backup og meta

ဆယ်ကျော်သက်အရွယ် သမီးငယ်ကို ယုံကြည်ချက်ရှိတဲ့ လေဒီလေးဖြစ်လာအောင် ဒီလိုပျိုးထောင်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်အရွယ် သမီးငယ်ကို ယုံကြည်ချက်ရှိတဲ့ လေဒီလေးဖြစ်လာအောင် ဒီလိုပျိုးထောင်ပါ

    မေမေ ဆိုတဲ့ စကားလေးနှစ်လုံးက အဓိပ္ပာယ်လေးနက်သလို မေမေတစ်ယောက် ပခုံးမှာထမ်းထားရတဲ့ တာဝန်တွေကလည်းလေးလံလွန်းပါတယ်။ မိခင်တစ်ယောက်ဖြစ်ရတာ တကယ်တော့ ခက်ခဲပင်ပန်းပါတယ်။ ကိုယ့်သားသမီးလေးတွေ အကောင်းဆုံး ကြီးပြင်းလာအောင် ပျိုးထောင်ပေးဖို့ တာဝန်အရှိဆုံးသူမို့ အရာရာကို အချိန်ပြည့်တွေးပူနေရသူဆိုလည်း မမှားပါဘူး။ ကိုးလလွယ်ဆယ်လဖွားပြီးလို့ ဝန်ပေါ့သွားပြီမထင်နဲ့။ ကောင်းမွန်စွာ အရွယ်ရောက်ကြီးပြင်းလာဖို့ အရိပ်တကြည့်ကြည့် ပျိုးထောင်ရတာက အလုပ်ခွင်ဝင်တဲ့အထိပါပဲ။ တစ်ခါတလေများ မတော်ရင် ‘မေမေရယ် သမီးကို ဘာလို့ သူများတွေလို လှလှလေးဖြစ်အောင်မွေးမထားလဲ’ ဆိုပြီး မေးခံရတာက ကြုံရနိုင်သေးတယ်နော်။

    လူဆိုတာက အရွယ်ရောက်လာလေလေ ထိတွေ့ဆက်ဆံရတဲ့ ပတ်ဝန်းကျင်နယ်ပယ်က ကျယ်လာလေလေပါ။ ဒီလိုဆက်ဆံရတဲ့ ပတ်ဝန်းကျင်ကျယ်ပြန့်လာမယ့် ကိုယ့်ရဲ့ ဆယ်ကျော်သက်သမီးလေးကို လူအများအလယ်မှာ ယုံကြည်မှုရှိတဲ့ လေဒီတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ဖို့ကရော ဘယ်သူ့မှာများတာဝန်ရှိမလဲ။ မေးနေစရာမလိုအောင် အားလုံးက တာဝန်ရှိတယ်လို့ သတ်မှတ်ထားမယ့် သူက မေမေပါ။

    သမီးလေးကို အားငယ်စိတ်ကင်းတဲ့ လေဒီလေးအဖြစ် ပျိုးထောင်ခြင်း

    သမီးမိန်းကလေး တော်တော်များများရဲ့ရှေ့ဆောင်လမ်းပြက မေမေပါ။ မေမေ့ကိုကြည့်ပြီး ကြီးပြင်းအရွယ်ရောက်လာမယ့် သမီးလေးမှာ ခန္ဓာကိုယ်ပြောင်းလဲမှုကစလို့ အစစအရာရာမှာ အကောင်းမွန်ဆုံးဖြစ်စေပြီး အားငယ်စိတ်ကင်းတဲ့ လေဒီလေးတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ဖို့ဆိုရင် ဒီအချက်တွေကို ဂရုစိုက်ဖို့လိုပါမယ်။

    သမီးလေးတွေက ၁၀ နှစ်ကျော် ၁၁ နှစ်လောက်မှာ ခန္ဓာကိုယ်က စတင်ပြောင်းလဲလာပါပြီ။ အရင်ကထက် အရပ်ရှည်လာတာ၊ ရင်သားတွေဖွံ့ဖြိုးလာတာ၊ ခန္ဓာကိုယ်အချိုးအဆစ်တွေက မိန်းကလေးတစ်ယောက်အဖြစ် စတင်ပီပြင်လာချိန်ပေါ့။ သမီးလေးတွေမှာနောက်ထပ်ကြုံရနိုင်တာတစ်ခု သမီးလေးတွေအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်တဲ့ အပျိုဖော်ဝင်တာပါ။ ဒီအရာကို အချို့ကလေးတွေဆို ကြားတောင်မကြားဖူးထားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ စိတ်အခြေအနေရော၊ ခန္ဓာကိုယ်အချိုးအဆစ်တွေပါ စတင်ပြောင်းလဲလာပြီပေါ့။

    ဒီလိုအပျိုဖော်ဝင်တဲ့ပြောင်းလဲမှုကိုတွေ့ကြုံရတဲ့ အသက်အရွယ်က တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ အချို့ ကလေးတွေက အပျိုဖော်ဝင်တာစောပေမယ့် အပျိုဖော်ဝင်တာနောက်ကျတဲ့ ကလေးတွေလည်းရှိနိုင်ပါတယ်။ ဒီအချိန်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုက သူများတွေနဲ့ ယှဉ်လိုက်ရင် ကလေးက ညှက်နေတာမျိုး၊ ပိန်ပိန်လေးဖြစ်နေတာမျိုးနဲ့ အသားအရေကအစ သူများတွေလိုမျိုး စိုစိုပြေပြေမရှိတာမျိုးတွေပါ။ ဒါ့အပြင်သူတို့လေးတွေ ထပ်ကြုံရနိုင်တဲ့ ပြဿနာကပေါင်းသင်းဆက်ဆံရေးအခြေအနေပါ။ ကလေးစိတ်ကနေ လူကြီးစိတ်ကို စပြောင်းလာပြီ။ လူကြီးတစ်ယောက်လို လူဝင်ဆံ့ချင်ပြီ ဒါပေမယ့် ခန္ဓာကိုယ်က သိပ်မထွားတော့ လူကြီးနေရာကို ပီပီပြင်ပြင်ဝင်လို့မရတာမျိုးကြုံရနိုင်ပါတယ်။

    ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ ကလေးတစ်ယောက်အတွက် စိန်ခေါ်မှုတွေကများသလို စိတ်အခြေအနေ ရုပ်အခြေအနေကအစ ပြောင်းလဲလာတဲ့ သမီးငယ်ကို ထိန်းကောင်းဖို့ ကြိုးစားရတဲ့ မေမေတစ်ယောက်အတွက်လည်း မလွယ်ပါဘူး။ ဒီအချိန်မှာ သူများနည်းတူ မဖွံ့ဖြိုးပြန်ရင်လည်း ကလေးက စိတ်ဓာတ်ကျတာမျိုးဖြစ်နိုင်ပြီးမေမေ့ကို အပြစ်မြင်တာမျိုးတောင်ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို အကောင်းဆုံးဘယ်လိုကျော်ဖြတ်မလဲဆိုတော့ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝအောင်ဖြည့်ဆည်းပေးလို့ပေါ့။

    ကလေးကို လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်မှာနေထိုင်စားသောက်မှုပုံစံကို သေချာလေးဂရုစိုက်ပေးနိုင်မှ ကလေးက အခြားကလေးတွေနဲ့ယှဉ်ရင် ညှက်နေတာမျိုးမဖြစ်မှာပါ။ အပျိုဖော်စဝင်တဲ့ သမီးလေးတွေဆိုရင် ရာသီသွေးဆင်းတာကြောင့် အာဟာရလိုအပ်ချက်က ပိုများလာမှာပါ။ ဒီလိုအချိန်မှာမေမေတစ်ယောက်အနေနဲ့ ကိုယ့်သမီးငယ်လေးမှာ ခန္ဓာကိုယ်ညှက်တာကြောင့် စိတ်ဖိစီးမှုမဖြစ်စေဖို့အတွက် နေ့စဉ်စားသုံးတဲ့အာဟာရတွေထဲမှာ ပရိုတင်း၊ သံဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝနေအောင်ဖြည့်စွမ်းပေးဖို့လိုမှာပါ။

    ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရဖြည့်တဲ့ကဏ္ဍပြီးရင်တော့ ပြောင်းလဲလာတဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ကတော့ ဒီအခြေအနေကို ကျော်ဖြတ်ခဲ့ဖူးတဲ့မေမေက ကိုယ့်အတွေ့အကြုံတွေကို ဝေမျှပေးရင်း အရင်းနှီးဆုံး ရင်ဖွင့်ဖော်ဖြစ်ပေးပါ။ ဒါမှ ကိုယ့်ရဲ့ သမီးငယ်လေးက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ယုံကြည်မှုရှိပြီး ထက်မြက်တဲ့လေဒီအဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။ သားသမီးလေးတွေကို အကောင်းဆုံးပျိုးထောင်ချင်တဲ့ ဆန္ဒလေးကိုပြည့်ဝအောင် အကောင်အထည်ဖော်နိုင်ကြပါစေ မေမေတို့ရေ………………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement