သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အန္တရာယ်များတဲ့ ကိုယ်ဝန် ဆိုတာဘာလဲ

အန္တရာယ်များတဲ့ ကိုယ်ဝန် ဆိုတာဘာလဲ

အန္တရာယ်များတဲ့ ကိုယ်ဝန် ဆောင်ခြင်းဆိုတာဘာလဲ။

အန္တရာယ်များတဲ့ ကိုယ်ဝန် ဆောင်ခြင်းဆိုတာ မိခင်ရော သန္ဓေသားရော ၂ဦးလုံးမှာ ကိုယ်ဝန်ဆောင်နေစဉ်သာမက မဆောင်ခင်ရော၊ မွေးဖွားပြီးချိန်မှာပါ ကျန်းမာရေးပြဿနာဖြစ်နိုင်ချေ ပုံမှန်ထက် များနေတဲ့အခြေအနေကိုခေါ်ပါတယ်။

ဒီလိုကိစ္စတိုင်းမှာတော့ မိခင်နဲ့ ကလေးကို အသက်အန္တရာယ်ပေးနိုင်တဲ့ အခြေအနေမရှိပေမယ့် ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ဖို့နဲ့ ၂ဦးလုံး ကျန်းမာစေဖို့ အထူးဂရုစိုက်စောင့်ကြည့်ရမှာပါ။

အန္တရာယ်များတဲ့ ကိုယ်ဝန် ဆောင်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

တကယ်လို့ မိခင်ရဲ့ကျန်းမာရေးအခြေအနေက ဒီ ၃မျိုးထဲက တစ်မျိုးဖြစ်နေမယ်ဆိုရင် အန္တရာယ်များတဲ့ ကိုယ်ဝန် ဆောင်ခြင်း ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

၁။ လက်ရှိဖြစ်နေသော သို့မဟုတ် ဖြစ်နိုင်ဖွယ်ရာရှိသော ရောဂါများ

  • ဆီးချိုရောဂါ/ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ
  • ကိုယ်အလေးချိန် ပြဿနာ (အလေးချိန်များနေခြင်း သို့မဟုတ် အလေးချိန်နည်းလွန်းခြင်း)
  • နှလုံးရောဂါ
  • သိုင်းရွိုက်ရောဂါ
  • ကျောက်ကပ်ရောဂါ
  • သွေးဖိအားများခြင်း
  • ခုခံအားပြဿနာ (Autoimmune disease)
  • လိင်မှတစ်ဆင့် ကူးစက်ပိုးဝင်ခြင်း (HIV/AIDS အပါအဝင်)
  • ကိုယ်ဝန်ရနိုင်ချေ နည်းခြင်း သို့မဟုတ် မြုံခြင်း
  • ကိုယ်ဝန်ဆိပ်တက်ဖူးခြင်း
  • ရှေ့တွင် ကိုယ်ဝန်ပျက်ကျဖူးခြင်း သို့မဟုတ် ကိုယ်ဝန်ပြဿနာရှိခဲ့ခြင်း (အလေးချိန်မပြည့်သော ကလေးမွေးဖွားခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း သို့မဟုတ် ပြဿနာတစ်ခုခုကြောင့် ဗိုက်ခွဲမွေးလိုက်ရခြင်း)
  • အမြွှာကိုယ်ဝန်ဆောင်ခြင်း
  • အချင်းနဲ့ဆိုင်သော ပြဿနာများ(ဥပမာ- အချင်းနေရာမမှန်ခြင်း)

၂။ ဘဝနေထိုင်မှုပုံစံ

  • ဆေးလိပ်သောက်ခြင်း
  • အရက်နဲ့ မူးယစ်ဆေးဝါး မှီဝဲခြင်း
  • ပြင်းထန်သော စိတ်ဖိစီးမှုများ

၃။ အသက်အရွယ်

အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်ခြင်းအတွက် ကာကွယ်ခြင်းနှင့် ကုသခြင်း

  • ကိုယ်ဝန်မဆောင်ခင် ဆရာဝန်နဲ့ တွေ့ဖို့ အရင်ပြင်ဆင်ပါ။ သင့်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိဖို့လိုပါတယ်။ တကယ်လို့များ သင်က ဆေးဝါးကုသမှုတစ်ခုခုလုပ်နေရတယ်ဆိုရင် သင့်ကလေးအန္တရာယ်ကင်းဖို့အတွက် ဘာတွေချိန်ညှိရမယ်ဆိုတာ သိဖို့ လိုအပ်လာမှာပါ။
  • ကိုယ်ဝန်ဆောင်ကာလမှာ ဂရုစိုက်ရမယ့်အရာတွေကို စောစောလုပ်ပါ။ အချိန်မှန်ဆေးခန်းသွားဖို့၊ ဆေးစစ်ဖို့၊ ကာကွယ်ဆေးတွေ ထိုးဖို့ မမေ့ပါနဲ့။ ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုကို ဂရုတစိုက်စောင့်ကြည့်ပါ။ ဒါမှသာ ဖြစ်လာနိုင်ချေရှိတဲ့ပြဿနာတွေကို စောစောသိရပြီး တတ်နိုင်သမျှ အမြန်ဆုံး ကုသလို့ရနိုင်မှာပါ။
  • ကျန်းမာရေးနဲ့ညီညီညွတ်ညွတ်နေထိုင် စားသောက်ပြီး သင့်တင့်တဲ့ အလေးချိန်တိုးလာပါစေ။ ဒါမှပဲ ကိုယ်ဝန်ဆောင် ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်မှာပါ။
  • ကိုယ်ဝန်ဆောင်တွေ စားသင့်တာတွေကို ပုံမှန်စားပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းအားဖြင့် ခုခံအားတိုးလာပြီး ကျန်းမာနိုင်ပါတယ်၊၊
  • ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
  • ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောမှာ ချွတ်ယွင်းချက်တွေမရှိစေဖို့အတွက် တစ်ရက်ကို ဖောလစ်အက်ဆစ် အနည်းဆုံး ၄၀၀မိုက်ခရိုဂရမ် နေ့စဉ် ပုံမှန်သောက်ပေးပါ။ အရင်က ချို့ယွင်းချက်ပါတဲ့ ကလေးမွေးဖူးရင် ဒီထက်ပိုသောက်ရနိုင်ပါတယ်၊ အသေးစိတ်ကို ဆရာဝန်နဲ့ ဆွေးနွေးပါ၊၊
  • ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုသာ သုံးစွဲပါ။ (အားဆေးတွေနဲ့ OTC ဆေးတွေ အပါအဝင်)
  • သင့်ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဆရာဝန်က prenatal screening tests တွေကို သင့်လျော်သလို အကြံပေးသွားမှာဖြစ်ပြီး သင့်ရဲ့ကိုယ်ဝန်အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေမှာပါ။

ဒီမှာတော့ ပုံမှန်အားဖြင့် သားအိမ်ခေါင်းအလျားတိုင်းတာခြင်း (Cervical length measurement)၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ percutaneous umbilical blood sampling (မမွေးဖွားခင် ချက်သွေးနမူနာယူပြီး စစ်ဆေးခြင်း) ၊ Chorionic villus sampling(သန္ဓေသားမှာ မွေးရာပါချွတ်ယွင်းချက်ရှိမရှိ ကိုယ်ဝန်အစောပိုင်းကာလမှာ စစ်ဆေးရသော စမ်းသပ်မှု) Amniocentesis သို့မဟုတ် Targeted Ultrasound စတဲ့ စမ်းသပ်မှုတွေပါဝင်ပါတယ်။

health-tool-icon

မွေးဖွားမယ့်ရက် တွက်ချက်ခြင်း

ဒီတွက်ချက်တဲ့ ကိရိယာကို အသုံးပြုပြီး ကလေးမွေးဖွားမယ့်ရက်ကို တွက်ချက်နိုင်ပါတယ်။ အတိအကျဖြစ်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ခန့်မှန်းရရှိလာတဲ့ ရက်ရဲ့ မတိုင်ခင် သီတင်းတစ်ပတ်အတွင်း သို့မဟုတ် သီတင်းတစ်ပတ်အကျော်မှာ မွေးဖွားနိုင်ပါတယ်။

ရာသီစက်ဝန်း ကြာချိန်

28 ရက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

What are the factors that put a pregnancy at risk? https://www.nichd.nih.gov/health/topics/high-risk/conditioninfo/pages/factors.aspx Accessed January 21, 2017
High-risk pregnancy: Know what to expect http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/high-risk-pregnancy/art-20047012 Accessed January 21, 2017

စာရေးသူ ဓာတ်ပုံbadge
Wathun Myat Chal မှ ရေးသားသည်။ 10/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။