backup og meta

ကျောင်းမတက်ချင်လို့ ငိုနေတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျမလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းမတက်ချင်လို့ ငိုနေတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျမလဲ!

    ကျောင်းတက်ရတာကို ကလေးတိုင်းကတော့ မပျော်ကြပါဘူး။ ကျောင်းတက်ရတာကိုက အတော်လေး စိတ်ပျက်စရာကောင်းပြီး ကြီးမားတဲ့ အခက်အခဲ တစ်ခုလို့ ယူဆနေတဲ့ ကလေးတွေက အများကြီး ရှိနေပါတယ်။ အထူးသဖြင့် မူကြိုအရွယ်လေးတွေနဲ့ မူလတန်း အရွယ်လေးတွေမှာပေါ့။ အချို့ဆိုရင် အသက်ရလို့ အလယ်တန်းအရွယ်လောက်ဖြစ်နေတာတောင် ကျောင်းတက်မပျော်ကြတဲ့ သားသားမီးမီးတွေက အများကြီးပါ။ ဒီလို ကျောင်းတက်ရတာ မပျော်ဖြစ်ပြီး ကျောင်းသွားခါနီးတိုင်း ကလေးက ငိုနေတာ မှိုင်နေတာတွေက မေမေအတွက်ရော ဖေဖေ့အတွက်ပါ အတော်လေး ခက်ခဲပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကျောင်းမတက်ချင်လို့ ငိုနေတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျမလဲ! ဆိုတာကို ပြောပြပေးလိုက်ပါတယ်။

    ကျောင်းပျင်းတာ ကလေးအပြစ်လား!

    မေမေဖေဖေတို့က ဘယ်လို မြင်လဲ မသိပေမယ့် ကျောင်းပျင်းတာကို ကလေးအပြစ်လို့တော့ ကျွန်မက မမြင်မိပါဘူး။  သားသားမီးမီးတွေက မွေးစကနေ အရင်ကဆို ၄ နှစ် ကျော်ကျော်လောက်အထိ အခုနောက်ပိုင်းမှာတော့ ၂ နှစ်ကျော် ၃ နှစ်လောက်အထိ အိမ်မှာပဲ အချိန်တွေကို ကုန်ဆုံးနေကြတာလေ။ အိမ်က သူတို့လေးတွေအတွက် သက်သောင့်သက်သာ အဖြစ်ဆုံးနဲ့ အလုံခြုံဆုံးလို့ ခံစားရသလို စိတ်တိုင်းကျ ဝုန်းဒိုင်းကြဲပြီး ကစားလို့ ရတဲ့ ကစားကွင်းလေးလည်း ဖြစ်တာကြောင့် အိမ်ကို ခွဲခွာပြီး ကျောင်းသွားရတာကို မနှစ်သက်တာ ပျင်းတာက သူတို့လေးတွေရဲ့ အပြစ်တော့ မဟုတ်ဘူးပေါ့။ လူကြီးတွေ ဖြစ်နေကြတဲ့ ကိုယ်တွေတောင် တစ်ခါတလေ ရုံးပျင်းသေးတယ်ဆိုတော့ ကျောင်းပျင်းတာက ကလေးတွေရဲ့ အပြစ်တော့ မဟုတ်ပေဘူးပေါ့။

    နောက်တစ်ခုက ကလေးငယ်တွေမှာ separation anxiety လို့ခေါ်တဲ့ ကိုယ်နဲ့ ရင်းနှီးချစ်ခင်တဲ့သူတွေကို မမြင်ရရင် စိုးရိမ်ပူပန်များတာလည်း ရှိတတ်တော့ သူမသိတဲ့ သူတွေရှိတဲ့ ကျောင်းကို မသွားချင်တာ ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

    ကလေးက ကျောင်းမသွားချင်ကြောင်း ဘယ်လိုတွေ သိနိုင်မလဲ!

    ကလေးက ကျောင်းမသွားချင်ဘူးဆိုတာကို အခုလို အပြုအမူလေးတွေကနေတဆင့် သိနိုင်ပါတယ်။ ကျောင်းပို့မယ် လုပ်တဲ့အခါ ကလေးက – 

    • ငိုမယ်
    • အိမ်က အခြားသူတွေကို ကျောင်းမပို့ဖို့ အော်ဟစ် အကူအညီတောင်းမယ်
    • တစ်နေရာထဲမှာ ပေရပ်နေမယ်
    • ကျောင်းမသွားလို့ မရဘူးလားဆိုပြီး တောင်းဆိုတာမျိုး  လုပ်မယ်
    • ဘယ်နားက နာလို့၊ ဖျားနေတယ်ဆိုတာမျိုး ဆင်ခြေ ပြမယ်
    • အိမ်မှာပဲနေချင်တယ်ဆိုပြီး ပြောမယ်
    • ကလေးက ကျောင်းချိန်ရောက်တဲ့အထိ မထဘဲ အိပ်နေတာမျိုး  လုပ်မယ်
    • မေမေချီပို့မှ ဖေဖေချီပို့မှ ဆိုတာမျိုး မဖြစ်နိုင်တာကို တောင်းဆိုမယ်
    • ဗိုက်နာလို့ အိမ်ပြန်ပြီး အိမ်သာသွားမှ ရမယ်ဆိုတာမျိုး ပြောမယ်
    • ခေါင်းမူးတယ်၊ အိပ်ပဲ အိပ်ချင်တယ်ဆိုတာမျိုးတွေ ပြောတာမျိုးတွေပါ။ 

    ကျောင်းပျင်းတာကို အများဆုံး တွေ့ရနိုင်တဲ့ အသက် အပိုင်းအခြားကတော့ အသက် ၃ – ၄ နှစ် ကနေ ၁၁ နှစ်လောက်အတွင်းပါ။ 

    ကျောင်းမတက်ချင်လို့ ငိုနေတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျမလဲ!

    ကျောင်းမတက်ချင်လို့ ငိုနေတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျမလဲ! ဆိုတော့ မေမေဖေဖေတို့ရော ကျောင်းမသွားချင်လို့ ငိုနေတဲ့ သားသားမီးမီးတို့ပါ အဆင်ပြေစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။ 

    ကလေး ကျောင်းမသွားချင်ရတဲ့ အကြောင်းအရင်းကို မေးပါ

    ကလေးက ကျောင်းက မလုံခြုံဘူးလို့ ခံစားရတာမျိုး၊ သူငယ်ချင်းထဲမှာ အနိုင်ကျင့်တဲ့ သူငယ်ချင်း ရှိနေတာမျိုး၊ ဆရာမက ရိုက်တာမျိုး ရှိတာကြောင့် ကျောင်းမသွားချင်တာမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် ကလေး ကျောင်းမှာ ရင်ဆိုင်နေရတဲ့ အဆင်မပြေတဲ့ အခြေအနေကို ဖြေရှင်း ပေးနိုင်ဖို့ ကလေးက ဘာကြောင့် ကျောင်းမသွားချင်ရတာလဲ ဆိုတာကို သေချာလေး အေးအေးဆေးဆေး မေးမြန်းပါ။

    ကလေးကို နားလည်အောင် ရှင်းပြပါ

    ကလေးကို ကျောင်းသွားရတာက သူ့အတွက် ခက်ခဲတယ်ဆိုပေမယ့် ကျောင်းတက်မှ စာလုံးလေးတွေကို သိလာမယ်။ အနီးဝန်းကျင်က အရာလေးတွေကို ဘယ်လို ခေါ်လဲဆိုတာတွေကို သိလာမယ်။ သူငယ်ချင်းတွေ ရလာမယ် စသဖြင့် ကလေးကို ရှင်းပြပါ။ 

    ထမင်းဘူးလေးကို သေချာ​ ပြင်ဆင်ပေးပါ

    ကလေးကို ထမင်းဘူးလေးကို သူကြိုက်တတ်တဲ့ ဟင်းလေးတွေ ပြင်ဆင်ပေးထားကြောင်း အသိပေးရင်း ကျောင်းသွားချင်အောင် စည်းရုံးပါ။ ကျောင်းကပြန်လာရင်လည်း ကျောင်းတက်တဲ့အတွက် ဆုချတဲ့ အနေနဲ့ ဘယ်လိုလေးတွေ ပြင်ဆင်ပေးမယ်ဆိုတာမျိုးလေးကို သေချာရှင်းပြရင်း ကျောင်းသွားချိန် ငိုတာကို ရှောင်ဖို့ လုပ်ပါ။

    ကျောင်းက ပြန်လာချိန်မှာ ကလေးကို ချီးကျူးဖို့ မမေ့ပါနဲ့

    ကလေးက ကျောင်းသွားရတာ ပျော်လာပြီး သူ့ကိုယ်သူ ယုံကြည်မှု တိုးလာစေဖို့အတွက် ကလေးကို ကျောင်းက ပြန်ရောက်တိုင်းမှာ သားသားက တော်လိုက်တာ မီးမီးက လိမ္မာလိုက်တာ ကျောင်းသွားတယ်။ တစ်နေ့တာ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ကောင်းကောင်းဆော့တယ်၊ မန်းမန်းတွေလည်း ကုန်အောင် စားတယ်လို့ ဆရာမကလည်း ပြောတယ်။ မေမေ့ ကလေးလေးက တော်လိုက်တာ စသဖြင့် ချီးကျူးပေးပါ။

    ဒီလို ချီးကျူးပေးတာက ကလေးကို ကျောင်းတက်ဖို့ စိတ်အားထက်သန်စေမှာပါ။ 

    ကလေးကို ကျောင်းမနောက်ကျအောင် ဂရုစိုက်ပါ

    ကလေးက တစ်ခါတလေမှာ ကျောင်းမသွားချင်တာက ကျောင်းနောက်ကျမှ သွားရလို့၊ ပြန်လာကြိုချိန် မေမေက နောက်ကျလို့ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ကျောင်းပို့ချိန်ကိုလည်း အချိန်မီ ပို့ပေးပြီး ပြန်ကြိုချိန်မှာလည်း နောက်မကျဖို့ ဂရုစိုက်ပေးပါ။ ကျောင်းကြိုနောက်ကျတာကလည်း ကလေးကို ကျောင်းမတက်ချင်အောင် ဖြစ်စေနိုင်ပါတယ်။

    ကလေးက ကျောင်းမသွားချင်လို့ အချိန်ဆွဲတာမျိုးကို  ခွင့်မပြုမိပါစေနဲ့

    ကလေးတွေက တစ်ခါတလေ ကျောင်းမသွားချင်တဲ့အခါ အိပ်ရာထဲက မထတာ၊ ရေမချိုးချင်ဘူးဆိုပြီး ပတ်ပြေးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီအခြေအနေမှာ မေမေတို့ အနေနဲ့ ကလေးကို ဆူတာမျိုးလည်း မဟုတ် ခြိမ်းခြောက်တာမျိုးလည်း မဖြစ်စေဘဲ ကလေးကို မနက် ၇ နာရီ ထိုးပြီ အိပ်ရာ ထချိန်ရောက်​ပြီ  အိပ်ရာက ထတော့။ ပြီးရင် ရေချိုးရမယ်။ မနက်စာ စားရမယ် စသဖြင့် ကလေးကို အချိန်ဇယားအတိုင်း လုပ်ပေးပါ။

    ကလေးကို တာတာ့ ပြောဖို့ မမေ့ပါနဲ့

    ကလေးကို ကျောင်းပို့တဲ့အခါ ကလေး ကျောင်းရောက်သွားပြီဆိုရင် ဒီအတိုင်း ထားခဲ့တာမျိုး မလုပ်ဘဲ ကလေးကို တာ့တာ ညနေ လာကြိုမယ်နော် စသဖြင့် နွေးထွေးစွာနဲ့ ပြောဆိုနှုတ်ဆက်ပါ။ ကလေးကို ချစ်ကြောင်း ပြသပေးပါ။ ဒီလို လုပ်ပေးတာက ကလေး ကျောင်းပျင်းချင်စိတ်ကို တစ်ဖက်တစ်လမ်းက လျှော့ပေးလိုက်တာပါပဲ။ 

    ငယ်စဉ်အချိန်မှာ တူတူရေဝါး ဆော့ပေးပါ။

    ကလေးတွေ ကျောင်းမှာ မပျော်တာ သူချစ်ရတဲ့သူတွေက သူ့ကို ကျောင်းမှာထားပြီး ပျောက်သွားပြီ။ ပြန်မတွေ့ရတော့ဘူးလို့ ခံစားရတာကြောင့်ပါ။ ဒီအတွက် ငယ်စဉ်ကာလ အသက်  ၆လကနေ ၉လ(တချို့ကလေးတွေဆို ၄လ) လောက်ကစပြီး တူတူရေဝါး ဆော့ပေးဖို့ လိုပါတယ်။ ဒါက object permanence ဖြစ်တဲ့ ပျောက်သွားတဲ့အရာက ပြန်ပေါ်လာနိုင်တယ်ဆိုတဲ့ conceptကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။

    ဒီနည်းလမ်းလေးတွေနဲ့ ကလေးကို ကျောင်းတက်ချင်စိတ် ဖြစ်လာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။

    # အမှာစကား

    ကလေးတွေက ကျောင်းနေပျော်စေဖို့ မေမေတို့ဘက်က ဂရုစိုက်ပေးဖို့ အရေးကြီးသလို ဆရာမနဲ့လည်း ကလေးရဲ့ အခြေအနေကို မပြတ်တမ်း မေးမြန်းဆွေးနွေးမှုတွေ လုပ်ပါ။ ကလေးကို ကျောင်းမတက်ရင် ဘာဖြစ်မယ်၊ ဘာကောင်ကြီး ကိုက်လိမ့်မယ် ဆိုတာမျိုးတွေနဲ့ ကြောက်အောင် ခြိမ်းခြောက်တာမျိုး မလုပ်မိပါစေနဲ့။ ကျောင်းတက် မပျော်တာမျိုးကို ဖြစ်စေရတဲ့ အကြောင်းအရင်း အခက်အခဲလေးကို မေးပြီး အတူတူ ဖြေရှင်းပေးတာမျိုး လုပ်ပေးပါ။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement