backup og meta

1

မျှဝေပါ။

ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ စိုးရိမ်စရာလား!

ကိုယ်ဝန်ဆောင်ချိန်မှာ အစစအရာရာကို အလွဲမခံနိုင်တာ မေမေတိုင်းပါနော်။ ခန္ဓာကိုယ်မှာ တစ်ခုခု နေထိုင်မကောင်းတဲ့အခါ ကလေးကိုများ ထိခိုက်မလား! ဆေးသောက်ချင်ပေမယ့် သောက်လို့ ရပါ့မလား! စတဲ့စတဲ့ စိုးရိမ်မှု များစွာကို ခံစားကြရပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ကို စိတ်ဖိစီးစေနိုင်တဲ့ ကျန်းမာရေးအခြေအနေ တစ်ခုကို အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ စိုးရိမ်စရာလား! ဆိုတာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များပေမယ့် ဝမ်းပျက်ဝမ်းလျှောတာကတော့ ဖြစ်ခဲပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ စိုးရိမ်စရာလား! ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ဝမ်းပျက်ဝမ်းလျှောတယ် ဆိုတာ

ဝမ်းပျက်ဝမ်းလျှောတာက တော်တော်လေးကို မအီမသာဖြစ်စေတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒါပေမယ့် ပြည့်ပြည့်ဝဝ အနားယူတာ အပါအဝင် အိမ်တွင်းကုထုံးနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။

ဝမ်းပျက်ဝမ်းလျှောတယ်ဆိုတာက ဝမ်းခဏခဏ သွားတာ၊ ဝမ်းအရည်တွေ သွားတာကို ဖြစ်စေနိုင်တဲ့ အစာခြေစနစ် ပြဿနာတစ်မျိုးပါ။ နာရီအနည်းငယ် ကြာတာကနေ ရက်အနည်းငယ်အကြာအထိ အချိန်ကာလ အပိုင်းအခြား အမျိုးမျိုးနဲ့ ဖြစ်နိုင်ပါတယ်။ အချို့မေမေတွေမှာ ၂၄ နာရီ မပြည့်ခင် သက်သာသွားတာမျိုးလည်း ရှိတတ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောတာက တစ်ခါတလေမှာ သူ့အလိုလို သက်သာသွားတတ်ပြီး အချို့သော အခြေအနေတွေမှာတော့ ကုသမှု ခံယူဖို့ လိုအပ်တာမျိုးတွေ ရှိနိုင်ပါတယ်။

[embed-health-tool-pregnancy-weight-gain]

ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ရင်

ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။

  • ရေများများ သောက်ပါ

ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ပြန်ပြီး အားပြည့် ကျန်းမာလာစေဖို့ မဖြစ်မနေ လုပ်ဆောင်ပေးရမှာက ဝမ်းသွားတာနဲ့အတူ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့ပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ကိုယ်တွင်းက ရေဓာတ်နဲ့အတူ ဓာတ်ဆားဓာတ်တွေကိုပါ ဆုံးရှုံးသွားတာပါ။ ဒီလို ဆုံးရှုံးမှုကို လုံလောက်အောင် ပြန်မဖြည့်နိုင်တဲ့အခါ ရေဓာတ်ခမ်းခြောက်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေများများ သောက်ပေးပါ။ ရေအပြင် အုန်းစိမ်းရည်၊ ဓာတ်ဆားရည်တွေ သောက်ပေးလို့ ရသလို စွပ်ပြုတ်ရည် ခပ်နွေးနွေးလေးကို သောက်ပေးလို့လည်း ရပါတယ်။

ရေဓာတ်ပြည့်ဝအောင် ပြန်လည်ဖြည့်တင်းမှုမှာ ကဖင်းပါတဲ့ သောက်စရာတွေ၊ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ၊ အချိုရည်တွေ သောက်တာမျိုးတော့ မလုပ်ရပါဘူး။

  • အစားအစာတွေ ဂရုစိုက်ပါ

ဝမ်းပျက်ဝမ်းလျှော ဖြစ်နေပြီဆိုရင် အစားအစာတွေကို တစ်ခါတည်း အများကြီး စားလိုက်တာ၊ တဝ စားလိုက်တာမျိုးတွေ မလုပ်ပါနဲ့။ နည်းနည်းချင်းစီ အကြိမ်ရေများများ စားပေးပါ။ ဒီလို စားပေးတဲ့အခါမှာလည်း အစားအစာတွေထဲမှာ

  • ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အာလူး၊ ကန်စွန်းဥ စတာတွေ
  • ဓာတ်ဆားဓာတ်ပါတဲ့ ဓာတ်ဆားရည်နဲ့ အုန်းစိမ်းရည် စတာတွေ
  • နူးအိနေအောင် သေချာချက်ထားတဲ့ အသီးအရွက်တွေ
  • ပရိုတင်း ကြွယ်ဝတဲ့ အရေခွံမပါတဲ့ ကြက်သားစတာမျိုးတွေ ကျွေးပေးလို့ ရပါတယ်။ ဒါတွေအပြင် ထမင်း၊ ပေါင်မုန့်ကြမ်း မီးကင်ထားတာတွေကိုလည်း ပြင်ဆင်ပေးလို့ ရပါတယ်။

ဒီနေရာမှာ သတိထားရမှာက အဆီများတာတွေ၊ စပ်တာတွေ၊ အချိုကဲတာတွေကို မစားမိဖို့ပါ။ နောက်ပြီး ဝမ်းလျှောနေချိန်မှာ အသီးအရွက်တွေ အများကြီးစားတာကို ခဏရှောင်ထားပါ။ လေပွစေပြီး အစာခြေစနစ်ကို ဝန်ပိစေလို့ပါ။ သက်သာသွားရင် ပြန်စားလို့ ရပါပြီ။

  • Probiotics သောက်ပေးပါ 

Probioticsကို ဆေးအနေနဲ့ သောက်ပေးလို့ ရသလို probiotic ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးလို့လည်း ရပါတယ်။ ဒီလိုစားပေးတာက အစာခြေစနစ်ထဲက အကျိုးပြုဘက်တီးရီးယားလေးတွေကို ကျန်းမာစေပြီး ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေမှာပါ။ ဒိန်ချဉ်ဆိုရင် အလွယ်တကူရပြီး Probiotics ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

  • ပြည့်ပြည့်ဝဝ နားနေပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်တစ်ခုက လုံလောက်ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့နဲ့ သက်တောင့်သက်သာလေး အနားယူပေးဖို့ပါ။ ဒီတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုရင် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝပြီး မိခင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် သက်သောင့်သက်သာလေး နားပေးပါ။

ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ စိုးရိမ်စရာလား!

များသောအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာက များသောအားဖြင့်  ဆရာဝန်နဲ့ကုသမှု ခံယူစရာမလိုဘဲ နေအိမ်မှာပဲ အပေါ်ကပြောခဲ့တဲ့နည်းလမ်းလေးတွေကို လိုက်နာပြီး သက်သာအောင် လုပ်လို့ ရပါတယ်။ တကယ်လို့ ဝမ်းပျက်တာက ၂ ရက်ထက်ပိုပြီး ကြာနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ ဒီအချက်အပြင်
  • ဝမ်းသွားရာမှာ သွေးပါလာမယ်
  • အဖျားဝင်မယ်
  • ရေဓာတ်ခမ်းတဲ့ လက္ခဏာတွေ ဖြစ်ကြတဲ့ ရေအရမ်းဆာတာ၊ ခံတွင်းခြောက်တာတွေ ဖြစ်မယ်
  • ဆီးအရောင်ရင့်မယ်
  • ဆီးသွားနည်းလာမယ်
  • ခေါင်းကိုက်မယ်
  • မူးဝေမယ်
  • ခေါင်းထဲက ပေါ့ပေါ့ကြီးနဲ့ မူးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားပြဖို့ လိုပါမယ်။

ဝမ်းပျက်တာ အပါအဝင် အစာခြေစနစ် ပြဿနာ တော်တော်များများက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အစာခြေစနစ် ပြဿနာပါ။ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲတာ၊ စားသောက်မှုပုံစံ ပြောင်းလဲတာ၊ ဆေးဝါးအသစ်တွေ၊ ကိုယ်ဝန်ဆောင် ဗီတာမင်တွေ၊ စိတ်ဖိစီးမှုတွေများတာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျက်တာကို ဖြစ်စေနိုင်ပါတယ်။ အချို့သော အခြေအနေတွေမှာတော့ အစားအသောက် သန့်ရှင်းမှု၊ လက်သန့်ရှင်းမှု အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is Diarrhea During Pregnancy Normal? https://www.parents.com/pregnancy/my-body/pregnancy-health/when-diarrhea-strikes/#:~:text=Diarrhea%20usually%20clears%20on%20its,treatment%20options%20for%20pregnancy%20diarrhea. Accessed Date 6 March 2023

Diarrhea in Pregnancy: Fast, Safe & Effective Natural Remedies https://www.mamanatural.com/diarrhea-in-pregnancy/ Accessed Date 6 March 2023

Diarrhea During Pregnancy https://www.whattoexpect.com/pregnancy/symptoms-and-solutions/pregnancy-diarrhea.aspx#:~:text=Remedies%20for%20diarrhea%20during%20pregnancy,-Avoid%20certain%20foods&text=The%20so%2Dcalled%20BRAT%20diet,stools%20firmer%20and%20more%20solid. Accessed Date 6 March 2023

Diarrhea During Pregnancy https://www.verywellfamily.com/diarrhea-in-pregnancy-4163950 Accessed Date 6 March 2023

7 Home Remedies for Diarrhea https://www.health.com/condition/digestive-health/diarrhea-home-remedies Accessed Date 6 March 2023

ယခုပုံစံ

14/07/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/07/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement