backup og meta

ကလေးကို လူကြီးစာတွေ ကျွေးသင့်မသင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို လူကြီးစာတွေ ကျွေးသင့်မသင့်

    အစာမာတွေ စတင်စားဖူးကာစ ကလေးတွေဟာ လူကြီးတွေ ပါးစပ်လှုပ်တာနဲ့ ပါးစပ်လေးလိုက်ဟပေးတတ်ကြပါတယ်။ သူတို့အာဟာရဖြစ်တဲ့ နို့နဲ့ထမင်းတွေက လွဲရင် ကျန်တာ အရသာပိုရှိမယ်ဆိုတာ သိနေတာကိုး။ လူကြီးတွေ ဘာလေးပဲစားစား အကုန်လိုက်စားချင်၊ မြည်းကြည့်ချင်ကြတယ်။ ဒီလိုအချိန်မှာ ကလေးကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှုမရှိဘဲ အကုန်ကျွေးမယ်၊ အရာရာအလိုလိုက်မယ်၊ ကိုယ်တိုင်လည်း စားချင်ရာစားပြမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။

    ငယ်ကတည်းက ကျန်းမာရေးအခြေမခိုင်တဲ့ ချူချာသူလေးတွေအဖြစ် ကြီးပြင်းလာရတော့မှာပေါ့။ တချို့အစားအစာတွေက လူကြီးတွေနဲ့တောင် ကျန်းမာရေးနဲ့မညီတာ၊ ကလေးတွေနဲ့ဘယ်သင့်တော်ပါ့မလဲ။ အရင်ဆုံး ကလေးတွေကို စည်းကမ်းတကျ စားသောက်တတ်အောင် အကျင့်လုပ်ပေးရပါမယ်။ ကလေးဆိုတာ ပါးစပ်ထဲထည့်လို့ရတာမှန်သမျှ လိုက်စားကြည့်မယ် (စားစရာမဟုတ်လည်းကောက်ထည့်တတ်တယ်)၊ အရသာသိပ်မခံတတ်ဘဲ ကိုက်စားပစ်မယ်၊ မျိုချပစ်မယ်(သွားပေါက်ကာစဆိုတော့ ဝါးဖို့ထက် တကိုက်ကိုက်ပြီးမျိုချလိုက်ဖို့ ပိုစိတ်လောပါတယ်)၊ ကိုယ်စားရမယ့် ထမင်းအာဟာရကျတော့ သိပ်မစားချင်တော့ဘူး။ အရသာသစ်တွေကို မက်မောပြီး လူကြီးတွေစားသမျှကို ထိုင်မျှော်နေပါတော့တယ်။

    ကလေးကိုကျွေးဖို့ မသင့်တော်တဲ့ အစားအစာ

    လူကြီးတွေစားနေတဲ့ အစားအသောက်တွေထဲမှာ ကလေးအတွက် ကျန်းမာရေးနဲ့မညီတာတွေရှိနေတတ်လို့ သတိထားသင့်ပါတယ်။

    • နွားနို့နဲ့ ပဲနို့

    အားရှိအောင်ဆိုပြီး ကလေးကို နွားနို့တွေတိုက်တာ၊ ဉာဏ်ကောင်းအောင်ဆိုပြီး ပဲနို့တွေတိုက်တာ ခုချိန်မှာမလုပ်သင့်သေးပါဘူး။ မိခင်နို့ သို့မဟုတ် ဖွံ့ဖြိုးကြီးထွားမှုကိုအားပေးတဲ့ အာဟာရနို့မှုန့်တွေတိုက်လို့ပဲ သင့်တော်ပါတယ်။ ကလေးရဲ့အစာအိမ်က ပဲနို့၊ နွားနို့တို့မှာပါတဲ့ ပရိုတင်းတွေကိုချေဖျက်ဖို့မလွယ်သေးတဲ့အပြင် နွားနို့မှာပါတဲ့ သတ္တုဓာတ်တွေက ကလေးရဲ့ကျောက်ကပ်ကိုထိခိုက်နိုင်ပါတယ်တဲ့။

    • ပျားရည်

    ပျားရည်မှာ အစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်တဲ့Clostridium botulinum ဘက်တီးရီးယားတွေရဲ့မျိုးမှုန်တွေ တစ်ခါတလေ ပါဝင်တတ်ပါတယ်။ လူကြီးတွေရဲ့အူလမ်းကြောင်းမှာတော့ ဒီမျိုးမှုန်တွေပေါက်ဖွားလာမှုကို လွယ်လွယ်လေးကာကွယ်ရှင်းလင်းနိုင်ပေမယ့် ကလေးအတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်။

    • စေးကပ်တဲ့ စားစရာ

    ပီကေ သို့မဟုတ်စေးကပ်တဲ့စားစရာတွေ( ဂျယ်လီ၊ ဂျယ်လီသကြားလုံးတွေ၊ သစ်သီးခြောက်တွေအပါအဝင်)တွေက ကလေးရဲ့လည်ချောင်းထဲမှာ တစ်ဆို့သွားနိုင်တဲ့အန္တရာယ်ရှိပါတယ်။ အသီးတွေတောင်မှ ပိန္နဲသီးလိုမျိုးတွေဆို အမျှင်တွေတန်းပြီး နင်တာ၊တစ်ဆို့တာဖြစ်နိုင်လို့ သတိထားပါ။

    • အသီးဖျော်ရည်

    တိုက်လို့မရတာတော့ မဟုတ်ပေမယ့် မကြာခဏ သို့မဟုတ်နေ့တိုင်းတော့ တိုက်ကျွေးလို့မသင့်ပါဘူး။ တစ်နေ့တာမှာ အသီးအနှံကျွေးသင့်တယ်ဆိုပေမယ့် ပမာဏကို မလွန်ကဲပါစေနဲ့။ ဖျော်ရည်တွေထဲကို သကြားတွေ အလွန်အကျွံမထည့်ပါနဲ့။

    ပြုပြင်စီမံထားတဲ့အစားအသောက်

    ဓာတုပစ္စည်းတွေ၊  အရသာတု၊ အနံ့တု၊ အရောင်တုတွေ ပါဝင်တတ်တဲ့အပြင် တာရှည်ခံအောင်ပြုပြင်စီမံထားတဲ့ အစားအသောက်တွေ ကလေးတွေကို မကျွေးပါနဲ့။ အသင့်စား အစားအစာတွေလည်းရှောင်သင့်တဲ့အထဲမှာပါပါတယ်။

    အချိုများတဲ့အရာ

    သကြားလုံး၊ အချိုရည်၊ အချိုများတဲ့မုန့်တွေက အများကြီးစားလို့မသင့်တော်ပါဘူး။ သွားပိုးစားမယ်၊ အဝလွန်မယ့်အန္တရာယ်တွေ ရှိသလို ချောင်းဆိုးရင်ကျပ်ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် ပိုဆိုးတာက အမျိုးအစား ၂ ဆီးချိုသွေးချိုဖြစ်နိုင်တဲ့အန္တရာယ်လည်း များစေပါလိမ့်မယ်။

    အကင်

    အသားကင်တွေ၊ ရယ်ဒီမိတ်အသားလုံးတွေမှာ နိုက်ထရိတ်ပါဝင်မှုမြင့်မားလို့ ကင်ဆာအန္တရာယ် စိုးရိမ်ရပါတယ်။ အသားချောင်း၊ ဝက်/ကြက်အူချောင်းတွေမှာ ဆိုဒီယမ်နဲ့ တိရစ္ဆာန်အဆီတွေ ပါဝင်မှုလည်းများတာကြောင့် ကလေးအတွက် အာဟာရကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။

    အချဉ်ဆော့စ်

    အရောင်အသွေးနီနီနဲ့ဖျော်စပ်ထားတဲ့အချဉ်ရည်တွေနဲ့တို့စားရတာ နှစ်သက်လွန်းတဲ့ကလေးတွေရှိပါတယ်။ တုတ်ထိုး၊ အကင်၊ ကြက်ကြော် စတဲ့စားစရာတွေကို အချဉ်ရည်လေး၊ ဆော့စ်လေးနဲ့မှ ကြိုက်ကြတာ။ တစ်ခါတလေးစားတာထက်ကျော်လွန်ပြီး မကြာခဏစားခွင့်ပေးထားတယ်ဆိုရင် အချဉ်ရည်တွေမှာပါတဲ့ အရောင်ဆိုးဆေးတွေ၊ တာရှည်ခံပစ္စည်းတွေလို ပါဝင်ပစ္စည်းတချို့က ကလေးတွေအတွက် မသင့်တော်ပါဘူး။

    ဓာတ်မတည့် အစားအစာ

    ကလေးတွေအတွက် ဓါတ်မတည့်မှုဖြစ်နိုင်တဲ့ စားစရာတွေအများကြီးရှိပါတယ်။ ဥပမာ- ကြက်ဥ၊မြေပဲ၊ ဂျုံ၊ အချဉ်သီးတချို့၊ ပင်လယ်စာ၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး။

    ကလေးကို အစားအစာတွေ မိတ်ဆက်ကျွေးပြီဆိုရင် သူ့မှာဓာတ်မတည့်တဲ့စားစရာတွေရှိနေသလားဆိုတာ သတိထားမှတ်သားပါ။ပြီးရင် ကလေးနဲ့ဓာတ်မတည့်တဲ့စားစရာတွေကို မပါအောင် သတိထားကျွေးပါ။

    ဂက်စ်ပါတဲ့အချိုရည်

    ဂက်စ်ပါတဲ့အချိုရည်တွေ၊ အချိုပြင်းတဲ့အချိုရည်တွေက အဝလွန်ခြင်း၊ အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေများစေတဲ့အပြင် ကလေးတွေမှာ စိတ်ဆတ်ရန်လိုတဲ့အပြုအမူတွေဖြစ်လာတာနဲ့ဆက်နွှယ်နေတယ်လို့လေ့လာမှုတွေကဖော်ပြကြပါတယ်။ ကယ်လိုရီနဲ့ အာဟာရဓာတ်ကင်းမဲ့တဲ့ ဒီအချိုရည်တွေက ကလေးရဲ့နုနယ်တဲ့ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေတာပဲ ရှိပါလိမ့်မယ်။ ဒီလိုအချိုရည် တစ်ပုလင်းလောက်မှာ သကြား ၆၀ ဂရမ်လောက်ပါဝင်တတ်တာမို့ ကလေးရဲ့တစ်နေ့တာမှာ ရရှိသင့်တဲ့ ပမာဏထက်လေးဆကျော် ပိုများနေနိုင်ပါတယ်။

    အစေ့အဆန်

    နေကြာစေ့၊ ကွာစေ့တို့လို အစေ့အဆန်တွေ ကလေးကိုမခွံ့ပါနဲ့။ ဖရဲသီး၊ လိုင်ချီးသီး၊ ကျွဲကောသီးတို့ကိုကျွေးရင် အစေ့ကို သတိထားဖယ်ပါ။ အစေ့တွေ၊ အစေ့အဆန်တွေက ကလေးရဲ့အသက်ရှူလမ်းကြောင်းမှာ တစ်ဆို့သွားရင်ပြဿနာရှိနိုင်ပါတယ်။

    ဒီအချက်တွေကြောင့် ကလေးကို ကိုယ်စားသမျှ မကျွေးသင့်တာ ဖေဖေမေမေတို့ သိလောက်ပါတယ်နော်။

    နှစ်နှစ်အထက် ကလေးတွေကို စားသောက်ပုံအာဟာရနဲ့ပတ်သက်ပြီး အလေ့အကျင့်လုပ်ပေးပါ။

    • ထမင်းစားချိန်၊ မုန့်စားချိန်ကို သတ်မှတ်ပါ။ မိသားစုထမင်းဝိုင်းမှာ အတူစားခိုင်းပါ။
    • တစ်ခါတလေ သူ့ပန်းကန်နဲ့သူ ကိုယ်တိုင်စားခွင့်ပေးထားပါ။ပြီးမှ ကိုယ်က ခွံ့ပေါ့။ သရေစာမုန့်ဆိုလည်း သူ့လက်နဲ့ကိုယ်တိုင်စားခွင့်ပေးထားပါ။
    • စားနေတဲ့အချိန်မှာလည်း ကိုယ်က ထိုက်သင့်သလောက်ပြင်ဆင်ပေးထားပေမယ့် ဘယ်လောက်စားမလဲဆိုတာ သူကိုယ်တိုင်ဆုံးဖြတ်ပါစေ။
    • အမြဲအလိုလိုက်ထားတာထက် သတ်မှတ်ထားတဲ့အချိန်မှာ စားစေတာ၊ စနစ်တကျစည်းကမ်းပေးတာတွေကို ဒီအချိန်အတွင်းမှာတော့ လွတ်လပ်စွာကိုယ့်လက်နဲ့ကိုယ် စားခွင့်ရတာနဲ့ပဲ ကလေးက စိတ်ကျေနပ်မှုရပြီး စည်းကမ်းသိလာပါလိမ့်မယ်။ ဒါ ထမင်းစားချိန်၊ ဒါမုန့်စားချိန်လို့ သူခွဲသိလာမယ်။

    စိတ်အလိုလိုက်ပြီး လျှောက်စားတတ်တဲ့ အကျင့်ကို မရပါစေနဲ့

    ဟိုဟာစားမယ်၊ ဒီဟာစားမယ် ပူဆာ၊ တောင့်တပြီးရင် မစားတော့ဘူး၊ နောက်တစ်မျိုးပြောင်းတာတွေက ကလေးသဘာဝပါပဲ။ ဒါပေမယ့် စိတ်ခံစားချက်အတိုင်း အပျံ့အနှံ့လျှောက်စားနေမယ်ဆိုရင် ဘာအာဟာရမှလည်း မည်မည်ရရ မရလိုက်ဘဲနေပါလိမ့်မယ်။ လမ်းလျှောက်တတ်စအရွယ်ဆိုတာ ဘာမဆိုကိုယ်တိုင်လုပ်ကြည့်ချင်နေတဲ့ လူဖြစ်ကာစအချိန်မို့ လိုအင်ဆန္ဒက အတောမသတ်ဘဲ လိုတာမရတဲ့အခါလည်း ဝမ်းနည်းလွယ်ပါတယ်။ ငိုတိုင်း အစားနဲ့မချော့ပါနဲ့။ တခြားနည်းလမ်းနဲ့အာရုံပြောင်းဆွဲဆောင်ပါ၊ ဂရုစိုက်ပေးပါ။ ဒါဆိုလုံလောက်ပါပြီနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement