backup og meta

ကိုယ့်ရဲ့ကလေးကို အချိုလျှော့စားအောင် ဘယ်လိုကူညီမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ရဲ့ကလေးကို အချိုလျှော့စားအောင် ဘယ်လိုကူညီမလဲ

    ကလေးတွေအတွက်တော့ အချိုကြိုက်တာဟာ သဘာဝဖြစ်စဉ်ပေမယ့် မိဘတွေအတွက်တော့ အမြဲ စိုးရိမ်စရာ ကိစ္စတစ်ခုလို ဖြစ်နေတတ်ပါတယ်။ အချိုဓာတ်ကြောင့် ကိုယ့်ရဲ့ ကလေးကျန်းမာရေး ထိခိုက်လာနိုင်လား၊ ကလေးက အချိုတွေ အရမ်းစားနေလား၊ အချိုစားလွန်းတဲ့ ကလေးတွေဟာ သွားနဲ့ ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိလာနိုင်လား၊ ကလေးကို တစ်နေ့ကို အချိုဘယ်လောက်နှုန်းကျွေးသင့်လဲ အစရှိသဖြင့် မိဘတွေကြားမှာ အမြဲ မေးခွန်းထုတ်နေရတဲ့ ပြဿနာကြီး တစ်ခုလိုပါပဲ။

    ကလေးတွေရဲ့ အချိုကြိုက်တဲ့ သဘာဝ

    ကလေးအများစုက အချိုကြိုက်တာ သဘာဝပါ။ ကျန်းမာရေးအတွက် အာဟာရဓာတ် မယ်မယ်ရရ မပေးစွမ်းနိုင်ပေမယ့် ကလေးတွေရဲ့ လျှာက အချိုတွေ၊ အဆီပါဝင်မှုများတဲ့ အစားအစာတွေကို တောင့်တတတ်တာ သဘာဝပါ။ ဒီအမူအကျင့်ကို အတင်းဖျောက်ဖျက်ဖို့ ကြိုးစားတာထက်စာရင် နေ့စဉ် နည်းနည်းစီ ကျွေးပေးတာက ကလေးတွေ အချို အလွန်အကျွံစားတဲ့ ပြဿနာကို ကောင်းကောင်း ထိန်းညှိပေးနိုင်ပါတယ်။

    မိဘတွေနဲ့ အချိုပြဿနာ

    အချိုဓာတ်ဟာ အာဟာရဓာတ်လည်း လုံလုံလောက်လောက် မပေးစွမ်းနိုင်တဲ့အပြင် အလွန်အကျွံစားရင် ကိုယ်ခန္ဓာနဲ့ သွားကျန်းမာရေးကို ထိခိုက်စေတာ၊ စားသောက်နေထိုင်မှုပုံစံကို ပျက်စီးစေတတ်တာကို မိဘတွေက နားလည်ထားပေမယ့် ကလေးတွေအတွက်တော့ သိမှာ မဟုတ်ပါဘူး။

    တချို့မိဘတွေက ကလေးတွေကို အချိုလုံးဝမစားဖို့ ပိတ်ပင်တားမြစ်တယ်။ မစားနဲ့လို့ ပြောရင် ပိုစားချင်လာတာ ကလေးတွေရဲ့ အကျင့်ပါ။ လုံးဝမစားရဘူးလို့ တားမြစ်ထားလေ သူတို့တွေက မရ ရအောင် ခိုးစားမှာပါ။ ဒီတော့ ပြဿနာဟာ နဂိုကထက် ပိုပြီးဆိုးသွားနိုင်ပါတယ်။

    တချို့မိဘတွေက ကလေးတွေ စိတ်ချမ်းသာရင်ပြီးရော ဆိုပြီး လွှတ်ပေးထားတယ်။ ဒီအခါမှာ ကလေးတွေ စိတ်တိုင်းကျ အချိုစားရတော့ ပျော်တယ်။ ကြာလာတော့ ကလေးက ကိုယ်အလေးချိန်တက်လာမယ်။ အစားရွေးလာမယ်။ သွားကို ထိခိုက်လာမယ်။ အဝလွန်လာမယ်။ ဆီးချိုရောဂါ စောစီးစွာ ဖြစ်လာနိုင်တယ်။

    ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို အချိုလျှော့စားဖို့ မိဘတွေက ဘယ်လိုနည်းလမ်းတွေနဲ့ ကူညီလို့ ရမလဲဆိုတာကို ပြောပြပေးမယ်နော်။

    ၁။ အချိုကို မျှတစွာ စားဖို့ အလေ့အကျင့်လုပ်ပေးပါ။

    အချိုမစားရဘူးနော်လို့ ပိတ်ပင်တာထက် တစ်နေ့ကို ပမာဏနည်းနည်းစီ ကျွေးလို့ ရပါတယ်။ အချိုကို နေ့စဉ် ပမာဏနည်းနည်းနဲ့ ပုံမှန်လေး စားပေးတဲ့ကလေးဟာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းသွားနိုင်သလို အချို အလွန်အမင်းစားတတ်တဲ့ အလေ့အကျင့်လည်း ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

    ၂။ ကိုယ်တိုင်လုပ်တဲ့ မုန့်တွေ ကျွေးပေးပါ။

    ပိတ်ရက်တွေမှာ အိမ်မှာ မုန့်အတူလုပ်စားကြတာဟာ မိသားစုတွေအတွက် ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ အပြင်မှာ ဝယ်လို့ရတဲ့ မုန့်တွေထက်စာရင် အိမ်မှာ ကိုယ်တိုင်လုပ်တဲ့ မုန့်တွေကို သကြားလျှော့ထည့်လို့ရတဲ့အပြင် ကိုယ့်ကလေးအတွက် အာဟာရလည်း ဖြစ်စေမယ့် ပါဝင်ပစ္စည်းတွေကို ပိုထည့်ပေးလို့ရပါတယ်။

    ၃။ သကြားပါဝင်မှုများတဲ့ အအေးတွေကို သတိထားပါ။

    စတိုးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ အအေးတွေ၊ အချိုရည်တွေမှာ သာမန်မုန့်တွေထက် သကြားပါဝင်နှုန်း ပိုများနေတတ်တာကို တွေ့ရပါတယ်။ ဒီလို အအေးတွေဟာ ကလေးတွေရဲ့ အချိုစားချင်စိတ်ကို နှိုးဆွပေးနိုင်တဲ့အရာတွေပါပဲ။ သကြားဓာတ်များတဲ့ အအေးတွေ အစား သီးနှံတွေကို သေချာကြိတ်ထားတဲ့ ဖျော်ရည်တွေ၊ သဘာဝနွားနို့ ဒါမှမဟုတ် ရေကိုပဲ အဓိက တိုက်ပေးပါ။

    ၄။ အချိုနဲ့ပတ်သက်ပြီး အထူးတလည် ဂရုစိုက်တာမျိုး မလုပ်ပါနဲ့။

    မိဘတွေက အချိုနဲ့ပတ်သက်လာရင် အရမ်း ဂရုစိုက်တတ်ကြတယ်။ ဥပမာ – ဟင်းရွက်ကို ကုန်အောင် စားပြီးရင် ဆုချတဲ့အနေနဲ့ သကြားလုံး၊ ကိတ်မုန့် စတဲ့ အချိုတွေ ကျွေးတာမျိုး၊ အကဲပိုပြီး အချိုကို လုံးဝမစားရ ဆိုပြီး အမိန့်ထုတ်ထားတာမျိုးတွေဟာ ကလေးရဲ့ အချိုစားချင်တဲ့စိတ်ကို ပိုပြီး နှိုးဆွပေးနိုင်ပါတယ်။ ဒါကြောင့် အချိုမုန့်တွေနဲ့ ပတ်သက်ပြီး အထူးတလည် ဂရုစိုက်တဲ့ပုံစံမျိုး မလုပ်ဘဲ ပုံမှန်စားနေကျ အစားအစာတစ်ခုလိုပဲ သဘောထားပေးပါ။

    ၅။ ကလေးတွေ မြင်တဲ့နေရာမှာ အချိုမုန့်တွေ မထားပါနဲ့။

    ကလေးတွေ မြင်နိုင်တဲ့နေရာ၊ အလွယ်တကူ လှမ်းယူလို့ ရတဲ့နေရာမျိုးမှာ သကြားလုံးတွေ၊ ကွတ်ကီးတွေ ထားမယ့်အစား အရောင်စုံ သစ်သီးဝလံတွေကို ပြထားတာက ကလေးတွေရဲ့ စားသောက်မှုပုံစံကို ကောင်းသော အကျိုးသက်ရောက်မှု ရှိစေပါတယ်။

    ထမင်းစားပြီးတဲ့အခါမှာလည်း သစ်သီးတွေကို သေချာပြင်ဆင်ပြီး ကလေးတွေကို ကျွေးတဲ့ အလေ့အကျင့်မျိုး လုပ်ထားသင့်ပါတယ်။

    ၆။ ကလေးတွေအတွက် စံနမူနာ ဖြစ်ပါစေ။

    အတုမြင်၊ အတတ်သင် လွယ်တဲ့ ကလေးတွေဟာ မိဘတွေရဲ့ နေထိုင်ပုံတွေကို အမြဲလေ့လာနေပြီး အတုယူတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို ကျန်းမာပြီး အာဟာရရှိစေတဲ့ အစားအစာတွေကိုပဲ စားစေချင်တယ်ဆိုရင် ကိုယ်တိုင်က စပြီး ပြောင်းလဲဖို့ အရေးကြီးပါတယ်။

    ထမင်းစားပြီး အချိုတည်းတဲ့ အမူအကျင့်တွေ၊ ရုပ်ရှင်ကြည့်ရင်း မုန့်ပဲသရေစာ စားတတ်တဲ့အကျင့်တွေ အစရှိတဲ့ မှားယွင်းနေတဲ့ စားသောက်နေထိုင်ပုံ အမူအကျင့်တွေကို မိဘတွေဘက်က အရင်ဆုံး ပြင်ဆင်သင့်ပါတယ်။

    ဘယ်လို အပြုအမူတွေကို ရှောင်ကြဉ်သင့်လဲ။

    အချိုစားတဲ့ ကလေးတွေကို အပြစ်တင်ဆူပူတာ၊ အချိုလုံးဝမစားရဘူးလို့ တားမြစ်တာမျိုး ရှောင်ကြဉ်ပေးပါ။ ကလေးတွေ အချိုစားတာ ပြဿနာ မဟုတ်ပါဘူး။ အလွန်အကျွံ မစားမိဖို့သာ အရေးကြီးတာပါ။

    ကိုယ့်ကလေးရဲ့ တစ်နေ့တာ စားသင့်တဲ့ အချိုပမာဏကိုတော့ သေချာ အကန့်အသတ်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ကလေးတွေရဲ့ စားသောက်နေထိုင်မှု ပုံစံဟာ လူကြီးတွေရဲ့ အပြုအမူပေါ်မှာ အများကြီး သက်ရောက်မှုရှိနေတာကို မမေ့သင့်ပါဘူး။ ကိုယ့်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ရရှိဖို့အတွက် အစားအသောက်ကို သေချာစီမံခန့်ခွဲပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement