backup og meta

ငါးကြီးဆီကို ကလေးဘယ်အရွယ်မှာစတိုက်ရမလဲ၊ ဘယ်နှစ်လုံးတိုက်ရမလဲ မသိတဲ့ မေမေတို့အတွက်။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငါးကြီးဆီကို ကလေးဘယ်အရွယ်မှာစတိုက်ရမလဲ၊ ဘယ်နှစ်လုံးတိုက်ရမလဲ မသိတဲ့ မေမေတို့အတွက်။  ။

    ထမင်းစားပွဲမှာ ကြက်သားဟင်းနဲ့ ငါးဟင်းနှစ်မျိုး ချထားမယ်ဆို ကလေးတွေဘာကို ရွေးစားမယ်လို့ ထင်ပါသလဲ။ ကလေး ၇၅ ရာခိုင်နှုန်းလောက်က ကြက်သားဟင်းကိုပဲ ရွေးကြမှာ အသေအချာပါ။ ဘာလို့လဲဆိုတော့ ငါးက အရိုးများတာက တစ်ကြောင်း၊ ညှီတတ်တာကတစ်ကြောင်းနဲ့ စားလို့မကြိုက်ကြတဲ့ အပြင် ငါးကို ချက်ပြုတ်ဖို့ ကိုင်တွယ်ရတာလည်း အလုပ်ရှုပ်တော့ အိမ်ကသိပ်မချက်တာနဲ့ ကလေးတော်တော်များများက ငါးတွေသိပ်မစားဖြစ်ကြပါဘူး။ တကယ်တော့ အဆီများတဲ့ ငါးတွေဖြစ်တဲ့ ဆော်လ်မွန်ငါးတို့ ၊ ဆာဒင်းငါးတို့မှာ လူတို့အတွက် သိပ်ကို အကျိုးပြုတဲ့ Omega 3နဲ့Omega 6 fatty acids တွေ အများကြီးပါပါတာကြောင့် ငါးဆိုတာ စားသင့်တဲ့အရာပါ။ ။

    အကျိုးပြု Omega 3နဲ့Omega 6 fatty acids လို့ဘာကြောင့်ခေါ်တာလဲ။ ။

    Omega 3နဲ့Omega 6 fatty acids တွေမှာ EPA နဲ့ DHA တိုကပါဝင်တဲ့အတွက်ကြောင့် သူတို့ဟာ

  • အာရုံကြောစနစ်ရဲ့ ဆဲလ်တွေတည်ဆောက်တာကို အားပေးတယ်။
  • နှလုံးကြွက်သားတွေကို အားကောင်းစေတယ်။
  • ခုခံအားစနစ်ကိုအားကောင်းစေတယ်။
  • လိုအပ်တဲ့အာဟာရတွေ စုပ်ယူတဲ့နေရာမှာ အကူအညီပေးတယ်။
  • ဦးနှောက်နဲ့အမြင်အာရုံဖွံဖြိုးစေဖို့အတွက်လည်း သူက အဓိကပါတယ်။
  • သူတို့နှစ်မျိုးလုံးက (polyunsaturated fats ) မပြည့်ဝဆီတွေဖြစ်လို့ ကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့ LDLကိုလက်စရောကို လျော့ကျစေတဲ့အပြင် ကိုယ်တွင်းရောင်ရမ်းတာတွေတာကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် သူတို့ကို ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြု fatty acid လို့ခေါ်ကြတာပါ။ ကိုယ်ခန္ဓာက မထုတ်ပေးနိုင်တဲ့အတွက် fatty acid ဆိုတာ နေ့စဉ်စားတဲ့ အစားအသောက်တွေထဲ ပါကိုပါရမယ့် အရာတစ်ခုပါ။ ဒါကြောင့် ခုမှ ကြီးထွားဖွံ့ဖြိုးဖို့ တာဆူနေတဲ့ ကလေးတစ်ယောက်မှာ fatty acidက မရှိမဖြစ်လိုအပ်ပါတယ်။

    ဒီလို ကောင်းကျိုးတွေပေးတဲ့ အိုမီဂါကို ဘယ်အရင်းအမြစ်တွေကနေ ရရှိနိုင်မလဲ။ ။

    နေကြာဆီ၊ ပြောင်းဖူးဆီ၊ သစ်ကြားသီး၊ ပဲပိစပ်၊ နှမ်း စတာတွေမှာ Omega-6 ကြွယ်ဝစွာပါဝင်ပါတယ်။ ဆယ်လ်မွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး တို့လိုအဆီများတဲ့ ငါးတွေကနေ Omega-3 အဓိက ရပါတယ်။

    ငါးမကြိုက်တဲ့ကလေးတွေရော Omega 3နဲ့ Omega 6 fatty acids မရနိုင်တော့ဘူးလား။ ။

    ကလေးတစ်ယောက်အတွက် ဦးနှောက်နဲ့ ကိုယ်ခန္ဓာဖွံဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့Omega 3နဲ့ Omega 6 fatty acids တွေက ငါးစားမှ ရမှဆိုတော့ ငါးဆို ဘယ်လိုကျွေးကျွေးမစားတဲ့ ကလေးတွေမှာ အာဟာရဓာတ်ချို့တဲ့နေရင် ဘယ်လိုလုပ်မလဲ။ အဲဒီအတွက် စိတ်မပူပါနဲ့။ သင့်မေးခွန်းတွေ စိုးရိမ်နေရတာတွေကို အကောင်းဆုံးဖြေရှင်းပေးမယ့် ငါးကြီးဆီရှိပါတယ်။

    ငါးကြီးဆီ ဘယ်လိုအလုပ်လုပ်လဲ။ ။

    ငါးကြီးဆီရဲ့ အကျိုးကျေးဇူး အတော်များများဟာ သူ့မှာ ပါဝင်တဲ့ omega-3 fatty acids တွေက ရတာဖြစ်ပါတယ်။ Omega- 3 fatty acids နှစ်မျိုးဖြစ်တဲ့ EPA နဲ့ DHA တွေဟာ ငါးကြီးဆီ ဖြည့်စွက်စာတွေမှာ ပါဝင်ပြီး သူတို့က ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံသန်စွမ်းလာစေဖို့အတွက် အဓိက ဇာတ်လိုက်တွေပါ။

    ကလေးတွေကို ငါးကြီးဆီ ဘယ်အရွယ်မှာ စတိုက်ရမလဲ။ ။

    ကလေးအသက်ဘယ်လောက်ဆို ငါးကြီးဆီ တိုက်မှရမယ်ဆိုတဲ့ ကန့်သတ်ချက်တော့ မရှိပါဘူး။ ကလေး အသက် ၆ လအထိက မိခင်နို့တစ်မျိုးတည်း တိုက်ရမယ်ဆိုတာကတော့ အားလုံးအသိပါ။ ဒီတော့ ဖြည့်စွက်စာကျွေးတဲ့ အရွယ်မှာ ကိုယ့်ကလေးက အပေါ်မှာပြောထားတဲ့ ငါးတွေ မစားတဲ့သူ၊ EPA နဲ့ DHA တို့ပါတဲ့ အာဟာရနို့မှုန့်တွေ မသောက်ဘူးဆိုရင်တော့ ကလေးကို ငါးကြီးဆီတိုက်ဖို့လိုပါတယ်။ အတိုချုပ်ပြောရရင် ငါးကြီးဆီ တိုက်သင့်တဲ့ အရွယ်ဆိုတာ အတိအကျ သတ်မှတ်ထားတာမရှိပါဘူး။ ကိုယ့်ကလေးက ငါးမစားဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ငါးကြီးဆီ တိုက်သင့်ရင်တိုက်ရပါမယ်။

    ငါးကြီးဆီ ဘယ်လောက်ပမာဏ ကလေးတွေကို တိုက်ရမှာလဲ။ ။

    ကလေးတစ်ယောက်သောက်သင့်တဲ့ ငါးကြီးဆီ ပမာဏကို ငါးကြီးဆီတွေမှာပါတဲ့ EPA နဲ့ DHA ပမာဏနဲ့ ဆုံးဖြတ်ပါတယ်။

    • အသက် ၄ နှစ်မှ ၈နှစ်ကလေး ။ ။ EPA နဲ့ DHA နှစ်ခုပေါင်းပမာဏ ၁၀၀၀ မီလီဂရမ်- ၁၅၀၀ မီလီဂရမ် လိုပါတယ်။
    • အသက် ၈ နှစ်အထက်ကလေး ။ ။ EPA နဲ့ DHA နှစ်ခုပေါင်းပမာဏ ၂၀၀၀ မီလီဂရမ်- ၂၅၀၀ မီလီဂရမ် လိုပါတယ်။

    သဘောကတော့ ကိုယ်ငါးကြီးဆီဝယ်ပြီဆိုရင် ငါးကြီးဆီဘူးနောက်မှာပါတဲ့ EPA နဲ့ DHA ပမာဏနှစ်ခုကို တစ်ချက်ပေါင်းပြီး ကိုယ့်ကလေး အသက်နဲ့ ပြန်ချိန်ဆပါ ။ ငါးကြီးဆီတော်တော်များများကတော့ လိုအပ်တဲ့ ပမာဏတွေ ချိန်ပြီး ထုတ်ထားတာဖြစ်ပါတယ်။ လူကြီးဆို ဘယ်နှစ်လုံး ကလေးဆို ဘယ်နှစ်လုံးဆို သောက်ရမလဲဆိုတာက ကိုယ်ဝယ်သောက်တဲ့ ငါးကြီးဆီ တံဆိပ်ပေါ်မူတည်ပါတယ်။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement