backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ ဘာတွေ ကြုံတွေ့နိုင်သလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ ဘာတွေ ကြုံတွေ့နိုင်သလဲ။

၉လလွယ် ၁၀လဖွား ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတွေအတွက် အချိုးအကွေ့တစ်ခုပါ။ ကိုယ်ဝန်စရှိချိန်က စပြီး မွေးတဲ့အချိန်အထိ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များစွာကို ကြုံတွေ့ရပါမယ်။ မေမေတို့ လအလိုက် ဘာတွေ ကြုံတွေ့ရနိုင်သလဲ။ ဘာတွေကို ကြိုမျှော်လင့်ထားရမလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာပြဿနာတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ လဲဆိုတာ ပြောပြပေးပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရနိုင်တဲ့ ပြောင်းလဲမှုများ

၉လလွယ် ကာလမှာ ၃လတစ်ဖြတ် Trimesterခွဲထားလေ့ ရှိပါတယ်။ အပတ်နဲ့ဆို ၁၃ပတ်စီပါ။ ဒီကာလအပိုင်းအခြားတွေမှာ မေမေတို့ ကြုံတွေ့ရနိုင်တဲ့ ပြောင်းလဲမှုတွေကတော့

  • ပထမ ၃လမှာ ကြုံရတဲ့ ပြောင်းလဲမှုများ
ပထမ ၃လကတော့ ကိုယ်ဝန်နုချိန်ပါ။ ရာသီပျောက်တာကို စပြီး သတိထားမိမယ်။ ဆီးစစ်ကြည့်ရင် ကိုယ်ဝန်ရှိနေတာ သတိထားမိမယ်။ ဗိုက်ထဲမှာ သန္ဓေသားလေးက သားအိမ်နံရံကို တွယ်ကပ်နေမယ်ပေါ့။ ဒီကနေစလို့ မေမေတို့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ စဖြစ်လာပါပြီ။ အဓိကကတော့ ဟော်မုန်းအပြောင်းအလဲကြောင့်ပါပဲ။
-အရင်ကထက်စာရင် နုံးနေမယ်။
-ရင်သားတွေ တင်းပြီး နာနေမယ်။
-ပျို့အန်ချင်လာမယ်။
-ချင်ခြင်းတွေ တက်လာမယ်။
-စိတ်အတက်အကျတွေ ဖြစ်လာမယ်။
-ဝမ်းချုပ်မယ်။
-ဆီးခဏခဏ သွားချင်မယ်။
-ခေါင်းကိုက်မယ်။
-ရင်ပူမယ်။
-ဝလာမယ် ဒါမှမဟုတ် ပျို့အန်ပြီး အစားမဝင်တာကြောင့် ပိန်သွားမယ်။

ဒီတော့ မေမေတို့အနေနဲ့ စားသောက်နေထိုင်ပုံတွေ ပြောင်းလဲဖို့ လိုလာပါပြီ။ နုံးတာသက်သာအောင် စောစောအိပ်ကြမယ်။ ပျို့အန်တာ သက်သာအောင် နည်းနည်းနဲ့ ခဏခဏစားကြမယ်။ ဒီလို ဗိုက်ကြီးနာစွဲတာက အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့ကလည်း သာမန်အတိုင်းပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားပေမယ့် တချို့ကျတော့လည်း ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ ဒီလတွေမှာ ကိုယ်ဝန်စအပ်ဖို့လည်း မမေ့ပါနဲ့ မေမေတို့။

  • ဒုတိယ ၃လမှာ ကြုံရမယ့် အပြောင်းအလဲတွေ

ဒုတိယ ၃လထဲ ဝင်လာရင်တော့ ပထမလလောက်တော့ ပျို့အန်တာတွေ၊ နုံးတာတွေ မဆိုးတော့ပါဘူး။ ဒါပေမယ့် ကလေးလေးက ပိုကြီးလာတော့ ဗိုက်ထဲက သူ့ကို ပိုပြီး ခံစားမိလာပါတယ်။ ကလေးလှုပ်တာကို စပြီး သိလာပါပြီ။ သားဦးမေမေတွေကတော့ နည်းနည်းလေး နောက်ကျမှ သိရနိုင်ပါတယ်။ ဒါ့ပြင်

-ကိုယ်ဝန်ရင့်လာတာနဲ့ အမျှ ခါး၊ ဗိုက်နဲ့ ပေါင်တွေမှာ ကိုက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။

-ဗိုက်၊ ရင်သား၊ ပေါင်နဲ့ တင်ပါးတွေမှာ အကြောပြတ်ရာတွေ ပေါ်လာပါတယ်။

-နို့သီးခေါင်း ဘေးပတ်လည်မှာ ပိုပြီး ညိုလာပါမယ်။

-ချက်ကနေ ဆီးခုံထိ အညိုရောင်လိုင်းလေး ပေါ်လာပါမယ်။ (linea nigra လို့ ခေါ်ပါတယ်။)

-မျက်နှာမှာ တင်းတိပ်လေးတွေ ပိုထွက်လာပါတယ်။

-လက်ဖျားလေးတွေ ထုံတာ၊ ကျဉ်တာ ဖြစ်လာနိုင်ပါတယ်။

-ဗိုက်ကြောတွေ ယားလာတတ်ပါတယ်။

-ခြေလက်တွေ ဖောလာနိုင်ပါတယ်။ (အချိန်တိုလေးအတွင်းမှာ ဖောလာတယ်။ မျက်နှာတွေပါ ဖောလာတယ်ဆိုရင် ဆရာဝန်နဲ့ ပြန်ပြပါ။ ကိုယ်ဝန်ဆိပ်တက်နေတာလားဆိုတာ စစ်ဆေးရမှာပါ)

  • တတိယ ၃လ

နောက်ဆုံး မွေးခါနီး အချိန်ကို ရောက်လာခဲ့ပါပြီ။ ဒုတိယ ၃လပတ်က ခံစားရတာတွေကို ဆက်ပြီး ခံစားနေရဦးမှာပါ။ ကလေးက ပိုကြီးလာတဲ့အတွက် ဗိုက်ထဲမှာ ဖိနေပြီး ဆီးခဏခဏ သွားချင်တာ၊ အသက်ရှူရခက်တာတွေ ခံစားရနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကလေးမွေးပြီးသွားရင် သက်သာသွားမှာပါ။ တခြားပြောင်းလဲမှုတွေ အနေနဲ့

-ခြေလက်တွေ ဖောလာနိုင်ပါတယ်။ (ကိုယ်ဝန်ဆိပ်တက်တာလည်း ဖြစ်နိုင်လို့ အထူးဂရုစိုက်ဖို့ လိုပါတယ်)

-လိပ်ခေါင်းထွက်တာ

-ရင်သားတွေ တင်းပြီး နို့ဦးရည်တွေ စိမ့်ထွက်လာတာ

-ချက်စူလာတာ

-ကလေးက မွေးလမ်းကြောင်းထဲကို ဆင်းလာလို့ ဆီးခုံတွေ တင်းပြီး ရင်ခေါင်းထဲမှာ ချောင်သွားတာ

အမွေးသင်တာ

-အိပ်ရခက်တာ၊ ရင်ပူတာ၊ မောတာ စတာတွေ ခံစားရနိုင်ပါတယ်။

မွေးရမယ့် အချိန်လည်း နီးလာပြီ ဖြစ်တဲ့အတွက် ဆေးရုံတက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားဖို့ အချိန်ရောက်လာပါပြီ။

ဒါတွေကတော့ ကိုယ်ဝန်ဆောင်ချိန် မှာ ကြုံရမယ့် အပြောင်းအလဲတွေ ဖြစ်ပြီး အများစုက မွေးပြီးရင် သက်သာသွားကြပါတယ်။ ဆက်ပြောမှာကတော့ အမေနဲ့ ကလေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေ အကြောင်းပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လအလိုက် ကြုံရနိုင်တဲ့ အန္တရာယ်ရှိ အခြေအနေများ

ပထမ ၃လပတ်

ကိုယ်ဝန်လနုချိန် ဖြစ်တဲ့အတွက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များပါတယ်။ ပျက်ကျရခြင်းရဲ့ အဓိကအကြောင်းရင်းက ကလေးရဲ့ မျိုးဗီဇမူမမှန်လို့ပါ။ ဒါကြောင့် အသက်ဆက်ရှင်ဖို့ မဖြစ်နိုင်လို့ အလိုအလျောက်ပျက်ကျသွားတာပဲ ဖြစ်ပါတယ်။

သားအိမ်ထဲမှာ မဟုတ်ဘဲ တခြားနေရာမှာ သန္ဓေတည်တာပါ။ သားဥပြွန်ထဲမှာ သန္ဓေတည်တာ များပါတယ်။ အခန့်မသင့်ရင် သားဥပြွန်ပေါက်ပြီး သွေးထွက်လွန်နိုင်ပါတယ်။

အချင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေရှိနေတာကြောင့် ကလေးကို ဆက်ပြီး မပံ့ပိုးနိုင်တော့တာပါ။ ဒီလို ဖြစ်ရတာက မျိုးအောင်တုန်းက မျိုးဗီဇတွေ ပုံမှန်မဟုတ်ဘဲ ပေါင်းသွားလို့ပါ။ အသက်ကြီးတဲ့ မေမေတွေ (အသက် ၄၀ကျော်တွေ)မှာ အဖြစ်များပါတယ်။

ဒုတိယ ၃လပတ်

ဒီကာလမှာ ကိုယ်ဝန်ဆောင်ဆီးချိုကလည်း အဖြစ်များတဲ့အတွက် လိုအပ်ရင် စစ်ဆေးရနိုင်ပါတယ်။ ဆီးချိုရှိနေရင် အမေနဲ့ ကလေး မထိခိုက်အောင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

  • အချင်းပြဿနာ

အချင်းရှေ့ရောက်တာ၊ အချင်းစောကွာတ စတာတွေကို သတိထားရမှာပါ။ အချင်းပြဿနာတွေက ကလေးအနေအထားမမှန်တာကို ဖြစ်စေတဲ့အတွက် မွေးဖွားတဲ့နေရာမှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ကိုယ်ဝန်အပ်တာ၊ အယ်ထွာဆောင်းရိုက်တာတွေ လိုအပ်တာပါ။

တတိယ ၃လပတ်

  • ကိုယ်ဝန်ဆောင် ဆီးချို

နောက်ဆုံးလတွေ ရောက်နေပေမယ့်လည်း ဆီးချိုကို သတိထားရဦးမှာပါ။ ကိုယ်ဝန်ဆောင်ဆီးချိုက ကလေးကို လိုအပ်တာထက် ပိုကြီးစေပြီး မွေးဖွားရခက်စေလို့ပါ။

  • ကိုယ်ဝန်ဆိပ်တက်တာ
  • သတိကြီးကြီးထားရမယ့် ပြဿနာပါ။ အခန့်မသင့်ရင် အမေရော ကလေးပါ ဒုက္ခရောက်နိုင်ပါတယ်။ လိုအပ်ရင် စောမွေးရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေကို သိထားပြီး စောင့်ကြည့်နေဖို့ လိုပါတယ်။

    • လမစေ့ဘဲ မွေးတာ

    လမစေ့ဘဲ မွေးတဲ့အခါ အထူးသဖြင့် ၇လမတိုင်ခင် မွေးတဲ့အခါ ကလေးမှာ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ကြုံရတတ်ပါတယ်။

    • ရေမြွာရည် စောပေါက်တာ

    ကလေးမမွေးချင်သေးဘဲ ရေမြွာရည်စောပေါက်တဲ့အခါ မိန်းမကိုယ်ထဲ ပိုးဝင်တာ၊ လမစေ့ဘဲ မွေးလိုက်ရတာမျိုးတွေ ရှိတတ်ပါတယ်။

    ကိုယ်ဝန်ပတ် ၄၂ပတ်ရောက်နေပေမယ့် မမွေးသေးတာမျိုးပါ။ ကြာလာရင် အမေရော ကလေးပါ ထိခိုက်နိုင်တာကြောင့် ဆေးသွင်းပြီး ဗိုက်နာအောင် လုပ်၊ ကလေးမွေးရတာမျိုးတွေ ရှိတတ်ပါတယ်။

    Takeaway

    ကိုယ်ဝန်ဆောင်ကာလမှာ ပြောင်းလဲမှုတွေ၊ အန္တရာယ်ရှိတဲ့ အခြေအနေတွေ ကြုံရနိုင်ပေမယ့် မေမေအများစုက ကောင်းကောင်းကျော်ဖြတ်နိုင်ပြီး ကျန်းမာတဲ့ ကလေးလေးကို မွေးနိုင်ကြပါတယ်။ ဒါတွေကို ပြောပြရတာက မေမေတို့ ကိုယ်ဝန်ဆောင်ချိန် မှာ ဘာတွေ ကြုံရနိုင်လဲဆိုတာကို သိစေချင်တာကြောင့်ရယ်၊ ကိုယ်ဝန်စောစော အပ်စေချင်တာကြောင့်ရယ်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်အပ်ထားမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ကိုယ်ဝန်ဆောင်ပြဿနာတွေကို စောစောသိပြီး ကုသနိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement