backup og meta

ပြောစကားနားမထောင်တဲ့ကလေး မေမေရိုက်မှာတဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြောစကားနားမထောင်တဲ့ကလေး မေမေရိုက်မှာတဲ့လား

    ကလေး ဆိုတဲ့အမျိုးက မလုပ်နဲ့ဆို လုပ်ကြည့်ချင်တယ်၊ တား‌လေ လုပ်လေ၊ စူးစမ်းလေပါပဲ။ ကလေးကို မလုပ်ရဘူး၊ မသွားရဘူး ဆိုတဲ့ တားမြစ်ချက်တွေထုတ်ဖို့၊ ကလေးကြောက်စေမယ့်နည်းတွေကို အရင်စဉ်းစားကြတယ်မဟုတ်လား။ ပြောနေရင် နားထောင်နော်၊ ပြောမရရင် ဒီမှာ တုတ်‌ တွေ့လား၊ ပြောစကားနားမထောင်တဲ့ကလေး မေမေရိုက်မှာနော် ဆိုတဲ့ ခြိမ်းခြောက်မှုတွေက တကယ်ရော အသုံးဝင်ရဲ့လား။

    ပြောစကားနားမထောင်တဲ့ကလေး ကို ရိုက်ဆုံးမလိုက်ရင် လိမ္မာသွားမှာလား

    ကလေးတစ်ယောက်ဟာ အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊ နားလည်မှတ်သားနိုင်စွမ်းနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ရိုက်ဆုံးမခြင်းကို အန္တရာယ်တစ်ခုအနေနဲ့ ကလေးက သိရှိလက်ခံလိုက်ပြီး ချက်ချင်းတုံ့ပြန်လာပါတယ်။ အကြောက်တရားနဲ့ ထိန်းချုပ်တဲ့နည်းက ရေရှည်အတွက် မထိရောက်နိုင်သလို ဖွံ့ဖြိုးသွက်လက်မှုမှာ ထိခိုက်စေနိုင်ပါတယ်။

    ပြောစကားနားမထောင်လို့ ကလေးကို မရိုက်သင့်တဲ့အကြောင်းရင်းက

    • လူကြီးပြောတိုင်း နားထောင်ခိုင်းတဲ့အကျင့်ကို ဖြစ်စေပါတယ်။

    ကလေးရဲ့အတွေးနဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောရဲအောင် လေ့ကျင့်ပေးပါ။ လူကြီးစကားနားထောင်ရမယ်ဆိုတဲ့ အမိန့်သဘောထက် ဒါ့ကြောင့်၊ ဒါ့ကြောင့် ဒီလိုနေသင့်တာ ဆိုတဲ့ အကျိုးအကြောင်းလေးတွေ ရှင်းပြနားသွင်းတာ ပိုကောင်းပါတယ်။ အပြုသဘော နည်းလမ်းလေးတွေသုံးပြီး ကလေးကိုယ်တိုင် လက်ခံလိုက်နာတဲ့အထိ စည်းရုံးဖို့က မိဘရဲ့အပိုင်းပါ။

    မိဘတွေက ကလေးတွေထက် လူကောင်ပိုကြီး၊ အားပိုကြီးကြပါတယ်။ ကလေးတွေထက် ပိုသိတယ်၊ ဦးနှောက်ဉာဏ်ရည်ပိုသာသလို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းလည်း ပိုကောင်းပါတယ်။ ဒီလိုမိဘတွေက ကလေးတွေကို အလွယ်တကူရိုက်မယ်ဆိုရင် အားနည်းသူကို ရိုက်တာက မှန်တယ်၊ အနိုင်ရနိုင်တယ်လို့ မှတ်ယူသွားစေနိုင်ပါတယ်။

    • အကြမ်းဖက်တဲ့နည်းကို ခုတည်းက သင်မပေးသင့်ပါဘူး။

    အရိုက်ခံရတဲ့ကလေးတွေက အကြမ်းနည်းသုံးရင် ဘဝရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ထင်လာတတ်ပါတယ်။ ငါမကြိုက်တာမလုပ်နဲ့၊ လုပ်ရင်ရိုက်မယ် ဆိုတဲ့ပုံစံက ကလေးကိုယ်တိုင်က အနိုင်ကျင့်ဗိုလ်ကျတဲ့စိတ်အတွေးကို ဆက်ခံရယူသွားနိုင်ပါတယ်။

    ကိုယ့်ကိုကာကွယ်ပေးမယ်လို့ ထင်ထားတဲ့သူတွေက ရိုက်တာခံရတဲ့ကလေးတွေဟာ “ ငါဘာများ ဖြစ်နေပြီလဲ၊ အချစ်မခံရတော့ဘူးလား” စတဲ့အတွေးတွေနဲ့ ယုံကြည်မှုပျောက်လာနိုင်ပါတယ်။

    သုတေသနအသစ်တစ်ခုအရ အရွယ်ရောက်ပြီးသူတွေမှာ တွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ ငယ်ဘဝက စည်းကမ်းသွင်းခံရတဲ့ ဖြစ်ရပ်တွေနဲ့ သက်ဆိုင်နေတယ်လို့ သိရပါတယ်။ ကလေးကို ရိုက်မိတဲ့အချိန်မှာ မိဘတွေက ရေရှည်စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်ပါစေတော့လို့ ရည်ရွယ်မယ်မထင်ပါဘူး။ ဒါပေမယ့် သတိထားသင့်တဲ့ အချက်ပါ။

    ပြောစကားနားမထောင်တဲ့ကလေး မေမေရိုက်မှာတဲ့လား

    • မိဘနဲ့ သားသမီး ဆက်ဆံရေးနဲ့ ယုံကြည်မှု ထိခိုက်စေမယ်

    ကိုယ်ငယ်ငယ်က အရိုက်ခံရတဲ့အခါမျိုးကို မှတ်မိလား။ ငါ့မိဘက ငါ့ကိုချစ်လွန်းလို့ရိုက်ခဲ့တာပဲလို့ တွေးခဲ့မိပါ့မလား။ မတွေးနိုင်လောက်ပါဘူး။ ကလေးအနေနဲ့ကတော့ ငါ့ကိုမချစ်တော့ဘူးလို့ တွေးမိမှာပါ။ ရိုက်ဆုံးမခြင်းက ကလေးနဲ့ သင့်ကြားက ရင်းနှီးမှု၊ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။

    • ကြောက်နေတဲ့အချိန်မှာ ဘယ်သူမှ မမှတ်သားနိုင်ပါဘူး

    ကြောက်စိတ်ဝင်နေတဲ့အချိန်မှာ သင်ယူမှတ်သားနိုင်ဖို့က မဖြစ်နိုင်ပါဘူးလို့ သုတေသနတွေက ထောက်ပြပါတယ်။ ကလေးကို ဒါလုပ်ဦးမလား၊ နောက်တစ်ခါဆိုးဦးမလားဆိုပြီး ရိုက်ဆုံးမတာက မှတ်မသွားစေနိုင်ဘဲ အကျိုးမထူးနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ကလေးကို မှတ်မှတ်သားသားဖြစ်စေချင်တယ်ဆိုရင် ကြောက်စိတ်တိုးလာဖို့ထက် ကြောက်စိတ်လျော့အောင်အရင်လုပ်ပါ။

    • ရိုက်တတ်တဲ့ မိဘတွေကို ကလေးတွေက လိမ်ပြောတတ်၊ ရှောင်ပြေးတတ်လာတယ်

    ရိုက်ဆုံးမခြင်းရဲ့ရလဒ်ကတော့ ရိုက်တတ်တဲ့အဖေ သို့မဟုတ် အမေ မရှိတဲ့အခါ ကလေးကို တားမရ၊ ပြောစကားနားမထောင်တာဖြစ်တတ်ပါတယ်။ ဒီလိုနေလို့ရတာ သိလာတဲ့ကလေးက ရိုက်တတ်တဲ့ အဖေ သို့မဟုတ် အမေရဲ့ မျက်စိရှေ့မှာနေဖို့ ရှောင်တတ်လာပါတယ်။

  • ကလေးချင်း ရန်လိုလာတယ်
  • ကိုယ်ထိလက်ရောက်ဆုံးမတဲ့နည်းက ကလေးတွေကြားမှာ စံနမူနာတစ်ခုဖြစ်လာနိုင်ပါတယ်။ ကလေးတွေဟာ သူတို့အပြစ်လုပ်လို့ ဆုံးမခံရတဲ့ ပြစ်ဒဏ်အနေနဲ့ အရိုက်ခံရတဲ့အဖြစ်ကြောင့် ကျောင်းတွေမှာ အချင်းချင်းရန်လိုတတ်လာတယ်လို့ American Academy of Pediatrics ကပြောပါတယ်။

    ပြောစကားနားမထောင်တဲ့ကလေး မေမေရိုက်မှာတဲ့လား
     

    ကိုယ်ထိလက်ရောက်ပြစ်ဒဏ်ပေးခံရတဲ့အခါ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိနိုင်တယ်လို့ သိရပါတယ်။ ရိုက်ခံရရင် ကလေးရဲ့ဦးနှောက်မှာ သင်ယူလေ့လာနိုင်စွမ်းအတွက် အရေးပါတဲ့ grey matter အပိုင်းကို ဆုတ်ယုတ်စေတယ်လို့ သုတေသနက ဆိုပါတယ်။

    ရိုက်ခံရမှာ ကြောက်တဲ့ကလေး၊ ရိုက်နှက်ဆုံးမခံရတဲ့ ကလေးတွေမှာ စိတ်ခံစားချက်ပိုင်းမှာလည်း ထိခိုက်စေပါတယ်။ နှုတ်နဲ့ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ ကြမ်းကြမ်းဆက်ဆံခံရတဲ့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေပိုရှိနေတတ်ပြီး အရွယ်ရောက်လာတဲ့အခါ ပေါင်းသင်းဆက်ဆံရေး အရည်အချင်းတွေကျဆင်းတာ။ ပူပန်စိတ်နဲ့ စိတ်ကျရောဂါတွေဖြစ်လာစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement