backup og meta

အစာခြေစနစ် ကို ပိုကောင်းမွန်စေတဲ့ စားသောက်နေထိုင်မှုပုံစံ


Ye Myo Myat မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာခြေစနစ် ကို ပိုကောင်းမွန်စေတဲ့ စားသောက်နေထိုင်မှုပုံစံ

    လူတစ်ယောက် ကျန်းမာဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့ အစာခြေစနစ် က ကောင်းစွာ အလုပ်လုပ်နေဖို့ လိုပါတယ်။ ဒီလို ကိုယ်ခန္ဓာအတွက် အကျိုးပြုတဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ အစာခြေစနစ်ကိုလည်း ချန်ထားခဲ့လို့ မဖြစ်ပါဘူးနော်။ ကျွန်တော်တို့ ကိုယ်ခန္ဓာက အစာကောင်းစွာချေဖျက်နိုင်မှ ကိုယ်စားလိုက်တဲ့ အစာတွေဆီကနေ အာဟာရတွေ ပြည့်ဝစွာ စုပ်ယူနိုင်မယ်။ ဝမ်းမှန်ပြီး ကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အလုပ်လုပ်နိုင်မယ်။ အားအင်တွေ ပြည့်ဖြိုးပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေမှာပါ။

    ခုခေတ်မှာ ကျန်းမာရေးကို အလေးထားလာကြပေမယ့် အစာခြေစနစ်နဲ့ ပတ်သက်ပြီး လူတော်တော်များများက ဂရုစိုက်ဖို့ မေ့နေကြတုန်းပါပဲ။ အစာစားချိန်မမှန်တာ၊ ညနောက်ကျမှ အစာစားတာ၊ အာဟာရမဖြစ်တာတွေ စားလွန်းတဲ့အခါ တကယ်တမ်းဒုက္ခရောက်မှာက ကိုယ်တိုင်ပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ ဆေးဝါးမလို၊ ကုသမှုမလိုအပ်ဘဲ သဘာဝအတိုင်း ကိုယ့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။

    အစာခြေစနစ် ကို ပိုကောင်းမွန်စေတဲ့ စားသောက်နေထိုင်မှုပုံစံ

    ၁။ အာဟာရဖြစ်တဲ့ အစားအစာတွေပဲ စားပါ။

    ဒါကတော့ အရိုးရှင်းဆုံးပါပဲ။ လူတစ်ယောက်က ကျန်းမာဖို့ဆိုရင် သူ့ခန္ဓာကိုယ်က နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစွာ ရရှိမှဖြစ်မှာပါ။ ကိုယ်က အာဟာရဖြစ်တာတွေ မစားဘဲ အသင့်စား အစားအစာတွေ၊ ဆီတွေနဲ့ ကြော်ထားတဲ့ fast food တွေ၊ အချိုမုန့်တွေ စတာတွေကို စားမယ်ဆိုရင်တော့ ဗိုက်ပြည့်ရုံသက်သက်ပဲ ဖြစ်သွားမှာပါ။ ဒါ့အပြင် ဒီအစားအစာတွေကို ချေဖျက်ပေးမယ့် သင့်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကလည်း ကြိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နေ့စဉ် အာဟာရရှိတာတွေပဲ များများစားပေးပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း အစရှိသဖြင့် ပြည့်စုံစွာ စားပေးပါ။

    အစာခြေစနစ် ကို ပိုကောင်းမွန်စေတဲ့ စားသောက်နေထိုင်မှုပုံစံ

    ၂။ အမျှင်ဓာတ်များများစားပါ။

    အစာခြေစနစ် အတွက် အကျိုးပြုအာဟာရတွေထဲမှာ အမျှင်ဓာတ်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဘာကြောင့် ပြောရတာလဲဆိုတော့ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေက အစာကြေဖို့ မြန်တယ်၊ အစာအိမ်က ချေဖျက်ပေးရတာလည်း လွယ်ကူတယ်။ အာဟာရဓာတ်တွေကို လျင်မြန်စွာ စုပ်ယူပေးနိုင်တယ်။ ဒါ့အပြင် အမျှင်ဓာတ်စာတွေကို များများစားပေးရင် ဝမ်းချောင်တယ်၊ သွေးဝမ်းသွားတာမျိုး မဖြစ်စေဘူး၊ အစာအိမ်မှာ ဖြစ်တတ်တဲ့ အနာတွေ၊ အူမကြီးနံရံမှာ ဖြစ်တတ်တဲ့ အိတ်ကလေးတွေ၊ လိပ်ခေါင်းရောဂါတွေကို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်နော်။ အမျှင်ဓါတ်ကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ စပါး၊ ဂျုံတွေကနေ ရရှိနိုင်ပါတယ်။

    ၃။ မပြည့်ဝဆီကို စားပေးပါ။

    ဟင်းချက်တဲ့အခါ ဆီကို အသုံးပြုရတဲ့ နေရာတွေ တော်တော်များပါတယ်။ ဒီတော့ ချက်ပြုတ်တော့မယ်ဆိုရင် ကျန်းမာရေးအတွက် ဘေးဥပါဒ်မဖြစ်စေတဲ့ မပြည့်ဝဆီ (ဥပမာ – ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ၊ ပဲဆီ) တွေနဲ့ပဲ ချက်တာ ပိုကောင်းပါတယ်။ ဒါ့အပြင် ထောပတ်သီးက ရတဲ့ အဆီအနှစ်၊ ငါးနဲ့ ပင်လယ်စာမှ ရရှိတဲ့ အိုမီဂါ – ၃ အဆီအနှစ်တွေဟာလည်း ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် အစာခြေစနစ်ကိုလည်း အထောက်အကူပေးနိုင်တဲ့ အာဟာရဓါတ်များစွာ ပါဝင်ပါတယ်။

    ၄။ ရေများများ သောက်ပါ။

    ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်တဲ့အခါ အစာအိမ်က အစာချေဖျက်ဖို့ ပိုအားစိုက်ရတဲ့အပြင် ဝမ်းချုပ်တာ၊ သွေးဝမ်းတွေ သွားတာအထိ ဖြစ်နိုင်တယ်နော်။ ပူတဲ့ ရာသီဥတု၊ နေရာဒေသမှာ နေတဲ့သူတွေဆိုရင် ပိုပြီးတောင် ချွေးထွက်လွယ်လို့ ရေဓာတ်ဆုံးရှုံးဖို့ ပိုလွယ်ကူတာပေါ့။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၂လီတာခန့် မဖြစ်မနေ သောက်ပေးသင့်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးအနှံတွေကိုလည်း နည်းနည်းစီ စားပေးရင် ရေဓာတ်ကို ဖြည့်ပေးနိုင်တဲ့အပြင် အာဟာရဓာတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

    ၅။ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။

    လူတိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုဆိုတာ ရှိတတ်ကြပါတယ်။ ဒီလိုစိတ်ဖိစီးမှုကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်ရင် စိတ်နဲ့ ခန္ဓာကျန်းမာရေးက ပိုပြီးဆိုးလာဖို့ပဲ ရှိတာပေါ့။ စိတ်ဖိစီးမှုဖြစ်နေတဲ့ အချိန် ကိုယ်ခန္ဓာက ထွက်လာတဲ့ ဟော်မုန်းတွေဟာ ကိုယ်တွင်းအင်္ဂါတွေကို အားလျော့စေရုံသာမက အစာခြေစနစ် ကိုပါ သွားပြီး သက်ရောက်မှုဖြစ်စေတယ်။ အစာအိမ်မှာ ဖြစ်တဲ့အနာတွေ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာတွေဟာလည်း စိတ်ဖိစီးမှုနဲ့ သက်ဆိုင်နေပါတယ်။ ဒါ့အပြင် လူက စိတ်ဖိစီးမှုနဲ့ ပိနေတဲ့အချိန် အစာအိမ်က အစာချေဖျက်ဖို့ကို နှောင့်နှေးသွားနိုင်တယ်နော်။ အဲ့ဒီတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေတယ်လို့ ခံစားရတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ ကိုယ်စိတ်ပျော်မယ့် ကိစ္စတစ်ခုခု လုပ်လိုက်တာ အကောင်းဆုံးပါပဲ။

    အစာခြေစနစ် ကို ပိုကောင်းမွန်စေတဲ့ စားသောက်နေထိုင်မှုပုံစံ

    ၆။ အစာကို သေချာကျေညက်အောင် ဝါးပါ။

    ကလေးဘဝတည်းက အစာစားပြီဆိုရင် သေချာကျေညက်အောင် ဝါးပါလို့ မိဘတွေ ခဏခဏ ဆုံးမတာ မှတ်မိကြမှာပါ။ အစာကျေညက်အောင် ဝါးတယ်ဆိုတာ တကယ်တော့ အစာအိမ်က အစာကောင်းစွာ ချေဖျက်ပေးနိုင်ဖို့ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးတာပါပဲ။ အစာဝါးနေတဲ့အချိန် ပါးစပ်ထဲက ထွက်လာတဲ့တံတွေးတွေဟာ အစာထဲမှာ ရှိနေတဲ့ ကစီဓာတ်နဲ့ အဆီဓာတ်ကို ဖြိုဖျက်ပေးလို့ အစာကြေမြန်တယ်။ လည်ချောင်းထဲ ဝင်သွားတဲ့အစာတွေက မာမာကြီး မဟုတ်တော့ အစာအိမ်အတွက်လည်း သိပ်ပြီး အားစိုက်အလုပ်လုပ်ဖို့ မလိုတော့ဘူးပေါ့။

    ၇။ လေ့ကျင့်ခန်းလုပ်ပါ။

    ဒီခေတ်ကြီးထဲမှာ လူတိုင်းက လှုပ်လှုပ်ရှားရှားမရှိတော့ဘဲ ငြိမ်ငြိမ်လေးထိုင်ပြီးတော့ ဖုန်းသုံး၊ တီဗီကြည့်၊ အလုပ်လုပ်တာပဲ တွေ့နေရပါတယ်။ မကောင်းတဲ့ ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ ရေရှည်မှာ အစာခြေစနစ်သာမက ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်ဆိုတာပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အစာခြေစနစ်ကို မြှင့်တင်ပေးနိုင်တယ်၊ ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်တယ်။ ဒါကြောင့် တစ်နေ့ကို နာရီဝက်လောက်ဖြစ်ဖြစ် ကိုယ်လက်လေ့ကျင့်ခန်းလေး လုပ်ပြီး လှုပ်လှုပ်ရှားရှားနေပေးပါ။ မနက်ပိုင်းမှာ ၁၀ မိနစ်လောက် လမ်းလျှောက်တာ၊ ပြေးတာမျိုးလုပ်ပေးပါ။

    ကျန်းမာရေးကောင်းဖို့အတွက် ဂရုစိုက်တော့မယ်ဆိုရင် နေထိုင်စားသောက်မှုပုံစံကို အကောင်းဘက်သို့ ပြောင်းလဲခြင်းဟာ အလွန်အရေးကြီးပါတယ်။ အစာခြေစနစ် အားကောင်းလာပြီး ကျန်းမာရေးကလည်း အရင်ကထက် ပိုပြီးကောင်းလာဖို့ ခုပြောပြခဲ့တဲ့ အချက်လေးတွေကို သေချာဂရုစိုက်ပြီး လုပ်ကြည့်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement