backup og meta

ကိုယ်ဝန်ရှိမရှိ အဖြေထုတ်ပေးတဲ့ hCGဟော်မုန်း ဆိုတာဘာလဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ရှိမရှိ အဖြေထုတ်ပေးတဲ့ hCGဟော်မုန်း ဆိုတာဘာလဲ ။  ။

    ကိုယ်ဝန် ရှိမရှိသိဖို့ဆို အိမ်မှာ ဆီးစစ်ကြည့်လေ့ရှိတယ်မလား။ အဲဒီမှာ ၂ ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိတယ်။ တစ်ကြောင်းတည်းပေါ်ရင် ကိုယ်ဝန် မရှိဘူးဆိုတဲ့ အဖြေတွေထုတ်ပေးတယ်လေ။ ဒီလို ကိုယ်ဝန်ရှိမရှိ ဆီးစစ်တာနဲ့တင် အဖြေတွေထုတ်နိုင်အောင် လုပ်ပေးနေတဲ့ နောက်ကွယ်က ဇာတ်လိုက်တစ်ယောက်ရှိပါတယ်။ သူကတော့ hCGဟော်မုန်ပဲ ဖြစ်ပါတယ်။

    hCG ဟော်မုန်းဆိုတာ ဘာလဲ ။ ။

    hCG ရဲ့ အရှည်ကောက်က Human chorionic gonadotropin ဟော်မုန်းဖြစ်ပြီး beta human chorionic gonadotropin (b-HCG)လို့လည်း သိကြပါတယ်။ သူက ကိုယ်ဝန်ရှိကြောင်း မရှိကြောင်းကို အဖြေထုတ်ပေးနိုင်တဲ့ ဟော်မုန်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ hCG ဟော်မုန်းကို ကိုယ်ဝန်ရှိမှ ဖြစ်တည်လာတဲ့ အချင်းက ထုတ်ပေးတဲ့ အတွက်ကြောင့်ပါ။

    hCG ကို ဘယ်အချိန်မှာ စစ်ကြည့်လို့ရလဲ ။ ။

    မျိုးအောင်သွားတဲ့ သန္ဓေသားလေး သားအိမ်မှာတွယ်ပြီး ရက်ပိုင်းအတွင်းမှာတင် ဆီးကနေတစ်ဆင့် HCG ဟော်မုန်းကို စစ်ကြည့်လို့ရတာပါ။ ဒါပေမယ့်လည်း ဘယ်အချိန်မှာ မျိုးအောင်သွားလဲဆိုတာ ရာသီတစ်လမလာတော့မှပဲ သိကြတာများအတွက် ဆီးစစ်ဖြစ်တဲ့အချိန်ဆို အနည်းဆုံး ကိုယ်ဝန်က ၁လ မပြည့်တပြည့်တော့ရှိနေတတ်ကြပါတယ်။ ဒီလို ကိုယ်ဝန်သက် တစ်လလောက်ရှိပြီဆိုရင် hCG ဟော်မုန်းက များနေမှာ ကျိန်းသေတာကြောင့် ဆီးစစ်ကြည့်လိုက်တာနဲ့ ၂ ကြောင်းပေါ်မှာပါ။

    hCG ပမာဏတွေကရော ဘယ်လောက်များနေနိုင်လဲ ။ ။

    ကိုယ်ဝန်စရှိတဲ့ သန္ဓေအောင်ပြီး မျိုးဥလေး စပြီး သားအိမ်ကိုတွယ်တဲ့အချိန်ကနေ ကိုယ်ဝန်သက် ၁၀ပတ် အချိန်တွင်းမှာ hCG ဟော်မုန်းပမာဏ တဟုန်ထိုးတက်လာနိုင်ပါတယ်။ ၂ရက် ၃ ရက်တစ်ခါလောက်ကို နှစ်ဆ နှုန်းနဲ့ တက်တက်လာတာပါ။ ဆိုလိုတာက ဒီနေ့ hCG ပမာဏ ၂ ရတယ်ဆိုပါတော့ နောက်နေ့ကျရင် ၄၊ ၈ ၊၁၆….. ဒီလိုနဲ့ တက်တက်သွားတာကို ပြောချင်တာပါ။ အတိအကျပြောရရင် ကိုယ်ဝန်စစရှိနေတဲ့ hCG ဟော်မုန်းတက်နေတဲ့အချိန်မှာဆို ပမာဏ ၂၅၀၀၀ – ၅၀၀၀၀ လောက်အထိ မြင့်တက်နေနိုင်ပါတယ်။ အမြင့်ဆုံး ပမာဏ ၁၀၀၀၀၀ လောက်အထိကို တက်နိုင်ပြီး နောက်ပိုင်းမှာပြန်ကျရင်ကျ မကျရင်လည်း ၁၀၀၀၀၀ ပတ်ချာလည်မှာပဲ ရှိနေပါတော့တယ်။ ကိုယ်ဝန် ၁၀ပတ်ကျော်လာရင်လည်း ဟော်မုန်းပမာဏက တဖြည်းဖြည်း ပြန်ကျသွားပါတယ်။

    ကိုယ်ဝန်ရှိရက်သားနဲ့ နောက်ပိုင်းကျ hCG ဟော်မုန်းတွေ ကျသွားတာလဲ။ ။

    HCG ဟော်မုန်းကို အချင်းကထုတ်ပေးတယ်ဆိုတော့ ကိုယ်ဝန်သက်ရင့်လာလေလေ ဟော်မုန်းပမာဏ များနေလေလေဖြစ်ရမှာကို ဘာကြောင့် ဆက်မတက်တော့ဘဲ ကျသွားတာမျိုးတွေဖြစ်ရတာလဲ။ ဒီအတွက် အဖြေရှိပါတယ်။ ကိုယ်ဝန်သက်ရင့်လာတဲ့အခါ အီစတိုဂျင်တွေ ပရိုဂျက်စတုန်း ဟော်မုန်းတွေကပဲ ထိန်းချုပ်တော့တာကြောင့် hCG ဟော်မုန်းရဲ့ အခန်းကဏ္ဍမှေးမှိန်သွားရတာဖြစ်ပါတယ်။

    hCG တစ်ခုတည်းကို ကြည့်ပြီး ကျန်းမာတဲ့ကိုယ်ဝန် ဟုတ်လား မဟုတ်ဘူးလား ပြောလို့ရလား ။

    HCG ဟော်မုန်းဟာ ၄၈နာရီတိုင်း ၂ ဆတက်တယ်ဆိုတဲ့ အကြောင်းကို အပေါ်မှာ ပြောထားခဲ့ပြီးပါပြီ။ သူ့ပမာဏကလည်း ၂၅၀၀၀ ကနေ ၁၀၀၀၀၀ လောက်ထိ ကွာခြားနေတာကြောင့် သူတစ်ခုတည်းကို ကြည့်ပြီး ကျန်းမာတဲ့ ကိုယ်ဝန် ဟုတ်မဟုတ်ပြောဖို့တော့ခက်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်မှာ တစ်ခုခုဖြစ်နေတဲ့အခါ၊ သားအိမ်ပြင်ပမှာကိုယ်ဝန်တည်နေတဲ့ အခါမျိုးမှာ hCG တရှိန်ထိုး မဟုတ်ဘဲဖြည်းဖြည်းချင်းပဲ တက်နေတတ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ဝန် အစောပိုင်းကာလမှာ သွေးဆင်းပေမယ့် hCG စစ်ကြည့်လို့ နှစ်ဆ နှုန်းနဲ့ တက်နေတယ်ဆိုရင် ဒီကိုယ်ဝန်ဟာ ကျန်းမာတယ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ ။

    အမြွှာကိုယ်ဝန်တွေမှာဆို hCG ပမာဏ အခြားကိုယ်ဝန်တွေထက် အများကြီးပိုတက်နေနိုင်ပါတယ်။ စပျစ်သီးကိုယ်ဝန်ဆိုရင်လည်း သာမန်ကိုယ်ဝန်ထက် အဆပေါင်းများစွာ တက်နေတတ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement