ကိုယ်ဝန်ဆောင်ချိန်တွင် ကူးစက်ခံရသော ကပ်ပါးရောဂါ

    ကိုယ်ဝန်ဆောင်ချိန်တွင် ကူးစက်ခံရသော ကပ်ပါးရောဂါ

    Toxoplasmosis ဆိုတာဘာလဲ။

    Toxoplasmosis သည် Toxopalsma Gondii ကပ်ပါးကောင်ကြောင့်ဖြစ်သော ရောဂါ ဖြစ်ပါသည်။ ယေဘူယျအားဖြင့် Toxoplasmosis ရောဂါသည် ကျန်းမာသော သူတွင် ကူးစက်ခံရလျှင် မပြင်းထန်သော်လည်း ကိုယ်ဝန်ဆောင်ချိန်တွင် ကူးစက်ခံရလျှင် အချင်းနှင့် သနေ္ဓသားကို ထိခိုက်ခြင်း ဖြစ်စေနိုင်ပါသည်။

    ထိုရောဂါသည် အပျော့စားအဆင့်မှ ပြင်းထန်အဆင့်အထိ ဖြစ်နိုင်ပြီး ကလေးအသေမွေးခြင်း၊ နာတာရှည် မွေးရာပါချိ့ယွင်းချက်များဖြစ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ခြင်းနှင့် အခြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်နိုင်စေပါသည်။ ထို့ကြောင့် ထိုရောဂါ မဖြစ်အောင်ကာကွယ်ရမည့်နည်းလမ်းများကို နားလည်ထားခြင်းဖြင့် မွေးလာမည့်ကလေး၏ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။

    Toxoplasmosis ၏ရောဂါ လက္ခဏာများ

    ထိုရောဂါလက္ခဏာများမှာ အများအားဖြင့် မသိသာပါ။ ဆေးစစ်မှုများပြုလုပ်မှသာ ရောဂါ ကူးစက်ခံနေရကြောင်း သိနိုင်ပါသည်။ ကိုယ်ခံအားစနစ်ကောင်းမွန်သော လူအများစုတွင် ရောဂါ၏ လက္ခဏာများလုံးဝနီးပါးမတွေ့ရပါ။ သို့သော် အဖြစ်များသော လက္ခဏာများမှာ ပြန်ရည်ကြောဖုများ ရောင်လာခြင်း သို့မဟုတ် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ပင်ပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အနီစက်များဖြစ်ခြင်း တို့ဖြစ်ပါသည်။

    ရောဂါကူးစက်ပုံနှင့် ရောဂါအမည်တပ်ခြင်း

    အဆိုပါရောဂါ ကူးစက်ခံရသော အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်တွင် အချင်းမှတဆင့် သနေ္ဓသားဆီသိုက ကူးစက်ခြင်းဖြစ်သည်ဟု ယုံကြည်ကြပါသည်။ ကိုယ်ဝန်အစောပိုင်းတွင် ကူးစက်လေလေ ကလေးဆီသို့ ရောဂါကူးနိုင်ချေ နည်းလေလေဖြစ်ပါသည်။ သို့သော် အစောပိုင်းတွင် ကူးစက်ခံသွားရပြီ ဆိုပါကလည်း ကလေးငယ်သည် ပြင်းထန်သော လက္ခဏာများကို ခံစားရနိုင်ချေများပါသည်။

    ကိုယ်ဝန်ဆောင်မိခင်မှ ကူးစက်ခံရသော ကလေးများသည် မွေးမွေးချင်းတွင် ရောဂါလက္ခဏာများကို လုံးဝမတွေ့ရသော်လည်း အသက်ကြီးလာသည်နှင့်အမျှ လေ့လာသင်ယူနိုင်စွမ်းများ၊ အမြင်အာရုံနှင့် အကြားအားရုံများ ချို့ယွင်းလာကြောင်း တွေ့ရပါသည်။

    ထိုပြင် ကိုယ်ဝန်ဆောင်မိခင်မှ ကူးစက်ခံရသော ကလေးအများစုသည် ကိုယ်ဝန်ချိန်တွင် အာထရာဆောင်း အသံလှိုင်းဓါတ်မှန်များတွင် ပုံစံမှန်နေကြသော်လည်း အချို့သော ကလေးများသည် မူမမှန်ချို့ယွင်းချက်များကို တွေ့ရပါသည်။

    အကယ် ကိုယ်ဝန်ဆောင်မိခင်သည် ကိုယ်ဝန်ဆောင်ချိန်တွင် ထိုရောဂါကို ကူးစက်ခံနေရကြောင်း တွေ့ရှိပါက ကလေးကို ကူးစက်နေခြင်း ရှိမရှိ နည်းလမ်းများစွာဖြင့် သိရှိနိုင်ပါသည်။

    ပထမဦးစွာ ဆရာဝန်က သနေ္ဓသား၏ ဘေးပတ်လည်ရှိ အရည်များ၊ သို့မဟုတ် သနေ္ဓသား၏သွေးကိုစစ်ဆေးခြင်းဖြင့် ကိုယ်ဝန်အစောပိုင်းတွင် ရောဂါကူးစက်ခံရခြင်းရှိမရှိကို သိနိုင်ပါသည်။

    ဒုတိယနည်းမှာ အာထရာဆောင်း အသံလှိုင်းဓါတ်မှန်မှ တဆင့် ကလေး၏ မူမမှန်ချို့ယွင်းချက်များကို ရှာဖွေခြင်း ဖြစ်ပါသည်။ ထို့ပြင် ကလေးမွေးပြီးချိန်တွင် ကလေး၏သွေးကို ယူစစ်နိုင်ပါသည်။

    ကုသနိုင်သော နည်းလမ်းများ

    ကံမကောင်းစွာဖြင့် ကိုယ်ဝန်ဆောင်မိခင်ရော ကလေးပါ ရောဂါကူးစက်ခံနေရပြီ ဆိုလျှင် ဆရာဝန်က ပိုးသတ်ဆေး ပေးပါလိမ့်မည်။ ရောဂါကို စောစောသိပြီး ကုသနိုင်လေလေ သနေ္ဓသားကို မကူးစက်ရန် ကာကွယ်နိုင်လေလေဖြစ်ပါသည်။ သနေ္ဓသားဆီသို့ ကူးစက်နေပြီ ဆိုလျှင်လည်း ပြင်းတန်သော ဆိုးကျိုးများ မဖြစ်အောင် စောစော ကာကွယ်နိုင်ပါသည်။

    ကာကွယ်ရန် နည်းလမ်းများ

    ယေဘူယျအားဖြင့် Toxoplasmosis ရောဂါသည် ကျန်းမာသော သူတွင် ကူးစက်ခံရလျှင် မပြင်းထန်သော်လည်း ကိုယ်ဝန်ဆောင်ချိန်တွင် ကူးစက်ခံရလျှင် အချင်းနှင့် သနေ္ဓသားကို ထိခိုက်ခြင်း ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ရှိသော အမျိုးသမီးများတွင် ကာကွယ်ခြင်းသည် အရေးကြီးဆုံးဖြစ်ပါသည်။ အောက်ပါတို့သည် ထိုရောဂါ မဖြစ်အောင် ဆင်ခြင်နေထိုင်ရမည့် နည်းလမ်းများ ဖြစ်ပါသည်။

    • အစားအစာများကို ချက်ပြူတ်ရာတွင် စိတ်ချရသော အပူချိန်အထိ ကျက်အောင် ချက်ပြုတ်ခြင်း၊ အစားအစာများကို ကျက်မကျက်သိစေရန်အပူချိန်တိုင်း ကိရိယာများကို အသုံးပြုခြင်းတို့ ပြုလုပ်ပါ။ ထို့ပြင် အသားငါးများ ပန်းရောင်သမ်းနေလျှင် မကျက်သေးလျှင် မစားပါနှင့်၊ အရည်များကိုလည်း ကြည်နေမှသာသောက်သုံးပါ။
    • အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များတွင် ကပ်ပါးကောင်များ ကပ်တွယ်နေတတ်သောကြောင့် ယင်းတို့ကို မစားမီ သေချာစွာဆေးကြောပါ။ အခွံနွှာပါ။
    • စဉ်းတီတုံးများ၊ ပန်းကန်များ၊ ချက်ပြုတ်စင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ နှင့် လက်များကို အသားစိမ်းငါးစိမ်းများနှင့် ထိပြီးလျှင် ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပါ။
    • ကြောင်စာခွက်များကို အလဲအလှယ်ပြုလုပ်ခြင်းကို ရှောင်ကျဉ်ပါ။ ပြုလုပ်မည်ဆိုပါကလည်း လက်အိတ်ဖြင့် ပြုလုပ်ပါ။ လက်ကိုသေချာစွာဆေးပါ။ ဖြစ်နိုင်လျှင် ကြောင်စာများကို နေ့တိုင်းလဲခြင်း၊ ကြောင်ကို လှောင်အိမ်ထဲသွင်းခြင်းတို့ကို ပြုလုပ်ရန် အခြားတစ်ယောက်အား အကူအညီတောင်းပါ။ လမ်းဘေးကြောင်များကို လက်ဖြင့် မကိုင်ပါနှင့်။ သင့်ကြောင်ကိုလည်း မချက်ပြုတ်ရသေးသော အသားများ၊ အသားစိမ်းများကို မကျွေးပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Pregnancy and Toxoplasmosis. http://www.webmd.com/baby/toxoplasmosis#2. Accessed March 21, 2017.

    Parasites – Toxoplasmosis (Toxoplasma infection). https://www.cdc.gov/parasites/toxoplasmosis/gen_info/pregnant.html.Accessed March 21, 2017.

    စာရေးသူ ဓာတ်ပုံbadge
    Dr. K Zin Thwe မှ ရေးသားသည်။ 19/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။