backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

4

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

စပျစ်သီးကိုယ်ဝန် (Molar pregnancy)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စပျစ်သီးကိုယ်ဝန် (Molar pregnancy)

တချို့အမျိုးသမီးတွေက ဆီးစစ်လိုက်တော့ နှစ်ကြောင်းပေါ်တယ်။ ကိုယ်ဝန်ရှိတယ်လို့ထင်တယ်။ ဆေးခန်းသွားပြတယ်။ ဆီးထပ်စစ်တယ်။ နှစ်ကြောင်းပေါ်တာပဲ။ ဒီလိုနဲ့ နေရင်း လနုနုလေးနဲ့ ဗိုက်က ပိုကြီးနေတယ်။ အန်လိုက်တာဆိုတာလည်း မရပ်တော့ဘူး။ သွေးပေါင်တွေလည်းတက်၊ တစ်ချက်တစ်ချက်သွေးကလည်းဆင်းသေးတယ်။ လနဲ့မလိုက်အောင် ခံစားနေရလို့ အယ်လ်ထွာဆောင်းရိုက်ကြည့်လိုက်တဲ့အခါမှာတော့ ဗိုက်ထဲမှာ ကလေးမရှိဘဲ စပျစ်သီးလိုမျိုး အစေ့လေးတွေ အခိုင်လိုက်ရှိနေတာကို တွေ့ရလိမ့်မယ်။ ဒါဟာ စပျစ်သီးကိုယ်ဝန် ပါ။ ရှားရှားပါးပါး ကိုယ်ဝန်ဆောင် ၁၀၀၀မှာ ၁ယောက်ပဲဖြစ်တတ်ပါတယ်။

စပျစ်သီးကိုယ်ဝန် ဘာလို့ဖြစ်တာလဲ။

အကြောင်းက မမျိုးဥမျိုးအောင်တာ မူမမှန်လို့ပါ။ လူရဲ့ဆဲလ်မှာ ခရိုမိုဆုန်း ၂၃စုံ (၄၆ခု)ရှိပါတယ်။ အဖေဆီက တစ်ခု အမေဆီကတစ်ခုပေါင်းပြီး တစ်စုံဖြစ်တာပါ။

စပျစ်သီးကိုယ်ဝန်က နှစ်မျိူးရှိပါတယ်။ Completeနဲ့ Partialပါ။ Completeအမျိုးအစားမှာ ဆဲလ်မရှိတဲ့ မမျိုးဥထဲကို သုက်ကောင် တစ်ကောင် ဒါမှမဟုတ် နှစ်ကောင်ဝင်ပေါင်းပါတယ်။ ဒါကြောင့် ဒီသန္ဓေဥထဲမှာ အဖေ့ရဲ့ မျိုးဗီဇတွေပဲပါလာပါတယ်။ အမေဘက်က ခရိုမိုဆုန်းတွေမပါပါဘူး။ ဒီဟာလေး ကြီးလာတဲ့အခါ ပုံမမှန်တဲ့ အချင်းဖြစ်လာပါတယ်။ ကလေးအစိတ်အပိုင်းမပါလာပါဘူး။

Partialအမျိုးအစားမှာတော့ အမေရဲ့ ခရိုမိုဆုန်းပါပေမယ့် အဖေဘက်ကလည်း ၂ခု စုစုပေါင်း ၃ခုပါနေလို့ ပွားလိုက်တဲ့အခါ ၄၆ခုရှိရမယ့်အစား ၆၉ဖြစ်လာပါတယ်။ ဒါက မမျိုးဥတစ်လုံးကို သုက်ကောင် ၂ကောင်ဝင်ပေါင်းတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒီအမျိုးအစားမှာတော့ ကလေးရှိနိုင်ပေမယ့် အသက်မရှင်နိုင်ပါဘူး။ လနုနုလေးမှာပဲ ပျက်ကျသွားတတ်ပါတယ်။

ဒီလိုဖြစ်ရတာ မိခင်နဲ့မဆိုင်ပါဘူး။ စပျစ်သီးကိုယ်ဝန်က ဘယ်ကိုယ်ဝန်ဆောင်မှာမဆို ဖြစ်နိုင်ပါတယ်။

စပျစ်သီးကိုယ်ဝန် လွယ်ထားရင် ဘာလက္ခဏာတွေပြမှာလဲ။

လက္ခဏာအများစုက သာမန်ကိုယ်ဝန်ဆောင်တွေနဲ့ အတူတူပါပဲ။ သူကတော့ ပိုပြင်းထန်တတ်ပါတယ်။ တခြားထူးခြားတဲ့ လက္ခဏာတွေကတော့

  • လနုချိန်မှာ အညိုပုပ်ရောင် ဒါမှမဟုတ် သွေးဆင်းတာ
  • ပြင်းပြင်းထန်ထန်ပျို့အန်တာ
  • မိန်းမကိုယ်ကနေ အရည်အိတ်သေးသေးလေးတွေ ဆင်းတာ
  • မိန်းမကိုယ်အတွင်းပိုင်း အောင့်တာ စတာတွေဖြစ်တတ်ပါတယ်။ ဒါ့ပြင်
  • ဗိုက်က ကိုယ်ဝန်လထက်ပိုကြီးနေတာ
  • သွေးတိုးတာ
  • ကိုယ်ဝန်ဆိပ်တက်တာ
  • သွေးအားနည်းတာ
  • သိုင်းရွိုက်ဟော်မုန်းများတာ စတာတွေလည်း ဖြစ်တတ်ပါတယ်။

ဘယ်သူတွေဖြစ်နိုင်လဲ။

  • အသက်၂၀အောက် ဒါမှမဟုတ် အသက်၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်သူတွေမှာ တွေ့ရတတ်ပါတယ်။
  • အရင်က စပျစ်သီးကိုယ်ဝန် ဆောင်ဖူးသူတွေက နောက်ထပ်ဖြစ်နိုင်ချေရှိပါတယ်။ စပျစ်သီး ကိုယ်ဝန်ဆောင် ၁၀၀မှာ ၁ယောက်က နောက်တစ်ခါထပ်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာက စပျစ်သီးကိုယ်ဝန်ဆောင်တဲ့သူတွေက သာမန်ကိုယ်ဝန်ပြန်ရနိုင်ချေလည်းရှိပါတယ်။

နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

စပျစ်သီးကိုယ်ဝန်က ကုသပြီးရင်တောင်မှ တစ်ရှူးတွေက ကျန်တတ်ပြီး နောက်ပိုင်းကျရင် ဆက်ပွားလာနိုင်ပါတယ်။ ဒါကို Persistent Gestational Trophoblastic Neoplasia (GTN)လို့ခေါ်ပါတယ်။ ဒါက completeအမျိုးအစားတွေရဲ့ ၁၅-၂၀%၊ partial အမျိုးအစားရဲ့ ၅%မှာ တွေ့ရပါတယ်။

သူ့ရဲ့လက္ခဏာကတော့ သွေးစစ်ကြည့်ရင် သွေးထဲမှာ ကိုယ်ဝန်ဟော်မုန်းလို့ခေါ်တဲ့ hCGဟော်မုန်းက အဆမတန်များနေတတ်ပါတယ်။ တစ်ခါတစ်လေ သားအိမ်ထဲကို ဖောက်ဝင်တာကြောင့် သွေးဆင်းတာမျိုးလည်း ရှိတတ်ပါတယ်။ သူ့ကို ဆေးသွင်းတာ၊ သားအိမ်ထုတ်တာလုပ်ပြီး အောင်အောင်မြင်မြင်ကုသလို့ရပါတယ်။

ရှားရှားပါးပါး ကင်ဆာပြောင်းသွားတာမျိုးလည်းရှိပါတယ်။ Choriocarcinomaလို့ခေါ်ပါတယ်။ သူကလည်း စောစောသိရင် ဆေးသွင်းပြီး ပျောက်ကင်းအောင် ကုသလို့ရပါတယ်။

ကုသနည်းများ

စပျစ်သီးကိုယ်ဝန်ကုသနည်းတွေကတော့

  • သားအိမ်ခြစ်တာ
  • သားအိမ်ထုတ်တာ (ဒါက ကင်ဆာပြောင်းမှာကိုလည်းကြောက်တယ်။ နောက်ထပ်လည်း ကလေးမယူဘူးဆိုတဲ့ လူတွေအတွက်ပါ။)
  • ကုသမှုလုပ်ပြီး ဟော်မုန်းပမာဏကို စောင့်ကြည့်တာ စတာတွေပဲဖြစ်ပါတယ်။

ကာကွယ်လို့ရလား။

တစ်ခါဖြစ်ဖူးသွားရင် နောက်တစ်ခါမဖြစ်အောင် သေချာစောင့်ကြည့်ရပါမယ်။ ပထမတစ်ခါဖြစ်ပြီးသွားရင် အနည်းဆုံး ၆လ ၁နှစ်စောင့်ကြည့်ပြီးမှ ကိုယ်ဝန်ပြန်ယူတာကောင်းပါတယ်။ ဒီကြားထဲမှာလဲ hCGဟော်မုန်းကို လိုသလို စစ်ဆေးနေတာက ပိုကောင်းပါတယ်။ နောက်တစ်ခါ ကိုယ်ဝန်ဆောင်ရင်လည်း စောစောစီးစီး အယ်လ်ထွာဆောင်းရိုက်ပြီးစောင့်ကြည့်တာပိုကောင်းပါတယ်။

Takeaways

စပျစ်သီးကိုယ်ဝန်က အန္တရာယ်မရှိပေမယ့် ကိုယ်ဝန်ဆောင်အတွက် အများကြီးစိတ်ပင်ပန်းစေပါတယ်။ နောက်တစ်ခါကိုယ်ဝန်ဆောင်ရမှာကိုလည်း ကြောက်သွားတတ်ပါတယ်။ လုပ်နိုင်တာက ဟော်မုန်းပမာဏကို သေချာစောင့်ကြည့်ရမှာပါ။ နောက်ဆက်တွဲတွေဖြစ်တဲ့ သားအိမ်ထဲကို ဆဲလ်တွေတိုးဝင်တာ၊ ကင်ဆာပြောင်းသွားရင်တောင်မှ စောစောသိရင် ပျောက်ကင်းအောင်ကုနိုင်လို့ စိတ်မပူကြပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement