ်က ရာသီလာစဉ်နာကျင်ကိုက်ခဲသလိုမျိုး အနည်းငယ်ခံစားရနိုင်ပါတယ်။ ဒါကလည်း အပေါ်မှာပြောခဲ့သလို သန္ဓေအောင်တဲ့ မျိုးဥက သားအိမ်နံရံကို တွယ်ကပ်တာကြောင့်ပါ။
- ပျို့မယ်
ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲတွေ ရုတ်တရက်ဖြစ်လာတာကြောင့် ရင်ပြည့်ရင်ကယ်သလိုမျိုး မအီမသာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ ဟင်းနံ့တွေမခံနိုင်တာ၊ စီးကရက်နံ့တွေနဲ့ အခြားသောအနံ့စူးစူးတွေရတဲ့အခါ ပျို့တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကို morning sicknessလို့ ခေါ်ပေမယ့် မနက်မှာတင်မကဘဲ ဘယ်အချိန်မှာမဆို ခံစားရနိုင်ပါတယ်။