ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့

    ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ကပြောင်းလဲမှုတွေအများကြီးဖြစ်နိုင်ပါတယ်။ ဝမ်းက တစ်နေ့တစ်ကြိမ်မသွားဘူး။ ၃ ရက်လောက်မှ တစ်ခါသွားတယ်။ ဗိုက်အောင့်တယ်။ ဝမ်းသွားရင် ဝမ်းကမပျော့ဘူးဆိုတဲ့ လက္ခဏာတွေက ကိုယ်ဝန်ဆောင်ချိန်မှာတော်တော်များများ ကြုံတွေ့ရတဲ့ ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်ခြင်း လက္ခဏာတွေပါ။

    ဒါတွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ရတာပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ ဒီအချက်တွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ရတာပါ။

    • ဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့်
    • သားအိမ်ကဖိထားတာကြောင့်
    • ကိုယ်ဝန်ဆောင်ချိန်မှာသောက်သုံးရတဲ့ သံဓာတ်အားဖြည့်ဆေးတွေကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ ဝမ်းချုပ်ရတာပါ။

    ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာသက်သာစေဖို့ ဘာတွေစားမလဲ

    အမျှင်ဓာတ်များတဲ့ အစားအစာတွေက ကိုယ်ဝန်ဆောင်မေမေတွေကို ဝမ်းချုပ်တာသက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကင်းစေဖို့ဆိုရင် တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်ကနေ ၃၀ ဂရမ်အထိစားပေးဖို့လိုပါမယ်။

    • လတ်ဆတ်တဲ့သစ်သီးတွေ
    • ဟင်းသီးဟင်းရွက်တွေ
    • ပဲအမျိုးမျိုး
    • အုတ်ဂျုံနဲ့လုပ်ထားတဲ့ကွေကာအုပ်
    • ဇီးသီးခြောက်
    • ဂျုံကြမ်းပေါင်မုန့်
    • ပန်းသီး
    • ငှက်ပျောသီး
    • သဖန်းသီး
    • စတော်ဘယ်ရီသီး
    • ပြောင်းဖူး
    • မုန်လာဥနီ
    • ပန်းဂေါ်ဖီစိမ်း
    • မုန်ညှင်းထုပ်တို့ကို စားပေးလို့ရပါတယ်။

    ဝမ်းချုပ်တာသက်သာစေမယ့် နည်းလမ်းတွေက ဘာတွေလဲ

    ဝမ်းချုပ်တာကို အစားအသောက်နဲ့ ဂရုစိုက်ပြီးရင်တော့ ဒီနည်းလေးတွေနဲ့ ဂရုစိုက်ဖို့လည်းလိုပါဦးမယ်။

    ရေသောက်ပေးပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်နေစေဖို့ကမေ့ထားလို့ မဖြစ်တဲ့အချက်တစ်ခုပါ။ ကိုယ်ဝန်ဆောင်မေမေတစ်ယောက်က တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက်ကနေ ၁၂ ခွက်အထိသောက်ဖို့လိုပါမယ်။ ဒီလိုသောက်ပေးမှ အူတွေလှုပ်ရှားမှုကောင်းစေပြီး ဝမ်းမှန်စေမှာပါ။

    နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ

    ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ တစ်ခါတည်းနဲ့ တဝစားတာမျိုးမလုပ်သင့်ပါဘူး။ တစ်နေ့တာမှာ ၅ ကြိမ် ကနေ ၆ကြိမ်လောက်ထိခွဲပြီး နည်းနည်းချင်းစီစားပေးပါ။ ဒါမှ အစာအိမ်က ဝန်မပိဘဲ စားလိုက်တဲ့ အစားအစာတိုင်းကို အကောင်းဆုံးချေဖျက်နိုင်မှာပါ။ ဒါကြောင့် အစားစားတိုင်း နည်းနည်းချင်းစီနဲ့ ခဏခဏစားပေးပါ။

    ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့အတွက် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့လိုပါမယ်။လေ့ကျင့်ခန်းလုပ်ပေးတာက အူမကြီးကို လှုပ်ရှားမှုကောင်းစေပြီး ဝမ်းချုပ်တဲ့ပြဿနာ ကင်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ တစ်ခါလုပ်ရင် မိနစ် ၂၀ ကနေ ၃၀ ထိ တစ်ပတ်ကို ၃ ကြိမ်လောက်ပေါ့ပါ့ပါးပါးကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပေးပါ။ မနက်ခင်းမှာ လမ်းလျှောက်တာ၊ရေကူးတာ၊ ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်တာမျိုးတွေလုပ်ပေးပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကြောင့် စိတ်မညစ်ရစေဖို့ ဒီနည်းလမ်းလေးတွေအတိုင်းစားသောက်နေထိုင်ပေးပါ။

    ဒီလိုအခြေအနေဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်

    ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ဝမ်းချုပ်တာကြောင့် အခုလိုလက္ခဏာတွေခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးဖို့လိုပါမယ်။

    • မအီမသာဖြစ်မယ်
    • အစာအိမ်နာမယ်
    • အော့အန်မယ်
    • ဝမ်းချုပ်တာက ၁ ပတ်၊ ၂ ပတ်လောက်ဖြစ်နေမယ်
    • စအိုကသွေးထွက်မယ်
    • ဝမ်းပျော့ဆေးသောက်ပေမယ့် ဝမ်းမသွားဘူးဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement