backup og meta

မျိုးမအောင်တာ နဲ့ ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျိုးမအောင်တာ နဲ့ ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများ

    လေဖြတ်တယ်ဆိုတာက လူတစ်ယောက်ကို အသက်ဆုံးရှုံးစေနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေထဲက တစ်ရပ်ပါ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး လေဖြတ်နိုင်ခြေ များပါတယ်။ လေဖြတ်တဲ့အခါမှာလည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ပြင်ပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မျိုးမအောင်တာ နဲ့ ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများ နိုင်တယ်ဆိုတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။

    လေဖြတ်တယ် ဆိုတာ

    လေဖြတ်တယ်ဆိုတာက ဦးနှောက်ဆီကို အောက်ဆီဂျင် နဲ့ အာဟာရပြည့်ဝစွာပါဝင်နေတဲ့ သွေးတွေရောက်ရှိမှု မရှိတာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှု ရပ်တန့်သွားတဲ့ အခြေအနေပါ။ ဦးနှောက်ဆီ စီးဆင်းတဲ့ သွေးကြောတွေ ပိတ်ဆို့သွားတာကြောင့် လေဖြတ်နိုင်သလို ဦးနှောက်ထဲက သွေးကြော​ ပေါက်သွားတာကြောင့်လည်း လေဖြတ်နိုင်ပါတယ်။

    လေဖြတ်တာက အရေးပေါ် ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ လေဖြတ်ပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ ဆေးကုသမှု အချိန်မီ ခံယူမှလည်း ပြန်ကောင်းလာနိုင်ခြေ များတာပါ။

    အမျိုးသားတွေထက် အမျိုးသမီးတွေက လေဖြတ်နိုင်ခြေ ပိုများတယ်ဆိုတာ

    အမျိုးသမီးတွေက အမျိုးသားတွေထက် လေဖြတ်နိုင်ခြေ ပိုများပါတယ်။ ကမ္ဘာတလွှားမှာ နှစ်စဉ် လေဖြတ်တာကို လူဦးရေ ၁၂.၂ သန်းကျော် ခံစားနေရပါတယ်။ လေဖြတ်တာက မသန်စွမ်းမှုကို ဖြစ်စေပြီး သေဆုံးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။

    အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ရှည်တာကြောင့် လေဖြတ်နိုင်ခြေ ပိုများနေတာပါ။ ယေဘုယျအားဖြင့် အသက်ရှည်လေလေ ဘဝမှာ တစ်ကွေ့မဟုတ် တစ်ကွေ့ လေဖြတ်နိုင်လေပါပဲ။ အသက် ၅၅ နှစ် ကနေ ၇၅ နှစ်အရွယ်ရှိတဲ့ အမျိုးသမီး ၅ ဦးမှာ ၁ ဦးက လေဖြတ်နိုင်ခြေရှိပါတယ်။

    အမျိုးသမီးတွေဟာ အသက်ရှည်တာကြောင့်တင် မဟုတ်ဘဲ မျိုးမအောင်တာ၊ ကိုယ်ဝန်ပျက်ကျတာ၊  ကလေး အသေမွေးဖွားတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများနေပါတယ်။

    မျိုးမအောင်တာ နဲ့ ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများ

    မျိုးမအောင်တာ နဲ့ ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများ

    အရင်တုန်းကတော့ အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ များစေတဲ့ အချက်က ဟော်မုန်းပါတဲ့ သန္ဓေတား သောက်ဆေးတွေနဲ့ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းပြောင်းလဲတာကြောင့်လို့ သိထားကြပါတယ်။

    မကြာသေးခင်က အသက် ၃၂ နှစ် ကနေ ၇၃ နှစ်အရွယ်ရှိ အမျိုးသမီး ၆၁၈၀၀၀ ပါဝင်ခဲ့တဲ့ လေ့လာမှု တစ်ရပ်အရ ကိုယ်ဝန် ၃ ကြိမ် နဲ့ ၃ ကြိမ်အထက် ပျက်ကျဖူးတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန် မပျက်ကျဘူးတဲ့ အမျိုးသမီးတွေထက် အသက်အန္တရာယ်ရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုများနေပြီး အသက်အန္တရာယ် မရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ၈၂ ရာခိုင်နှုန်း ပိုများနေပါတယ်။

    ကလေး အသေမွေးဖွားဖူးတဲ့ အမျိုးသမီးတွေမှာ အခြားအမျိုးသမီးတွေထက် အသက်အန္တရာယ်ရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ၀.၇ ရာခိုင်နှုန်း ပိုများနေပြီး အသက်အန္တရာယ် မရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ၂.၈ ရာခိုင်နှုန်း ပိုများနေပါတယ်။

    လေ့လာမှု အသစ်အရ သိရတဲ့ ရလဒ်

    လေ့လာမှု အသစ်အရ သိရတဲ့ ရလဒ်က အမျိုးသမီးတွမှာ မျိုးမအောင်တာ၊ ကိုယ်ဝန်ပျက်ကျတာနဲ့ ကလေး အသေမွေးဖွားတာတွေက အမျိုးသမီးတွေကို လေဖြတ်နိုင်ခြေ ပုံမှန်ထက် ပိုများနေပါတယ်။

    • မျိုးမအောင်ခြင်းက အသက်အန္တရာယ် မရှိတဲ့ လေဖြတ်နိုင်ခြေ ခံစားရနိုင်ခြေ များပါတယ်။
    • အကြိမ်ကြိမ် ကလေးအသေမွေးဖွားသူတွေမှာ ဦးနှောက်ဆီ သွေးစီးဆင်းနေတဲ့ သွေးကြော ပိတ်ဆို့သွားတာကြောင့် ဖြစ်ရတဲ့ အသက်အန္တရာယ်မရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ များပါတယ်။
    • အကြိမ်ကြိမ် ကိုယ်ဝန်ပျက်ကျသူတွေမှာ  အသက်အန္တရာယ် ရှိတဲ့ လေဖြတ်တာကိုရော အသက်အန္တရာယ် မရှိတဲ့ လေဖြတ်တာကိုရော ခံစားရနိုင်ပါတယ်။

    အမျိုးသမီးတွေမှာ ဒီအချက်တွေကြောင့်လည်း လေဖြတ်နိုင်ခြေ များသလို နေ့စဉ်နေထိုင် စားသောက်မှုပုံစံနဲ့ မျိုးဗီဇတွေကြောင့် လေဖြတ်နိုင်ခြေ များပါတယ်။

    လေဖြတ်တာကို ကာကွယ်လို့ ရလား

    များသောအားဖြင့်ကတော့ ကိုယ်ဝန်ပျက်ကျဖူးသူတွေမှာ ကိုယ်ဝန်ပျက်ကျပြီး ၁၀ နှစ်လောက်အကြာမှာ လေဖြတ်တာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် လေဖြတ်တာကို ကာကွယ်ချင်တယ်ဆိုရင် နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြောင်းလဲတာက နည်းလမ်းကောင်းတစ်ရပ်ပါ။

    မျိုးမအောင်တာ၊ ကလေးအသေမွေးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျတာတွေနဲ့ လေဖြတ်တာတွေရဲ့ ကြားက ဆက်စပ်မှုတွေကို သေသေချာချာ တိတိကျကျ သိရှိနိုင်စေဖို့အတွက် နောက်ထပ်လေ့လာမှုတွေကို လုပ်ဆောင်ဖို့တော့ လိုဦးမယ်လို့ သုတေသီတွေက ဆိုပါတယ်။

    မျိုးမအောင်တာ၊ ကလေးအသေမွေးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျတာတွေ နဲ့အတူ သွေးတိုးရောဂါ၊ နှလုံးရောဂါ ရှိနေတာတွေကလည်း လေဖြတ်တာကို ခံစားရနိုင်ခြေ တိုးစေပါတယ်။

    ဒါကြောင့် ကိုယ်တိုင်က မျိုးမအောင်တာ၊ ကလေးအသေမွေးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျတာလိုမျိုး မျိုးပွားမှုကျန်မာရေးဆိုင်ရာ ပြဿနာလေးတွေ ရှိမယ်ဆိုရင် လေဖြတ်တာကို ကာကွယ်နိုင်မယ့် စားသောက်နေထိုင်မှုပုံစံကို မွေးမြူဖို့ လိုပါမယ်။

    လေမဖြတ်အောင် ကာကွယ်ချင်တဲ့ အမျိုးသမီးတွေအတွက်

    မျိုးမအောင်တာ၊ ကလေးအသေမွေးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျတာလိုမျိုး မျိုးပွားမှုကျန်မာရေးဆိုင်ရာ ပြဿနာလေးတွေ ရှိမယ်ဆိုရင် လေဖြတ်တာကို ကာကွယ်နိုင်မယ့် စားသောက်နေထိုင်မှုပုံစံကို မွေးမြူဖို့ လိုပါမယ်။
    နှလုံးကျန်းမာရေးကို ဂရုစိုက်ပေးတာ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်တာ၊ အဆီ၊ အချိုကဲ၊ အငန်ကဲတာတွေကို လျှော့စားတာမျိုးတွေပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement